ယောင်းယောင်းတို့ နှစ်သစ် အကြံအစည် (၅) ခု အတွက် အက်ဒမင်တို့မှ အကြံပြုစာ

နှစ်သစ်မှာ ပိုလှလာချင်တဲ့သူတွေအတွက်လည်း နည်းလမ်းကောင်းလေး ညွှန်းထားပေးတယ်နော်…. 

ယေ့…ယေ့.. ၂၀၁၈ ရောက်တော့မယ်။

ယောင်းစိန်လည်း အက်ဒမင့်လိုပဲတွေးပျော်နေပြီမဟုတ်လား။ နှစ်သစ်မှာ ဘာလုပ်မယ်၊ ညာလုပ်မယ် စသဖြင့် A4 ဆယ်မျက်နှာစာလောက် အကြံအစည်ကြီးတွေလည်း ရှိနေမယ်ထင်ပါရဲ့။ ဒါပေမယ့် ဒီအကြံအစည်တွေကို အကောင်အထည်ဖော်ဖို့ဆို နည်းလမ်းကောင်းလေးတွေ၊ အကြံပြုချက်လေးတွေ မစဖို့လိုလာပြီ။ မပူပါနဲ့။ အက်ဒမင်တို့ရှိတယ်။

FHMအက်ဒမင်တို့ဟာ ပရိသတ်ယောင်းတွေဆီက နှစ်သစ်အကြံအစည်တွေကို ကွန်မန့်တွေကတစ်ဆင့် လက်ခံရရှိထားပါတယ်။ ရာပေါင်းများစွာသော ယောင်းတို့ရဲ့အကြံအစည်တွေထဲကနေ အများဆုံးတွေရတဲ့ ဘုံအကြံအစည်(၅)ခုကိုရွေးပြီး အကြံပြုချက်လေးတွေတင်ဆက်ပေးလိုက်ပြီနော်။

၁။ ပိုက်ဆံစုမယ်။

၂၀၁၇မှာတုန်းက ကုန်ပေါက်တွေ တသီတတန်းနဲ့ မွဲကိန်းဆိုက်နေတဲ့ယောင်းတို့ရေ…၂၀၁၈မှာတော့ ချွေတာတတ်မှ တော်ရာကျမယ်နော်။ အကောင်းဆုံးနည်းတစ်ခုကတော့ ဘဏ်ထဲသိမ်းလိုက်ခြင်းပါပဲ။ အငတ်ခံပြီး အကုန်စုတာတော့ ဘယ်ဟုတ်မလဲ..။ လစာရပြီဆိုတာနဲ့ သုံးပုံပုံ..တစ်ပုံကို သုံး..၊ တစ်ပုံကို မိဘကို ပေး တစ်ပုံကို ဘဏ်ထဲမှာစုတာမျိုးပေါ့။(လက်သရမ်းတတ်ရင်တော့ ATM ကတ်တွေကို အမေ့ဆီပေးပြီး ဝှက်ထားခိုင်းလိုက်:P) လစာရဲ့ သုံးပုံတစ်ပုံ စုဖို့ အဆင်မပြေဘူးဆိုရင်တောင် တစ်လကို ကိုယ့်အသုံးစရိတ်ထဲက ဆယ်ပုံပုံ တစ်ပုံလောက်တော့ စုဖြစ်အောင် စုပါ။ ကိုယ့်နေ့စဉ်ကိုလည်း မထိခိုက် မသိလိုက် မသိဘာသာနဲ့ စုဖြစ်တဲ့ ပုံစံမျိုးကို ကျင့်သုံးပါလေ။ နောက်တစ်ခု အရေးကြီးဆုံးကတော့ စာရင်းမှတ်ဖို့ပါ..။ စာရင်းမရှိ အင်းမရှိဆို ..သုံးချင်တိုင်း သုံးမိတတ်တာလေ။ ဒါကြောင့် ကိုယ်သုံးတဲ့ အသုံးစရိတ်ကို စာရင်းနဲ့ နေ့စဉ်မှတ်ထားတော့ ကိုယ့်အတွက် ချင့်ချိန်လို့ရအောင် ဘရိတ်ရှိတာပေါ့ ယောင်းတို့ရယ်။

Related Article >>> နှစ်သစ်အတွက် အလေ့အကျင့်ကောင်းလေးတွေ

၂။ FAဘဝက ကျွတ်အောင်လုပ်မယ်။

အငင်းငင်း… ဘယ်သွားသွား ဒီRS တွေ မျက်စိရှေ့က လွတ်တယ်ကိုမရှိဘူး။ စင်ဂယ်ဘဝမှာနေပျော်ပေမယ့်လည်း ဒင်းတို့တွေကိုမြင်တော့ ကိုယ်လည်း ကိုယ့်ကိုချစ်ပေးမယ့်သူတစ်ယောက်လိုချင်မိပါရဲ့ ဆိုတဲ့ယောင်းတို့အတွက် အက်ဒမင်အကြံကောင်းတစ်ခုပေးမယ်။ ချေတာတွေလျှော့လိုက်ပါ။ ယောင်းရည်းစားမရတာက ယောင်းရုပ်ရည်ကြောင့်မဟုတ်ပဲ အချေများခြင်း၊ ချေးများခြင်းကြောင့်ပါ။ လှတပတလေးနေဖို့လိုသလိုပဲ ချေတာတွေ လျှော့ဖို့အင်မတန်လိုပါတယ်။

၃။ ဝိတ်ချမယ်။

ဝိတ်ချမယ်လို့ အဲဗားတွေးပြီး အဲဗားအစားမပြတ်တာကတော့ အက်ဒမင်လည်းပါပါတယ်။ Diet လုပ်နိုင်တယ်ပဲထားဦး၊ diet လုပ်ရုံနိုင်တာနဲ့တင်မပြီးဘူး၊ ကိုယ်ကာယလေ့ကျင့်ခန်းလေး လုပ်မှပဲ လှတပတလေးဖြစ်နေမှာ။gym သွားဆော့မယ်လို့ ဆုံးဖြတ်လိုက်ရင် ဘယ်gymသွားရင်ကောင်းမလဲ၊ ဘယ်gymကကိုယ်နဲ့အဆင်ပြေနိုင်မလဲ စသဖြင့်ခေါင်းဖောက်ပြီးစဉ်းစားရပြီ။  ခက်တာက gymတွေကို ဂျင်းတွေလို ရွေးဝယ်လို့ကလည်းမရ။ တစ်လစာသွင်းပြီးမှ အဆင်မပြေရင် ပြန်ထွက်ရမှာကလည်း ဆန့်တငင်ငင်။ ဟောဒီလို…ဟောဒီလိုတွေးပူနေတဲ့ယောင်းတို့အတွက် အက်ဒမင်က mobile app လေးတစ်ခုအလင်းပြမယ်။ နာမည်ကတော့ FlexiblePass တဲ့။ ဒီ mobile app ရဲ့အသုံးဝင်ပုံကတော့ ရန်ကုန်မြို့တစ်ဝိုက်မှာရှိတဲ့ gymတွေကို ဖော်ပြမှာဖြစ်ပြီး ယောင်းနဲ့နီးမယ့်၊ အဆင်ပြေမယ့် gymမှာ တစ်ရက်တာ book လုပ်ပြီးဝင်ဆော့လို့ရတာပဲဖြစ်ပါတယ်။ တစ်ရက်တာဆိုတော့ ဈေးကလည်း ကြီးမှာမဟုတ်သလို ကိုယ်မကြိုက်ရင်လည်း တခြားနေရာမှာပြောင်းဆော့လို့ရပါတယ်။ gym တစ်ခုတည်းမဟုတ်ဘူးနော်။ ရေကူးတာ၊ လက်ဝှေ့ထိုးတာ၊ ယောဂသင်တာ အစရှိသဖြင့်လည်း ရှာလို့ရပါတယ်။ အာ…အက်ဒမင်ပြောရင် ရှုပ်သွားမယ်၊ ယောင်းတို့ကိုယ်တိုင်သာ ကလိကြည့်တော့။ ကြိုက်သွားစေရမယ်။ ကလိဖို့ဆိုရင်တော့ Android တွေအတွက်ဆို ဒီ Link မှာ ဒေါင်းလုပ်ရယူနိုင်မှာဖြစ်ပြီး IOS တွေအတွက်ကတော့ ဒီ Link မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ယောင်းတို့ရေ…

Related Article >>> ပိုမိုကောင်းမွန်တဲ့ ၂၀၁၈ ဖြစ်အောင်

၎။ အလုပ်သစ်ကောင်းကောင်းတစ်ခု ရအောင်လုပ်မယ်။

၂၀၁၇မှာတုန်းက အလုပ်မှာအဆင်မပြေ၊ သဘောမကျတာမျိုးရှိလို ထွက်စာတင်ပြီး စိတ်ပူနေတဲ့ယောင်းတို့ရေ။ ၂၀၁၈မှာတော့ ကိုယ်ကြိုက်နှစ်သက်မယ့် အလုပ်ကောင်းကောင်းတစ်ခုလိုလာပြီနော်။ ဒီတော့ စိတ်ပူနေတာထက် လိုအပ်တာတွေကို ပြင်ဆင်လိုက်ပါ။ အလုပ်ရွေးလျှောက်တာကလည်းလျှောက်ပေါ့၊ တစ်ဖက်မှာလည်း ကိုယ့်ဖက်က လိုလေသေးမရှိအောင် လေ့လာတာမျိုး၊ ပြောရရင် ဒီခေတ်မှာ ဘယ်ပညာမဆို လေ့လာရလွယ်ပါတယ်။ အင်တာနက်ကို ပါးနပ်စွာ အသုံးချပြီး လိုအပ်တာလေ့လာပါ။ အလုပ်မရဘူးလို့ ညည်းနေမယ့်အစား လေ့လာမှုပိုလုပ်ရင် အချိန်တန်တဲ့အခါ အလုပ်ကောင်းတစ်ခုရလာနိုင်သလို၊ ကိုယ်ကလည်း အဲ့ဒီ့အလုပ်ကောင်းနဲ့ထိုက်တန်တဲ့သူဖြစ်နေမှာပါ။

၅။ ခရီးတွေထွက်မယ်။

သူငယ်ချင်းတွေစုပြီး ခရီးထွက်တာက ညဥ့်သန်းခေါင်ယံမှာ နေထွက်တာနဲ့ အတူတူပါပဲ။ ဘယ်တော့မှ မဆုံလေတဲ့ဖြစ်ခြင်း။ ဒါကြောင့် ၂၀၁၈မှာ ခရီးတွေထွက်မယ်လို့ ဆုံးဖြတ်ထားတဲ့ယောင်းတို့ရေ…သူငယ်ချင်းတွေအကုန်လုံးကို အာပေါက်အောင်လိုက်စုနေမယ့်အစား ကိုယ်နဲ့အတိုင်အဖောက်ညီမယ့် သူငယ်ချင်းတစ်ယောက် နှစ်ယောက်နဲ့ပဲ ခရီးတွေစီစဉ်လိုက်ပါ။ အချိန်ဖဲ့ပြီး ခရီးထွက်ပါ။ ခရီးရဲ့အနှစ်သာရက နည်းတာမဟုတ်ပါဘူး။ အတွေ့အကြုံဗဟုသုတ စုဆောင်းမိမယ့်အပြင် စိတ်အပန်းလည်ပြေစေပါတယ်။ နောက်တစ်ခုကတော့ ခရီးထွက်မယ်ဆိုရင်တော့ ချွေချွေတာတာသုံးဖို့ကြိုးစားပါ။ ကုန်ပေါက်မထွင်ပါနဲ့။ ဒါဆိုရင်တော့ ပျော်စရာကောင်းတဲ့ခရီးလေးဖြစ်မှာပါ။

ဒါဆို ယောင်းယောင်းတို့လည်း ၂၀၁၈မှာ အကြံအစည်ကောင်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းလေးတွေရပြီထင်ပါရဲ့။ စိတ်ညစ်စရာတွေ၊ စိတ်ပျက်စရာတွေကို ၂၀၁၇ထဲမှာထည့်သိမ်းသော့ခတ်ထားပြီး သာယာလှပတဲ့အနာဂတ်တစ်ခုကို ၂၀၁၈မှာစပြီး ပုံသွင်းအကောင်အထည်ဖော်ကြပါစို့။

Christina Rosy (For Her Myanmar)

 

Christina Rosy
Christina Rosy

Editor

နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။

error: Content is protected !!