သဘာဝပစ္စည်းတွေနဲ့ ဗောက်ရှင်းကြမယ်

ဗောက်ပျောက်ချင်ပါတယ်ဆို ဗောက်ပျောက်ခေါင်းလျှော်ရည်တွေနဲ့ကမတည့်.. လေပါဒယ် :'(

ဆံပင်အရှည်ထားရုံမက တစ်နေ့တစ်နေ့ ဆီအမျိုးမျိုးလိမ်းလိုက်၊ ကောက်လိုက်ဖြောင့်လိုက်လုပ်တတ်တဲ့ အက်ဒ်မင်တို့၊ ယောင်းတို့လို မိန်းကလေးတွေမှာ ဗောက်ထတတ်တာလည်း ပြဿနာတစ်ခုပါ။ ဗောက်တွေထရင် လူကြားထဲ တဗျင်းဗျင်းကုတ်ချင်သည်အထိ စိတ်အနှောင့်အယှက်ဖြစ်ရ၊ ရုပ်ပျက်မှာလဲ ကြောက်ရနဲ့ တကယ့်ကို အာရုံနောက်စရာပါပဲ။

အလှကုန်ပစ္စည်းတွေ ခေါင်းအစ၊ ခြေအဆုံးပေါပေါများများဝယ်ရလွယ်ကူနေတဲ့ ဒီနေ့လို ခေတ်ကြီးမှာ ဗောက်ပြဿနာဟာလည်း သိပ်ပြီးဖြေရှင်းရခက်တဲ့ ပြဿနာတော့မဟုတ်ပါဘူး။ အက်ဒ်မင်ဆိုရင် နှစ်လတစ်ခါ၊ တစ်လတစ်ခါလောက်ဗောက်ထတတ်ပြီး ဗောက်တစ်ခါထရင် အဆင်ပြေတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်တစ်မျိုးမျိုးနဲ့ နှစ်ခါလောက်လျှော်လိုက်ရင် ဗောက်ပျောက်သွားတတ်တာပါပဲ။ ဒါပေမယ့် ကပ်သီးကပ်သပ် ဗောက်ပျောက်ခေါင်းလျှော်ရည်တွေနဲ့မှ မတည့်လို့ ဗောက်တွေ ပိုထလာပါတယ်ဆိုတဲ့ ယောင်းလေးတို့အတွက် ဒီဆောင်းပါးလေးကို ရေးပေးတာပါ။ ဓာတုပစ္စည်းတွေဆိုတာ သိတဲ့အတိုင်းပဲ အသုံးပြုရလွယ်ကူတယ်ဆိုပေမဲ့ ဓာတ်မတည့်ဘူးဆို အင်မတန် ဒုက္ခပေးတဲ့အရာတွေပါ။ အဲ့တော့ ဗောက်ပျောက်စေပါတယ်ဆိုတဲ့ ဓာတုပစ္စည်းပါဝင်တဲ့ ခေါင်းလျှော်ရည်တွေနဲ့ မတည့်ဘူးဆိုတဲ့ ယောင်းလေးတွေ အားကိုးစရာကတော့ သဘာဝ ပစ္စည်းတွေပဲ ကျန်တော့တာပေါ့… ဒါဆို ဘယ်သဘာဝပစ္စည်းတွေနဲ့ ဘာတွေ လုပ်လို့ ရနိုင်မလဲ ကြည့်ကြရအောင်…

၁။ သံပုရာသီး

သံပုရာသီး

အက်ဒ်မင်တို့ ငယ်ငယ်ကဆို အဖွားက တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ပေးလေ့ရှိပါတယ်။ တရော်ကင်ပွန်းခေါင်းလျှော်ရည်ထဲမှာ ပါလာတတ်တဲ့ သံပုရာခွံလေးတွေကို အက်ဒ်မင်ကသိပ်သဘောကျလို့ ဦးရေပြားကို နာနာပွတ်ပေးတတ်ပါတယ်။ ဘာလို့ သံပုရာခွံတွေထည့်ထားတာလဲလို့ အဖွားကိုမေးကြည့်တော့ သံပုရာသီးက ဗောက်ပျောက်စေလို့ ထည့်ထားတာပါတဲ့။

ရှေးခေတ်က အမျိုးသမီးတွေ ဗောက်ပျောက်စေဖို့အသုံးပြုခဲ့တဲ့ သံပုရာသီးကို ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်သူယောင်းတို့ သုံးစွဲကြည့်လို့ရပါတယ်။ အသုံးပြုနည်းကတော့ သံပုရာသီးကိုအရည်ညှစ်ပြီး ဦးရေပြားကိုပွတ်ပေးပါ။ နောက်ပြီး ရေတစ်ခွက်ထဲကို သံပုရည်ရောပြီး ဆံပင်တွေနဲ့ ဦးရည်ကိုရေဆေးချပါ။ ဒီနည်းလမ်းကို ဗောက်တွေမရှင်းသွားမချင်း လုပ်ပေးပါတဲ့ ယောင်းတို့ရေ။ လွယ်တယ်ဟုတ်?

Related Article >>> သဘာဝအတိုင်း ကိုယ်သင်းနံ့သင်းပျံ့စေဖို့

၂။ ဆား

ဆား

ဆားကလည်း ဗောက်ပျောက်စေတဲ့ သဘာဝဆေးတစ်မျိုးပါပဲတဲ့။ ဆားအနည်းငယ်ကို ဗောက်ထတဲ့နေရာတွေမှာ ဖြူးပါ။ ပြီးရင် အသားအရေကို Scrub (ကြေးချွတ်သလိုမျိုး) လုပ်သလိုမျိုးဦးရေပြားကိုလည်း ဆားနဲ့ Scrub (ကြေးချွတ်) လုပ်ပေးပါ။ ပြီးရင် ပုံမှန်အတိုင်း ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။

၃။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကတော့ ဗောက်ပျောက်စေရုံတင်မကဘူး ယားယံမှုတွေကို လျော့ပါးစေကာ ဦးရေပြားကို အေးမြစေတဲ့ အစွမ်းသတ္တိပါရှိပါတယ်။ ခေါင်းမလျှော်ခင်မှာ ဦးရေပြားကို ရှားစောင်းလက်ပတ်နဲ့ ပွတ်ပေးပါ။ ပြီးရင် ပုံမှန်အတိုင်းခေါင်းလျှော်လိုက်ပါနော်။

၎။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကလဲ ဗောက်ပျောက်စေတဲ့ အစွမ်းရှိတာမို့ စမ်းသုံးကြည့်သင့်ပါတယ်နော်။ အသုံးပြုနည်းကတော့ ဆံပင်ကို အရင်ရေဆေးချပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါနဲ့ ဦးရေပြားကိုပွတ်ပေးပါ။ အဲ့ဒီနောက်တော့ ပုံမှန်အတိုင်း ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။

Related Article >>> ဗောက်ပြဿနာကို အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်း ၅သွယ်

၅။ Tea tree oil (လက်ဖက်ဆီ)

Tea tree oil

ဗောက်ထတတ်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် နောက်တစ်နည်းက Tea tree oil (လက်ဖက်ဆီ) ကို ကိုယ်သုံးနေကြခေါင်းလျှော်ရည်ထဲကို ထည့်လျှော်ပေးတဲ့နည်းပါ။ ဒါကိုလည်း City Mart တွေမှာ လွယ်လွယ်ဝယ်လို့ ရတယ်နော် ယောင်းတို့…

၆။ ပန်းသီးရှာလကာရည် 

Apple Cider Vinegar

ဗောက်ပျောက်ချင်တယ်ဆိုရင်တော့ ပန်းသီးရှာလကာရည်ကို ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံခန့်ထည့်ပါ။ ပြီးရင် ရေကိုခွက်တစ်ဝက်ထပ်ထည့်ပါ။ အဲ့လို ရောပြီးရင် ဖြန်းဆေးဘူး တစ်ဘူးထဲထည့်ပြီး ဦးရေပြားကိုဖြန်းပေးပါ။ အဲ့လိုဖြန်းပြီးတာနဲ့ တဘက်တစ်ခုနဲ့ ဆံပင်ကိုပေါင်းထားပြီး ဆယ့်ငါးမိနစ်လောက်ထားပေးရမှာပါတဲ့။ ပြီးရင်ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ပတ်နှစ်ခါလုပ်ပေးပါတဲ့ရှင်။

ကဲ … ဒီနည်းလမ်းလေးတွေကတော့ ဓာတုဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ မတည့်တတ်သူယောင်းတို့အတွက် သဘာဝနည်းလမ်းလေးတွေပါပဲရှင်။ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ယောင်းတို့တွေ ဗောက်ကင်းစင်ပြီး လှပတင့်တယ်ကြပါစေလို့ …

Sugar Cane ( For Her Myanmar )

Reference – Readers’ DigestDraxe

No Comments Yet

Leave a Reply

Your email address will not be published.