သူတို့ဘာလို့ ဒီအသက်အရွယ်အထိ နုပျိုလှပနေရတာလဲ …

သူတို့ နုပျိုလှပနေတဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းကြည့်တဲ့အခါ…. 

မအိုသေးတဲ့သူ အပျိုလေးနဲ့တူ ဆိုတဲ့စကားလိုပါပဲ။ တစ်ချို့အမျိုးသမီးတွေဟာ အသက်အရွယ်ကြီးရင့်ချိန်တိုင်အောင် အံ့သြဖွယ်ရာ နုပျိုလှပနေဆဲပါ။ သူတို့ဒီလိုလှပနေတာ ဘုရားပေးတဲ့ ဆုလာဘ်လား။ မျိုးရိုးဗီဇကြောင့်လား။ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က သူတို့ရုပ်ရည်နုပျိုအောင် အားထုတ်ခဲ့ကြလို့လား။ အားထုတ်ခဲ့တယ်ဆိုရင်တောင် ခေတ်မီနည်းပညာတွေ၊ ဆေးဝါးတွေ အကူအညီယူပြီး နုပျိုအောင်ဖန်တီးခဲ့တာလား။ ဒါမှမဟုတ် သဘာဝနည်းလမ်းတွေနဲ့ပဲလားဆိုတာ စိတ်ဝင်စားစရာပါ။

ဒါကြောင့် မတူတဲ့နိုင်ငံသုံးခုက နာမည်ကျော်ရုပ်ရှင်မင်းသမီးတွေရဲ့ နုပျိုရခြင်း လျှို့ဝှက်ချက်တွေကို လေ့လာကြည့်တဲ့အခါ ဒီမင်းသမီးသုံးယောက်ရဲ့ လျှို့ဝှက်ချက်တွေက စိတ်ဝင်စားဖို့ ကောင်းတယ် ယောင်းတို့ရဲ့… ဘယ်လောက်တိုးတက်နေတဲ့ နေရာမှာနေနေ သူတို့တွေဟာ ခေတ်မီနည်းပညာနဲ့ ဆေးဝါးတွေအကူအညီမပါဘဲ နုပျိုအောင် ထိန်းသိမ်းခဲ့တာမို့ပါ။ ဒါကြောင့် တစ်ယောက်ချင်းစီရဲ့ နုပျိုမှုလျှို့ဝှက်ချက်တွေကို လေ့လာကြည့်ကြမယ်နော်။

၁။ Ha Ji-Won 

Ha Ji-Won

ဟာဂျီဝန်ကို ကိုရီးယားဇာတ်လမ်းတွဲပရိသတ်တွေ မသိတဲ့သူမရှိပါဘူးနော်… အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး လှပနုပျိုနေတဲ့ ဟာဂျီဝန်ကို အင်တာဗျူးတစ်ခုမှာ သူမရဲ့နုပျိုခြင်းလျှို့ဝှက်ချက်ကိုမေးမြန်းခဲ့ပါတယ်။

ဟာဂျီဝန်က သူမရဲ့လျှို့ဝှက်ချက်က စိတ်ဖိစီးမှုမရှိအောင်နေတာ၊ ပျော်ပျော်နေတာလို့ ဖြေကြားခဲ့ပါတယ်။ သူမက “အမျိုးသမီးတွေအတွက် စိတ်ဖိစီးမှုတွေနဲ့ ကင်းအောင်နေဖို့အရေးကြီးပါတယ်။ စိတ်ဖိစီးမှုတွေက လူတွေကိုရင့်ရော်စေတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒီတော့ စိတ်ဖိစီးမှုမရှိအောင်ဆိုတာက ထူးဆန်းနေပြီလေ.. ဘာလို့ဆို လူတိုင်းက သူ့အထိုက်အလျောက်တော့ စိတ်ဖိစီးကြတာပဲမဟုတ်လား… ဆိုတော့ “ လူတိုင်းမှာ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေရှိတယ်လေ။ ခင်ဗျားမှာရောမရှိဘူးလား” လို့ မေးခဲ့တဲ့အခါမှာတော့ “ကျွန်မလည်း လူသားမို့စိတ်ဖိစီးမှုရှိတာပေါ့။ ကျွန်မက စိတ်ဖိစီးမှုရှိလာရင် အဖိစီးမခံဘဲ ဖြေဖျောက်တယ်လေ။ ကျွန်မစိတ်ဖိစီးလာတဲ့အခါ အိမ်အပြင်ဘက် ခြံဝန်းထဲမှာ အသားတွေကင်တယ်။ ဘီယာလေးတစ်ဘူးနဲ့ မြည်းတယ်။ သီချင်းလေးတွေဖွင့်ပြီးနားထောင်ရင်း ကြယ်တွေကိုကြည့်တယ်” လို့ သူမရဲ့စိတ်ဖိစီးမှုဖြေဖျောက်ပုံကို ဖွင့်ဟခဲ့ပါတယ်။

ပြီးတော့ သူမဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို အများကြီးစားသုံးပြီး၊ အားကစားလေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့်လည်း ပါပါသေးတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Related Article >>> အောင်မြင်ကျော်ကြား အိမ်ထောင်ရှင်အမျိုးသမီးများ

၂။ Aishwarya Rai

Aishwarya Rai

Aishwarya Rai ဟာ ၁၉၉၄ မှာ အိန္ဒိယနိုင်ငံကိုယ်စားပြုပြီး မယ်ကမ္ဘာဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သူပါ။ သူမဟာ ဘောလိဝုဒ်ရုပ်ရှင်လောကမှာလည်း အောင်မြင်တဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အသက်လေးဆယ်ကျော်နေပြီဖြစ်ပေမဲ့ ယခုအချိန်အထိ နုပျိုလှပနေဆဲပါပဲ။ ( အဲ.. တစ်ခါတော့ အရမ်းဝသွားတာမျိုးဖြစ်ဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်း ပြန်ထိန်းလိုက်ပြီးတဲ့နောက်မှာ အရင်ကထက်တောင် ပိုလှလာပါသေးတယ်)

သူမရဲ့ နုပျိုနည်းလျှို့ဝှက်ချက်ကတော့ ရိုးရှင်းပါတယ်။ အဲ.. ရိုးရှင်းတယ်ဆိုပေမဲ့ လက်တွေ့လိုက်နာတဲ့သူက နည်းတာလေး တစ်ကွက်ပေါ့။ ပထမတစ်နည်းက သူမရဲ့စားသောက်မှုပုံစံပါ။ သူမက ဆီကြော်စာတွေ၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့တို့လို အသင့်စား အစားအသောက်တွေ၊ သဘာဝအတိုင်းမဟုတ်ဘဲ အသင့်ထုတ်ထားတဲ့ နို့၊ ပဲနို့၊ အာလူးကြော်၊ စည်သွပ်အသီးအနှံ အစရှိတာတွေ၊ အရက်၊ ဆေးလိပ် စတာတွေကို ရှောင်ရှားပါသတဲ့။

သူမ စားလေ့ရှိတဲ့ အစားအစာတွေကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့ အသီးအနှံတွေနဲ့ အိမ်မှာပဲချက်တဲ့ ဟင်းလျာတွေလို့ဆိုပါတယ်။ ဆန်လုံးညိုနဲ့ အမျှင်ဓါတ်ပါတဲ့အစားသောက်တွေကို စားသုံးသလို တစ်နေ့ကိုအစာနည်းနည်းနဲ့ သုံးခါခွဲပြီး စားသောက်လေ့ရှိတဲ့ သူမဟာ အသားအရေကို ရေဓာတ်ပြည့်ဝပြီး လန်းဆန်းနေစေဖို့အတွက်လည်း ရေအများကြီးသောက်လေ့ရှိပါသေးတယ်တဲ့…

ဒါ့အပြင် မနက်တိုင်းလမ်းလျှောက်လေ့ရှိပြီး ယောဂနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါသေးတယ်တဲ့ကွယ်…

Related Article >>> အပျိုရှုံးလောက်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဆယ်လီ မေမေများ

၃။ Jennifer Lopez

Jennifer Lopez

J-Lo ကတော့ အထူးမိတ်ဆက်ပေးစရာ မလိုပါဘူးနော်။ သူမဟာ ဆယ်စုနှစ်နှစ်စုတိုင်အောင် အောင်မြင်လှပနေဆဲ အမျိုးသမီးတစ်ဦးပါ။ လက်ရှိအသက်အရွယ် ၄၈နှစ်တိုင်အောင် လှပတောင့်တင်းနေဆဲ ကိုယ်ခန္ဓာနဲ့ စိုပြေလတ်ဆတ်နေဆဲ အသားအရေကို ပိုင်ဆိုင်ထားပါတယ်။

J-Lo က သူမရဲ့တစ်နေ့တာကို တရားထိုင်ခြင်းနဲ့စတင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့ Workout (ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း) ပုံမှန်လုပ်လေ့ရှိပြီး အကကို အခြေခံထားတဲ့ လေ့ကျင့်ခန်းမျိုးကို တစ်ပတ် ငါးခါလုပ်လေ့ရှိပါတယ်တဲ့။

သူမရဲ့ အသားအရေကတော့ ရေတွေအများကြီးသောက်ပြီး နေလောင်ခံလိမ်းဆေးကို ဂရုတစိုက်သုံးလေ့ရှိတာကြောင့် စိုပြေနေတာပါတဲ့…

အခုဖော်ပြခဲ့တဲ့ မင်းသမီးသုံးယောက်ရဲ့ နုပျိုနည်းလျှို့ဝှက်ချက်မှာ မတူတာတွေလည်းပါသလို တူတာတွေလည်း အများကြီးပါပါတယ်။ တူညီတာတွေက သူမတို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်အနေအထိုင်မျိုးရှိကြတာပါပဲ။ ကျန်းမာခြင်းဟာလည်း နုပျိုခြင်းနဲ့သက်ဆိုင်တာမို့ ယောင်းတို့လည်း သူတို့လို နုပျိုလှပချင်တယ်ဆိုရင်တော့ သူတို့လို ကျန်းမာတဲ့ အစားအသောက်အနေအထိုင်မျိုး လိုက်နာကျင့်သုံးကြည့်ပါနော်။

ယောင်းတို့ လှပကြပါစေ။

Sugar Cane (For Her Myanmar)

Reference – This is Insider, Glow Pink, Soompi

No Comments Yet

Leave a Reply

Your email address will not be published.