အချစ်ဦးနဲ့ လွဲခဲ့သူများအတွက်

အချစ်ဦးရယ် နဖူးမှာ လွဲစေဆိုတဲ့ စာများ ကပ်ထားသလားကွယ်။ 

အချစ်ဦး = အချစ်ဆိုတဲ့အရာကို ပထမဆုံးခံစားစေခဲ့သူ (ဝါ) ချစ်ခြင်းဖြင့် စိတ်ကူးယဉ်မှုကို ပထမဆုံး မွေးဖွားစေခဲ့သူ။

အချစ်ဦး အကြောင်းကို ပြောတဲ့အခါတိုင်း “ခဲ့သည်”ဆိုတဲ့ အတိတ်ကာလပြ ကြိယာတွေကို ရင်နာနာနဲ့ သုံးရတယ်။
သူ့ကို အရမ်းချစ်ခဲ့တယ်။ သူ့ကို မြင်ရင် ရင်တွေခုန်ခဲ့ရတယ်။
သူ့ဆီက အချစ်ကို မျှော်လင့်ခဲ့ဖူးတယ်။ မည်သို့ပင်ဆိုစေ ကိုယ့်နုလုံးသားကို ပထမဆုံးအကြိမ် လှုပ်နှိုးစေခဲ့သူမို့ ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့အမှတ်တရတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။

လူတွေမှာ အချစ်ဦးနဲ့ ပတ်သက်ပြီး ပျော်စရာ ပုံပြင်တွေရှိသလို၊ လွမ်းစရာလေးတွေလည်း ရှိကြမှာပါ။
သို့သော်လည်း ဓာတ်ပုံတွေတောင် ကြာလာရင် ဆေးပြယ်သေးတာပဲ သူလည်း ကိုယ့်ရဲ့ မှတ်ဥာဏ်ထဲမှာ တဖြည်းဖြည်း အရောင်မှိန်လာပေါ့။ မထင်မှတ်ဘဲ တိုက်ဆိုင်တဲ့ အရာတွေပေါ်လာမှ နှလုံးသား မီးမောင်းထိုးပြမှ ဦးနှောက်က သူ့ရဲ့ အမှတ်တရတွေကို အလွမ်း ပိတ်ကားပေါ်မှာ ချပြပါတော့တယ်။ အဲ့အခါကျတော့လည်း “သြော်…အချစ်ဦးရယ်” ဆိုပြီး တမ်းတမိတာပေါ့။

ငယ်ရွယ်စဉ် ရင်ခုန်တတ်ခါစအရွယ်မှာ ဖြစ်ပေါ်လာတဲ့ အချစ်မို့ ပိုပြီး ပြင်းထန်သလို၊ ထိလွယ်ရှလွယ်လည်း ရှိပါတယ်။ အဲ့အချိန်က အချစ်ဟာ နုပျိုတယ်လို့ ပြောရမယ်။ မျှော်လင့်ချက်တစ်စုံတရာမရှိဘူး မြတ်မြတ်နိုးနိုးနဲ့ သူ့ကို ချစ်တာပဲသိတယ်။ တစ်ချို့ကတော့ အချစ်ရဲ့ လောဘအရ ကိုယ်ချစ်တဲ့သူကို ရယူပိုင်ဆိုင်ချင်တာပေါ့။ တစ်ချို့ကတော့ တိတ်တိတ်လေးပဲ အဝေးကနေ ကြည့်နေခွင့်ရရုံနဲ့ ကျေနပ်ကြတယ်။ စာရေးသူကတော့ အချစ်ဦးကို အဝေးကနေ မျှော်ကြည့်ခဲ့သူပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ထုတ်မပြခဲ့သလို သူပေးတဲ့ အခွင့်အရေးတွေကိုလည်း မယူခဲ့ပါဘူး။

Related Article >>> ပထမဆုံးအသည်းကွဲပြီးနောက် သိလာတဲ့ အချက် ၇ ချက်

လူတွေဟာ အချစ်ဦးနဲ့ လွဲကြတာများပါတယ်။
အချစ်ဦးနဲ့ ရည်းစားဦး ထပ်တူဖြစ်ဖို့ မလွယ်တဲ့အရာလေ။
သူဟာ ကိုယ့်ရဲ့ ရည်းစားဦးဖြစ်နိုင်ပေမယ့် ကိုယ့်အချစ်ဦး ဟုတ်ချင်မှလည်း ဟုတ်မယ်လေ။ သူ့ဘက်ကလည်း ဒီလိုပဲပေါ့။

အချစ်ဦးနဲ့ ချစ်သူတွေမဖြစ်ခဲ့တာ ကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။  လူနှစ်ယောက် ပတ်သက်ကြပြီဆိုရင် အချစ်အပြင် မနာလိုမှုတွေ၊ ပြဿနာတွေပါ တွဲပါလာမယ်။
သူ့ရဲ့ အကြောင်းကို သေချာပေါင်းကြည့်မှ သိရမှာလေ။ ကိုယ်ချစ်ရတဲ့၊ အထင်ကြီးရတဲ့ အချစ်ဦးဟာ ကိုယ်ထင်ထားသလောက် ဖြူစင်တဲ့သူမဟုတ်တာလည်း ဖြစ်နိုင်တယ်။ လောကမှာ အပြစ်အနာအဆာမရှိတဲ့သူ မရှိဘူးလေ။ ပြဿနာတွေတက်ပြီး ကွဲကြပြဲကြတဲ့အခါ အမုန်းတွေပါလာမယ်။

ကိုယ့်ရဲ့နှလုံးသား အေးချမ်းအောင် လူတစ်ယောက်ကို သတိရတဲ့အခါ ပျော်ရွှင်စရာ အတွေးတွေနဲ့ သတိရတာကောင်းပါတယ်။ လွမ်းရဆွေးရလည်း အမုန်းမှ မဟုတ်တာလေ။ ဒါကြောင့် အချစ်ဦးကို ပိုင်ဆိုင်ခွင့်မရခဲ့တာ ကိုယ့်နှလုံးသားကို တန်ဖိုးထားလို့ပါလို့ ဖြည့်တွေးနိုင်ပါတယ်။

အချစ်ဦးနဲ့ လွဲခဲ့တဲ့ ယောင်းတို့ရေ ကိုယ့်ရဲ့ နှလုံးသားတစ်ခါးကို ဖွင့်နိုင်မယ့်သူက သူတစ်ယောက်ထဲ ရှိတာမှ မဟုတ်တာလေ။ ယောင်းတို့ရဲ့ ဖူးစာရှင် အစစ်က သီးသန့်ရှိနေမှာပါ။ အချိန်တန်လို့ မင်းသားလေးက မြင်းဖြူကြီးစီးပြီး ရောက်လာတဲ့အခါမှာသာ နှလုံးသားတံခါး ဖွင့်ပြီးကြိုလိုက်ပါ။ တွေးခေါ်တတ်တဲ့ အသက်အပိုင်းအခြားတစ်ခုလည်း ရောက်နေမှာဖြစ်လို့ ယောင်းတို့ရဲ့ အချစ်ရေးဟာ သာယာမှာ သေချာပါတယ်။

အချစ်ဦးဆိုတဲ့ သတ္တဝါကိုတော့လေ နှလုံးသားရဲ့ အမှတ်တရ ပြတိုက်မှာသာ အလွမ်းပြေ ကြည့်ဖို့ ထားလိုက်ပါတော့ရှင့်။

Stay Pretty!
Rin (For Her Myanmar)

Rin
Rin

Rinကစာရေးရတာဝါသနာပါပါတယ်။ အထူးသဖြင့် ရင်တွင်းဖြစ်တွေ ရေးရတာကို ပိုခုံမင်ပါတယ်။ ဒါကြောင့် ရင်ထဲကခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြီး ချစ်ရတဲ့ ယောင်းတို့ဆီကိုယူဆောင်ပေးတက်ပါတယ်။ Rinက အပြင်မှာစကားပြောအလွန်မြန်ပြီး စကားအရမ်းများပါတယ်။ ကာတွန်းကားမကြည့်ရရင် ထမင်းစားမဝင်တဲ့ ကလေးလူကြီးတစ်ယောက်ပါ။ A leo but sometimes a moody kitty!

error: Content is protected !!