အရောင်မဲ့ပေါင်ဒါကို မိတ်ကပ်အနေနဲ့မဟုတ်ဘဲ သုံးလို့ရတဲ့ နည်းလမ်း(၅)မျိုး

နဂိုက ဒီပေါင်ဒါကို မျက်နှာမှာ မိတ်ကပ်အနေနဲ့ပဲ သုံးလို့ ရတယ်ထင်နာ 😀 ခုမှပဲ အမျိုးစုံ ကြိုးခုန်ပြီး သုံးလို့ရမှန်း သိတော့တယ်… 

မင်မင်တို့ရဲ့ ဒီလ Her Box လေးထဲမှာ Bella ရဲ့ Translucent ပေါင်ဒါ (အရောင်မဲ့ သနပ်ခါးပေါင်ဒါ) လေးပါတယ်နော်။ စစချင်းတော့ ပေါင်ဒါမိတ်ကပ်လို့ပြောတော့ စိတ်ဝင်တစားနဲ့ ဖွင့်ဖောက်ကြည့်တဲ့အချိန် ‘ဟယ် ဘယ့်နှယ်ဟာတုန်း? အဖြူကြီး’ ဆိုပြီးဘာလားပေါ့။ ဒါပေမဲ့ သိတယ်မလား မင်မင့်ရဲ့ စပ်စပ်စုစုဉာဉ်အတိုင်း ပါကင်ဘူးကို ဖတ်ကြည့်လိုက်တဲ့အခါ Translucent Thannaka Powder (အရောင်မဲ့သနပ်ခါးပေါင်ဒါ) တဲ့။ ဒါပေမဲ့ မြင်ဖူးနေကျမဟုတ်တော့ မင်မင့်အသိ မိတ်ကပ်ဘလော့ဂါတစ်ယောက်ကို ဒီပစ္စည်းလေးအကြောင်း သေချာ မေးလိုက်တယ်လေ။ အခုမေးထားတာလေးကို ယောင်းတို့ကိုပါ ဝေမျှပေးမယ်နော်။

လိမ်းပုံလိမ်းနည်းအဆင့်ဆင့်

အရောင်မဲ့ပေါင်ဒါဆိုတာ အရှင်းဆုံးပြောရရင် အရောင်မပါတာပေါ့။ (ရှင်းသွားတာပဲ 😀 ) သူ့ကို တစ်ခြားအောက်ခံမိတ်ကပ်၊ ပါးနီ၊ မေးရိုးချ၊ စသည်ဖြင့် အကုန်လုံးပြင်ဆင်ပြီးတဲ့အချိန် အပြီးသတ်ပေါင်ဒါအနေနဲ့ သုံးပါတယ်။ သူ့မှာက အရောင်မပါတော့ ခါတိုင်းသုံးနေကျ မိတ်ကပ်တွေလို အရောင်တက်မှာမဟုတ်ပါဘူး။ ဘာလို့သုံးသင့်လဲဆိုရင်တော့ သူက အဆီကိုထိန်းပေးတယ်။ မျက်နှာမှာ မိတ်ကပ်တွေ မရွေ့သွားအောင် ကူညီပေးတယ်။ အပြင်သွားတဲ့အချိန် မျက်နှာမှာ အဆီပြန်တာ၊ ချွေးထွက်တာမျိုး ဖြစ်လာတဲ့အခါမှာလည်း Touch up (အပေါ်က ပြန်ဖို့တဲ့ မိတ်ကပ်) အနေနဲ့ သုံးပေးရင် ဖြူပြီးပြာတက်သွားတာမျိုးမရှိဘဲ သဘာဝဆန်ဆန်ပဲ ဖြစ်နေစေပါတယ်တဲ့။ ဒါပေမဲ့ သိတယ်မလား.. ခုက နှုတ်ခမ်းနီကိုတောင် မျက်လုံးမှာတွေခြယ်၊ Highlighter တွေအဖြစ် သုံး လို့  ရနေတဲ့ ခေတ်ကြီးဆိုတော့ ဒါကိုလည်း တခြားဘယ်နေရာတွေမှာ သုံးလို့ ရသေးလဲ စပ်စုကြည့်ရတာပေါ့.. အဲ့တော့ ဘယ်လိုသုံးလို့ရတယ်ဆိုတာလေးတွေ ထွက်လာပါလေရော… ဒီလိုတဲ့ ယောင်းတို့ရေ… 

ဖြူဖြူကြီးပေမဲ့ အရောင်လုံးဝမပါပါဘူးနော်။

(၁) ခြေထောက်တွေ၊ လက်တွေမှာ ချွေး၊ ခြေဆီ အထွက်များနေတဲ့အခါ ဒီပေါင်ဒါလေးနည်းနည်းစီ ဖြူးပေးလိုက်ရင် အဲ့ဒီအဆီတွေ၊ ချွေးထွက်နေတာတွေ လျော့သွားပါမယ်။

(၂) မျက်တောင်ကော့တဲ့အခါမှာလည်း ပထမတစ်ထပ်ကော့ပြီး အဲ့ပေါင်ဒါမှုန့်ကိုဖြူး၊ ဒုတိယတစ်ထပ် ကော့လိုက်တဲ့အခါ နဂိုထက် နှစ်ဆထူထဲနေတဲ့ မျက်တောင်တစ်စုံကို ရမှာနော်။

(၃) နောက်တစ်မျိုးကတော့ မျက်ခွံမှာ အဆီအရမ်းပြန်တတ်တဲ့ယောင်းတွေ လိုင်နာဆိုးပြီးတဲ့အခါ အဲ့ဒီပေါင်ဒါလေးကိုထပ်ပေးရင် ခဏလေးနဲ့ ပန်ဒါမျက်လုံးဖြစ်မယ့် အိမ်မက်ဆိုးကနေ လွတ်မြောက်ပြီပေါ့။

(၄) မနက်အိပ်ရာထနောက်ကျလို့ ခေါင်းလျှော်ဖို့အချိန်မရှိ၊ ခေါင်းကလည်း ဆီတအားထွက်၊ အရမ်းနံနေပြီ.. ဖြစ်ချင်တော့သုံးနေကျ Dry Shampoo (ရေမလိုတဲ့ ခေါင်းလျှော်ရည်အခြောက်) ကလည်း ကုန်နေတာမျိုး.. ဒီလိုအဖြစ်မျိုးနဲ့ တိုးနေရင်တော့ ဒီပေါင်ဒါလေးကို ဆီထွက်တဲ့နေရာမှာ ဖြူးပြီး ဆံပင်ခွဲကြောင်းပြောင်း၊ နည်းနည်းဖွလိုက်ရင် အပြင်ထွက်ဖို့အဆင်ပြေသွားပါလိမ့်မယ်။ (နောက်နေ့ထပ်နောက်ကျရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ 😛 )

(၅) နောက်ဆုံးတစ်ခုကတော့ အောက်ခံမိတ်ကပ်တွေအားလုံး လိမ်းလို့အပြီး မျက်လုံးရှဲဒိုးအရောင်တွေဖွာလာတဲ့အခါမျိုးမှာ တခြားမိတ်ကပ်တွေနဲ့ ဖုံးမယ်၊ ဖယ်မယ်ဆိုရင် ကွက်သွားတာမျိုးဖြစ်တတ်တာကြောင့် ဒီပေါင်ဒါလေးကိုပဲ ယပ်တောင်ဘရပ်ရှ်နဲ့ ယူပြီး ဖယ်လိုက်လို့ ရပါတယ်။ ဒါဆိုရင်တော့ ကွက်တာမျိုးတွေ မရှိတော့ဘဲ ညီညီညာညာလေးနဲ့ လှနေမှာပေါ့။ 

Related Article >>> ရိုးရိုးလေးနဲ့ ဆန်းစေမဲ့ မိတ်ကပ်ပုံစံ (၃) မျိုး

ဒီလို ဘရပ်ရှ် အကြီးကြီးနဲ့ သုံးရတာ။

ကဲ ဒါလေးတွေကတော့ ပေါင်ဒါတစ်ခုတည်းကိုပဲ တခြားဘယ်နေရာတွေမှာပါ သုံးလို့ရလဲဆိုတာ ပြောပေးထားတာပါနော်။ ပစ္စည်းတစ်ခုကို တစ်မျိုးပဲသုံးလို့ရတယ်ဆို ပျင်းစရာကြီးလေ။ တခြားသုံးလို့ရတဲ့ နေရာတွေ၊ နည်းလမ်းတွေပါသိထားတော့ ပစ္စည်းတွေအများကြီးဝယ်စရာမလို၊ အကုန်အကျလည်းသက်သာတာမို့ တခြားနေရာတွေမှာပိုသုံးလို့ရတာပေါ့။ ဘာလိုသေးတုန်းယောင်းတို့ရယ်

Hnin Ei Oo (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.