မိတ်ကပ်ပြင်ရင် ဈေးကြီး Brand တွေနဲ့ပြင်မှ လှတာမဟုတ်ပါဘူး

တစ်လတစ်လ ရတဲ့ ပိုက်ဆံတွေကလည်း မိတ်ကပ်ဖိုးတွေနဲ့ပဲ ကုန်နေလို့ စိတ်ညစ်နေလား ယောင်းတို့.. အက်ဒ်မင်လုပ်နေကျ နည်းလေးတွေ ပြောပြမယ်နော်… 

နောက်ဆုံးပေါ် Brand New မိတ်ကပ်တွေ ထွက်တိုင်း မဝယ်နိုင်လို့ စိတ်ညစ်နေပါသလား? သူများသုံးတိုင်း လိုက်မသုံးနိုင်လို့ စိတ်ပျက်နေပါသလား? အလှအပအတွက် ပိုက်ဆံမဖြုန်းနိုင်လို့ နောက်ကောက်ကျမှာ စိတ်ပူနေပါသလား?

“Too many people spend money they earned..to buy things they don’t want..to impress people that they don’t like.” –Will Rogers တဲ့….

ယောင်းတို့ရေ… ဒီ အဆိုလေးလိုပဲ လူတွေက ရှာသမျှ ပိုက်ဆံ တွေနဲ့ ကိုယ်မကြိုက်တဲ့ ပစ္စည်းတွေဝယ်ရ၊ လူအထင်ကြီးအောင် လုပ်ရနဲ့ ပင်ပန်းနေကြတယ်…. ဒီလိုခေတ်၊ ဒီလိုစနစ်မှာ ငွေ များများသုံးနိုင်မှ လူရာဝင်မယ်ဆိုတဲ့ အယူအဆအမှားကြီးတွေကလည်း လူတော်တော်များများရဲ့ ဦးနှောက်မှာ ရိုက်သွင်းခံထားရတယ်လေ… ဒါကလည်း မှန်သင့်သလောက်တော့မှန်ပါတယ်… ဒါပေမဲ့ တစ်ဖက်မှာလည်း Money အရမ်းသုံးစရာ မလိုဘဲ အဆင်ပြေတဲ့ ကိစ္စတွေရှိနေသေးတယ် ဆိုတာမမေ့ကြနဲ့နော်…

ဒီတော့ အက်ဒ်မင် နဲ့အတူတူ ဈေးပေါပေါနဲ့ အလှပြင်ကြည့်ရအောင်….

** အက်ဒ်မင် လည်း သာမန်မိသားစုက ပေါက်ဖွားလာတဲ့ သာမန်မိန်းကလေးဖြစ်တဲ့အလျောက် ရုံးဝန်ထမ်းဘဝကို ပိုင်ဆိုင်ထားတယ်။ ဒီတော့ Cosmetic ပစ္စည်း ဈေးကြီးကြီးတွေ များများစားစားမရှိလှဘူး၊ ရှိလည်း လက်ဆောင်ရတာလောက်ပဲပေါ့။ မဖြစ်မနေ သုံးရမယ့် Skin Care လောက်ပဲ ကောင်းကောင်းမွန်မွန်ရှိတယ်ပေါ့နော်။ ကဲ…. ဒီတော့ အက်ဒ်မင် ရဲ့ ကိုယ်ပိုင်အလှပြင်နည်းလေးတွေ ပြောပြမယ်နော်… ဒါပေမဲ့ ကိုယ့်အသားအရေနဲ့ သူ့အသားအရေ တူကြတာလည်း မဟုတ်တော့ ဒီပစ္စည်းတွေကိုပဲ သုံးရမယ်လို့ မဟုတ်ပါဘူးနော်။ ကိုယ်နဲ့ အဆင်ပြေတဲ့ Brand ကိုသာ ရွေးသုံးပါလို့ အက်ဒ်မင်ကတော့ တိုက်တွန်းချင်ပါတယ်။

အဆင့် ၁ – နို့ရည်ဖြစ်ဖြစ်၊ Facial Cream ဖြစ်ဖြစ်၊ မျက်နှာကို စိုစိုပြေပြေလေး ဖြစ်နေစေမယ့် Cream (သို့) အရည်လေးကို အက်ဒ်မင် ကတော့ မျက်နှာသစ်ပြီးပြီးခြင်း လိမ်းပါတယ်။ ဈေးလည်းသင့်မယ့် Fair & Lovely Cream လိမ်းကြည့်ကြမယ်လေ…

နှစ်သက်ရာ Cream လေးလိမ်းနော်

Related Article >>> မိတ်ကပ်လိမ်းတဲ့အချိန်မှာ ဖြစ်တတ်တဲ့အမှားတွေကို အလွယ်ပြင်ဆင်နည်း (၇) ခု

အဆင့် ၂ – ဒီအဆင့်မှာ မိန်းကလေးတော်တော်များများက မိတ်ကပ် (သို့) BB Cream လေးတွေလိမ်းပါတယ်။ အက်ဒ်မင် ကတော့ မိတ်ကပ်တွေ၊ BB Cream တွေလိမ်းတဲ့ အဆင့်ကို ကျော်ချပြီး Two-way Powder ပုတ်ချလိုက်တယ်… ကောင်းကျိုးကတော့ မိတ်ကပ်နေ့တိုင်းဆွဲစရာမလိုဘူး၊ မိတ်ကပ်ချွေတာရာရောက်သလို အသားအရေတွန့်မှာလည်း သိပ်မပူရတော့ဘူးပေါ့။ ဆိုးကျိုးကတော့ ကိုယ်လိမ်းထားတဲ့ အောက်ခံ Cream က နေရောင်မကာကွယ်နိုင်ရင် အသားမည်းမယ်နော်.. အဟီး

နှစ်သက်ရာ Powder or Cake သုံးနော်

အဆင့် ၃ – အက်ဒ်မင် က မျက်ခုံးမွှေးနည်းတဲ့သူဆိုတော့ မျက်ခုံးမွှေးကို အဓိကထားဆွဲပါတယ်။ ကိုယ်အသားပေးချင်တာကို သေချာခြယ်သလိုက်ရင် ကိုယ့်မျက်နှာအလှဟာ ပေါ်ထွက်သွားမှာပါ။ ဒီနေရာမှာ ပြောချင်တာက အက်ဒ်မင် ဆွဲတဲ့ မျက်ခုံးမွှေးဆွဲတံပါ။ မျက်ခုံးမွှေးဆွဲတံတွေ ဝယ်တိုင်း ၁ လထက်ပို မသုံးရလို့ အက်ဒ်မင် စိတ်ညစ်နေပေမယ့် မေမေ့ရဲ့ လက်ဆွဲ ဒီဇင်ဘာ လိုင်နာတောင့်လေးနဲ့ ဆွဲနေတာ… အို… အဆင်ပြေနေရောပဲ… အကြာကြီးလဲခံပြီး ဈေးကလည်းချိုမှချို…. အက်ဒ်မင် ဝယ်ထားတဲ့တစ်ချောင်းဆို မြန်မာငွေ ၃၀၀ ကျပ်…. တဲ့။

ပုံလေးကတော့ ဝါးနေပေမဲ့ ဒီလောက်ဆို မြင်သာပြီထင်တယ်နော်

အဆင့် ၄ – ဒီအဆင့်မှာ အက်ဒ်မင် က ပါးနီခြယ်ပါတယ်… အက်ဒ်မင့်မှာ ပါးနီဆိုတာ အရောင်မျိုးစုံရှိတယ်…

(ပါးနီ = နှုတ်ခမ်းနီ) လေ….

တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ… ဟဲဟဲ… မပိုင်ဘူးလား? ပါးမို့လေးပေါ်မှာ နှုတ်ခမ်းနီတောင့်လေး (သို့) နှုတ်ခမ်းနီဆိုးတံလေးနဲ့ ပါးပါးလေး အခြစ် ၃ ခြစ်လောက်ခြစ်ပါတယ်… ပြီးမှ လက်လေးနဲ့ ပြန်ဖြန့်လိုက်ပါတယ်။ ဒီနေရာမှာလည်း ဈေးတန်ပြီး ဆိုးလို့ကောင်းတဲ့ Bella သုံးလိုရတာပေါ့နော်….

နှုတ်ခမ်းနီကို ပါးနီလေး လုပ်လိုက်ရော

အဆင့် ၅ – ပါးနီအရောင်ကိုပဲ ဝမ်းဆက် အနေနဲ့ Admin ကတော့ မျက်ခွံကိုလည်းခြယ်ပါတယ်…ပါးနီဆိုးထားတဲ့ နှုတ်ခမ်းနီနဲ့ပဲပေါ့။ အရောင်လေးကို မျက်ခွံပေါ်မှာ ပါးပါးလေးပဲတင်ပါတယ်၊ ပြီးမှ လက်လေးနဲ့ လိုက်ဖြန့်ပါတယ်။ (အမယ်လေး သက်သာလိုက်တာကွာ…)

နှုတ်ခမ်းနီလေးနဲ့ ရှဲဒိုးခြယ် အယ်လယ်

Related Article >>> ခြောက်သွေ့တဲ့ အသားအရေနဲ့ အဆီပြန်တဲ့အသားအရေတွေအတွက် မိတ်ကပ်လိမ်းနည်း

အဆင့် ၆ – မျက်လုံးလေးကို တောက်တောက်လေးဖြစ်သွားအောင် Eye Liner ဆိုးမယ်… ကဲ… ဒီဇင်ဘာကိုပဲ ယူသုံးလိုက်မယ်လေ… ရေနည်းနည်းလေးစွတ်ပြီး မျက်သားထောင့်အပေါ်၊အောက်လေးကိုဆွဲ… လက်မငြိမ်လို့ ချော်သွားတာ လုံးဝမဖြစ်စေရဘူး…စိတ်ချ။

Liner ဆွဲတော့ ဒီလိုလေးဆို လှဘူးလား

အဆင့် ၇ – မျက်တောင်ကော့မယ်… မျက်တောင်တုတွေ မလိုပါဘူး။ ရှိတဲ့ မျက်တောင်လေးကို ရှိတဲ့ Mascara လေးနဲ့ပဲ သုံးပြီးကော့မယ်လေ… ကုန်ခါနီးရင် Vaseline Cream လေးပဲဖြစ်ဖြစ်၊ မျက်ကပ်မှန်စိမ် ဆေးရည်ပဲဖြစ်ဖြစ်၊ Baby Oil လေးပဲဖြစ်ဖြစ်… Mascara ဗူးထဲထည့်၊ လှုပ်ရမ်းပေးပြီး သုံးလိုက်ရင် အသစ်ဘယ်ဝယ်တော့မလဲ…. (အချိန်ကာလတစ်ခုထိပေါ့)

မက်စ်ကာရာခြောက်နေရင် ဒါမျိုးလေး လုပ်သုံး

အဆင့် ၈ – နှုတ်ခမ်းလေးကို အလှဆင်မဲ့ အလှည့်ရောက်ပါပြီ။ ပါးနီဆိုးထားတဲ့ အရောင်၊ မျက်ခွံခြယ်ထားတဲ့အရောင်လေး ဖြစ်တဲ့ စွယ်စုံရ နှုတ်ခမ်းနီလေးကိုပဲ သုံးမှာပေါ့။

စွယ်စုံရ နှုတ်ခမ်းနီလေး

ဟော ဒါဆိုရင် Everyday Make-up Look လို့ ခေါ်လို့ရပါပြီ ယောင်းတို့ရေ… ဘယ်လောက်ဈေးသက်သာသွားသလဲ….. ဆိုတာ တွက်ပြစရာမလိုတော့လောက်အောင် ရှင်းလင်းမြင်သာပါတယ်နော်…

ဈေးကြီးပေးပြင်မှ လှတာမဟုတ်ပါဘူး။ ကိုယ့်မှာရှိတာလေးနဲ့ပဲ ရှိသလို ကြံဆပြင်ဆင်ကြရင်းလည်း လှနေသေးတယ်ဆိုတာ မမေ့နဲ့နော် ယောင်းတို့။

ဒါဆို ဒီနည်းလမ်းလေးနဲ့ တစ်ခေါက်လောက်တော့ ပြင်ဆင်ကြည့်ကြပါဦးနော်… အားလုံးလှနိုင်ကြပါစေ။

ချစ်တယ် <3

Youth Thu (For Her Myanmar)

No Comments Yet

Comments are closed