ညပိုင်းမှာ ပြုလုပ်သင့်တဲ့ Skin Care အဆင့်ဆင့်

ဒီညကစပြီး လုပ်ပြီလေ… 

ကျန်းမာစိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မနက်ပိုင်းမှာတင်မကဘဲ ညစဉ်ညတိုင်း မှာလည်း မှန်ကန်တဲ့ Skin Care အဆင့်ဆင့်ကို မပျင်းမရိဘဲ သေချာဂရုတစိုက်နဲ့ ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါ
တယ်။ Morning Skin Care Routine မှာ Megan ပြောခဲ့တဲ့အတိုင်းပဲ ကိုယ် သုံးနေတဲ့ Skin Care အဆင့်တွေက မှန်ကန်ရဲ့ လား။ ထိရောက်ရဲ့ လားဆိုတာ ပြန်ဆန်းစစ်ဖို့ ကလည်း အရေးကြီးတဲ့ အချက်တချက်ပဲဖြစ်ပါတယ်နော်။

ကဲ… ဟိုတခေါက်က မနက်ပိုင်းမှာ လုပ်ရမယ့် မှန်ကန်တဲ့ Skin Care အဆင့်ဆင့်ကို ပြောပြပြီးသွားပြီဆိုတော့ ဒီတခါမှာတော့ Megan က ညဘက်မှာ မပျက်မကွက် သေချာလုပ်ဖို့ လိုအပ်တဲ့ မှန်ကန်တဲ့ Skin Care အဆင့်ဆင့်ကို ပြန်ပြီး မျှဝေပေးမယ်နော်..

ကြည်လင်လှပတဲ့ အသားအရေလေးအတွက်

အဆင့် (၁) – Cleansing (မျက်နှာသန့်စင်ခြင်း)

ညဘက်တွေမှာ အဓိက မပျက်မကွက် နဲ့ မမေ့မလျော့ လုပ်ရမှာကတော့ Cleansing ပဲဖြစ်ပါတယ်။ တစ်နေကုန် လိမ်းထားတဲ့ မိတ်ကပ်တွေကို မဖျက်မိဘဲ အိပ်ရာဝင်မိတာက ယောင်းရဲ့ မျက်နှာအသားအရေအတွက် အရမ်းကို အန္တရာယ်များလွန်းပါတယ်နော်။ ဝက်ခြံနဲ့ အဆီဖုတွေ အဓိကပေါက်စေတဲ့ တရားခံက Cleansing ကို သေချာစနစ်တကျ မလုပ်လို့ပါ။
အရင်ဆုံး Cleanser (မျက်နှာသန့်စင်ဆေး) မသုံးခင်မှာ မိတ်ကပ်တွေကို Makeup Remover (မိတ်ကပ်ဖျက်ဆေး) နဲ့ အရင်ဖျက်ပေးရပါမယ်။ ဒါမှသာ ယောင်းတို့လိမ်းထားတဲ့ တစ်နေကုန်ခံတဲ့ ကြာရှည်ခံမိတ်ကပ်တွေ နဲ့ မျက်နှာပေါ်က အဆီနဲ့ အညစ်ကြေးတွေကို သေချာသန့်စင်နိုင်မှာပါ။ ရေ အမျိုးအစား (Water Type ) ပဲဖြစ်ဖြစ်၊ အဆီ အမျိုးအစား (Oil Type) ပဲဖြစ်ဖြစ် ဂွမ်းစ (Cotton Pad) လေးသုံးပြီး ဖျက်ပေးပါ။ မိတ်ကပ်တွေ၊ Eye-Makeup (မျက်လုံးပေါ်က မိတ်ကပ်) တွေ အကုန် ပြောင်စင်တော့မှ Cleanser (မျက်နှာသစ်ဆေး)နဲ့ မျက်နှာသစ်ပေးပါ။

အဆင့် (၂) – Exfoliator (ကြေးချွတ်ခြင်း)

ဒီ အဆင့်ကတော့ မပါမဖြစ်မဟုတ်ပေမယ့် ယောင်းက ကိုယ့်အသားရေကို တောက်တောက်ပြောင်ပြောင်
လေးဖြစ်ချင်တယ်၊ ကြည်လင်တဲ့ အသားရေလေးဖြစ်ချင်တယ်ဆိုရင်တော့ ဒီ အဆင့်ကို လုပ်ဖို့ အကြုံပြုချင်ပါတယ်။ နေ့စဉ် မိတ်ကပ်လိမ်းဖြစ်နေတဲ့ Megan တို့လို မိန်းကလေးတွေ အတွက် မျက်နှာပေါ်က မိတ်ကပ်ကြောင့်ဖြစ်တဲ့ အညစ်ကြေးတွေကို ဘယ်လောက်ပဲ Double Cleansing (နှစ်ထပ်သန့်စင်ခြင်း) လုပ်နေပေမယ့် အနည်းနဲ့ အများတော့ ကျန်နေတတ်ပါတယ်။ အဲ့လိုကြောင့် Exfoliate လုပ်ဖို့ အဆင့်တခု အနေနဲ့ ပိုလာတာပါ။

Exfoliate လုပ်တယ်ဆိုတာက ခုနကပြောသလိုပဲ မိတ်ကပ်အကြွင်းကျန်တွေနဲ့ ဆဲလ်သေတွေကို အလွှာလိုက်ကွာကျလာအောင် ကြေးချွတ်သန့်စင်တာမျိုးပါ။ ဒီလိုလုပ်ပေးတာက ဆဲလ်သေတွေကို ဖယ်ရှားပစ်စေတာမို့ အသားရေကို ကြည်လင်တောက်ပစေပါတယ်။ ဒါပေမယ့် နေ့တိုင်းတော့ လုပ်ပေးဖို့ မလိုပါဘူးနော်။ တပတ်ကို ၂ကြိမ် ကနေ ၃ကြိမ် အတွင်းပဲ လုပ်သင့်ပါတယ်။ နေ့တိုင်းလုပ်ရင်လည်း အသားရေကို ခြောက်သွေ့ပြီး ပျက်စီးစေတယ်လေ…

Related Article >>> သုံး​နေကျ skincare ​လေး​တွေရဲ့ ပါဝါကို ဘယ်​လိုအဆင့်​မြှင့်​ကြမလဲ။

အဆင့် (၃) – Toner (တိုနာ)

ဂွမ်းစလေး (Cotton Pad) ထဲကို တိုနာ အစက်အနည်းငယ်ထည့်ပြီး သန့်စင်နေတဲ့ မျက်နှာနဲ့ လည်ပင်းကို လိုက်ပွတ်ပေးပါ။ Cleanser (မျက်နှာသစ်ဆေး) နဲ့ သစ်လို့ မပြောင်ဘဲ ကြွင်းကျန်နေတဲ့ မိတ်ကပ်အချို့ကို အံ့သြဖွယ်တွေ့ရမှာပါ။ တိုနာ တွေဟာ ယောင်းတို့ရဲ့ မျက်နှာအသားရေကို ညီညာအောင် ထိန်းညှိပေးပြီး ကြည်လင်ကျန်းမာတဲ့ အသားရေဖြစ်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

အဆင့် (၄) – Serums

ညဘက် ဆိုတာက Skin Care ပစ္စည်းတွေ မျက်နှာပေါ်တင်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ အသားရေ အတွင်းပိုင်းထိ စိမ့်ဝင်ပြီး အားဖြည့်ပေးတဲ့ ကိုယ့်အသားရေအမျိုးအစားနဲ့ လိုက်ဖက်တဲ့ Serum တစ်မျိုးကို အသားထဲ စိမ့်ဝင်အောင် လက်လေးနဲ့ ပုတ်ပုတ်ပြီး လိမ်းပေးပါ။ Serum လိမ်းပြီး ၅မိနစ်လောက် နေပြီးမှ နေက်ထပ် တစ်ဆင့်ကို ဆက်လိမ်းပါနော်..

အဆင့် (၅) – Moisturizer or Face Oil (အစိုဓာတ်ထိန်းဆေး သို့မဟုတ် မျက်နှာလိမ်းအဆီ)

အိပ်ပျော်နေတဲ့ အချိန်မှာ အသားအရေကို ပြုပြင်ပြောင်းလဲနေတဲ့ အချိန်ဖြစ်တာမို့ အဆင့် ၅ မှာတော့ အသားရေကို ရေဓာတ်ဖြည့်ဖို့အတွက် ကိုယ်သုံးနေကျ Moisturizer ဒါမှမဟုတ် Face Oil (အဆီ) တခုခု ကို လိမ်းပေးပါ။

**** ခုနောက်ပိုင်း Face Oil တွေကလည်း အရမ်းခေတ်စားလာတော့ တချို့ က သိချင်ကြတယ်။ Moisturizer လိမ်းပြီးမှ Face Oil လိမ်းရမှာလား ဘယ်ဟာအရင်လိမ်းရမလဲလို့ မေးကြလို့  Megan တခါတည်း ပြောပြချင်ပါတယ်။ တစ်ခုပဲ သုံးရင် ရပါပြီ။ တကယ်လို့ ကိုယ်က နှစ်ခုလုံး သုံးချင်တယ် ဆိုရင်တော့ ယောင်းလိမ်းနေကျ Moisturizer ထဲကို Face Oil လေး နှစ်စက်လောက် ထည့်ပြီး ရောလိမ်းနိုင်ပါတယ်နော်။ Moisturizer ကော Face Oil ကော က အသားရေကို ရေဓာတ်ပြည့်ပြီး ကြည်လင်စေတဲ့ ရလဒ်ချင်းအတူတူပါပဲ။

အဆင့် (၆) – Eye Cream

ယောင်းက Eye Cream ကို တနေ့ တစ်ကြိမ်ပဲ လိမ်းဖို့ စဉ်းစားထားရင်တော့ ညပိုင်းက အကောင်းဆုံးဖြစ်တာမို့  ညပိုင်းမှာပဲ လိမ်းဖို့ အကြံပေးပါရစေ။ တစ်ခု သတိပေးချင်တာက Skin Care တွေ သုံးတဲ့အခါ မျက်နှာချည်းမဟုတ်ဘဲ လည်ပင်း ကိုပါ လိမ်းပေးဖို့ မမေ့ပါနဲ့နော်။ မျက်နှာတစ်ဝိုက် နေရာကို ဖွဖွလေးနဲ့ စိမ့်ဝင်အောင် လိမ်းပေးဖို့ အရေးကြီးပါတယ်။

ကဲ… ဒါတွေကတော့ ညဖက်တွေမှာ မပျက်မကွက်လုပ်သင့်တဲ့ Skin Care Night Routine လေးပဲ ဖြစ်ပါတယ်ရှင့်..

အသားရေ ကျန်းမာစိုပြေဖို့ ကို နောက်ထပ် Megan အကြံပေးချင်တာတွေကတော့ –
– ရေ များများသောက်ပေးပါ။

– အိပ်ရေး ဝဝအိပ်ပါ။ (အနည်းဆုံး တနေ့ ၈နာရီ )

– အရည်ရွမ်းတဲ့ အသီးအနှံ စားပေးပါ။

– အရက် ဘီယာ ရှောင်ပါ။

– တပတ်ကို တစ်ခါ (သို့မဟုတ်) နှစ်ခါလောက် Mask Sheets (မျက်နှာပေါင်းတင် မျက်နှာဖုံး) တွေ ကပ်ပေးပါ။ (မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်၊  တိုနာ သုံးပြီးတာနဲ့ Mask ကပ်လို့ ရပါတယ်။ ၁၅ မိနစ်ကနေ နာရီဝက်ထိပဲ ထားပြီး ရိုးရိုးရေနဲ့ပဲ ဆေးချပါ။ Mask ကပ်တဲ့ နေ့မှာ တခြား Skin Care တွေ မသုံးဘဲ နေလို့ လည်းရပါတယ်နော်)

ကဲ…  ယောင်းတို့ အားလုံး ကျန်းမာကြည်လင်တဲ့ အသားရေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

With Love,

Megan ( For Her Myanmar )

References : New York Times , The Every Girl

No Comments Yet

Leave a Reply

Your email address will not be published.