လုံးလုံးပြည့်ပြည့်နဲ့ချစ်စရာကောင်းတဲ့ယောင်းတို့အတွက် လိုက်ဖက်မယ့်ဖက်ရှင်

၀၀လှလှယောင်းတို့လည်း ဒီလိုလေးသေချာရွေးချယ်ဝတ်ဆင်တတ်ရင် လှနေမှာအမှန်ပါပဲ။

ယောင်းလေးတို့ရေ…ကိုယ့်ကိုကိုယ် ဝတယ်ဆိုပြီး စိတ်ညစ်နေလား။ မညစ်ပါနဲ့နော်။ ဝတာ စိတ်ညစ်စရာ လုံးဝမဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကိုသာ သေချာရွေးချယ်ဝတ်ဆင်တတ်ရင် ခန္ဓာကိုယ်ပြည့်တာကတောင် ဆွဲဆောင်မှုတမျိုးနဲ့ လူကြားထဲထင်းခနဲပေါ်ပြီး လှနေမှာပါရှင်။
ဒါဆိုရင်ကိုယ်လုံးပြည့်တဲ့ ယောင်းလေးတို့ ဘာတွေကိုဝတ်သင့်ပြီး ဘယ်လိုအဝတ်အစားမျိုးတွေကို ရှောင်ရမလဲဆိုတာလေးတွေကို ပြောပြပေးမယ်နော်။

၁။ အဝတ်အစားဝတ်ဆင်တဲ့အခါမှာ အင်္ကျီကို ဘောင်းဘီ (သို့) စကဒ် ထဲ ထည့်ဝတ်ခြင်းက ဒီတိုင်း အပြင်ထုတ်ဝတ်တာထက် ပြည့်တဲ့ခန္ဓာကိုယ်ကို သွယ်သွားစေပါတယ်။ ပိုပြီး စမတ်ကျတဲ့ပုံစံလည်း ဖြစ်စေပါတယ်နော်။

၂။ ယောင်းတို့ပိုလှဖို့ ခါးရှည်တဲ့ အင်္ကျီမျိုးကိုရွေးချယ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြီးထွားစေတဲ့အဝတ်အစားတွေ၊ ကြပ်ကြပ်ထုတ်ထုတ်အဝတ်အစားတွေ၊ အတွန့်အဖတ်များတဲ့ အဝတ်အစားတွေကို ရှောင်ရပါမယ်။

၃။ အနက်ရောင်၊နက်ပြာရောင် နဲ့ အညိုရောင်တို့က ကိုယ်လုံးပြည့်တဲ့ ယောင်းတို့နဲ့ အလိုက်ဖက်ဆုံး အရောင်တွေပါ။ အနီရောင်ကို ကြိုက်ရင်တော့ ရဲရဲတောက်တောက်အနီကြီးထက် နီညို၊ ကြက်သွေး နဲ့ မဟော်ဂနီရောင်တို့က ပိုပြီးသင့်တော်ပါတယ်နော်။ အစိမ်းဆိုလည်း စိမ်းပုပ်ရောင်၊ ပန်းရောင်ဆိုလည်း ပန်းရင့်၊ အရောင်တောက်တောက်တွေထက် ရင့်တဲ့အရောင်တွေကို ရွေးချယ်ပါလို့ အကြံပေးချင်ပါတယ်။

၎။ ဒေါင်လိုက်အစင်းတွေ၊ ကန့် လန့်အစင်းတွေပါတဲ့ အဝတ်အစားမျိုးကလည်း ယောင်းတို့နဲ့ လိုက်ဖက်ပါတယ်။ အစင်းကို မစိပ်လွန်း မကြဲလွန်းတာမျိုးတော့ ရွေးချယ်ပါနော်။

၅။ လည်ပင်းပေါက်ကို အဝိုင်းတွေထက် ဗွီပုံစံ (V Shape) ကတော့ ကိုယ်လုံးပြည့်တဲ့ယောင်းလေးတို့ အတွက် အလိုက်ဖက်ဆုံးပါ။

၆။ လက်ရှည်အင်္ကျီတွေဝတ်တဲ့အခါမှာ အင်္ကျီလက်ကို ခေါက်ပြီးဝတ်တာက သွယ်သယောင်လည်း ထင်ရစေသလို ပိုလည်းကြည့်ကောင်းပါတယ်နော်။

 
၇။ စကဒ်ပဲဖြစ်ဖြစ်၊ ဂါဝန်ဖြစ်ဖြစ် ဝတ်ဆင်တဲ့အခါမှာ ခါးပတ်အပြားသေးလေးပတ်ပေးတာကလည်း ယောင်းတို့ကို သွယ်သွားစေမှာပါ။

၈။ Polyester ဆိုတဲ့ ဓာတုနည်းနဲ့ ရက်လုပ်တဲ့အထည်တွေအစား ပေါ့ပေါ့ပါးပါးချည်ထည်လေးတွေကို ဝတ်ဆင်ပါ။ ချည်ထည်ဂါဝန်ခပ်ပွပွ မတိုမရှည်လေးတွေကို ဝတ်ဆင်နိုင်ပါတယ်။

၉။ ဂါဝန်တိုလေးတွေ၊ စကဒ်တိုလေးတွေဝတ်ဆင်တဲ့အခါမှာလည်း ဒေါက်မြင့်ဖိနပ်လေး စီးဖို့မမေ့ပါနဲ့ … ယောင်းတို့ရေ။ ဒေါက်မြင့်လေးနဲ့မှ ပိုပြီး ပြည့်စုံသွားမှာပါ။

၁၀။ ဆံပင်ကိုတော့ တိုတိုကပ်ကပ်ပုံစံမျိုး မထားပါနဲ့နော်။ ပုခုံးကျော်ရုံ Shoulder Length ဆံပင်ပုံစံလေးတွေက ယောင်းတို့နဲ့လိုက်ဖက်ပါတယ်။
နောက်ထပ်အကြံပြုချင်တာကတော့ Accessories တွေကို ရှုပ်ရှပ်ခတ်နေအောင် ဆင်မြန်းတာမျိုးကိုလည်း ရှောင်ပါ။ ဒီလောက်ဆိုရင်တော့ ခပ်ပြည့်ပြည့်ယောင်းလေးတို့အတွက် အဆင်ပြေပြေ လန်းနိုင်ပြီထင်ပါတယ်ရှင့်။

Megan (For Her Myanmar)

No Comments Yet

Comments are closed