ယောင်းတို့အတွက် Suncream ရဲ့ အကျိုးကျေးဇူး (၅)ချက်

အမယ် Suncream အစွမ်း အံ့မခန်း နော်…. 

မင်္ဂလာပါ ယောင်းတို့ရေ….ပူလှ အိုက်လှတဲ့ နွေရာသီကြီးလည်း ရောက်ပြီဆိုတော့ မျက်နှာအသားအရေ မပျက်စီးအောင် နေရောင်ခြည်ကို အံတုမယ့် ပစ္စည်းတစ်မျိုးရှိဖို့တော့ လိုပြီနော်။ ဒီတစ်ခေါက်မှာတော့ အက်ဒ်မင်တို့ မိန်းကလေးတွေ လုံးဝမေ့မထားသင့်တဲ့ suncream (နေရောင်ကာလိမ်းဆေး) ရဲ့ အကျိုးကျေးဇူး ၅ချက်ကို ပြောပြမှာပါ။

သူ့ရဲ့ အကျိုးအာနိသင်တွေကတော့….

(၁) အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်လှိုင်း(UV)တွေကနေ ကာကွယ်ပေးပါတယ်။

အိုဇွန်းလွှာတွေ ပိုပြီးပါးလာလေ အက်ဒ်မင်တို့အသားအရေဟာ ခရမ်းလွန်ရောင်ခြည် (UV ) ကြောင့် ပိုပြီး အန္တရာယ်များလာလေပါပဲ။ suncreamလိမ်းထားလိုက်မယ်ဆိုရင် ဒီလိုအန္တရာယ်ရှိတဲ့ ရောင်ခြည်တွေဟာ အသားထဲ မဝင်ရောက်နိုင်တော့ပါဘူး။

(၂) အရွယ်မတိုင်ခင် အိုမင်းတာကို တားဆီးပေးပါတယ်။

မျက်နှာ နုပျိုချင်ရင်၊ ကျန်းမာချင်ရင်၊ ကြည်လင်ဝင်းမွတ်နေချင်ရင် အပြင်သွားတိုင်း နေရောင်ကာလိမ်းဆေး သုံးပါလို့ ပညာရှင်တွေက ဆိုပါတယ်။ အက်ဒ်မင်တို့အမျိုးသမီးတွေ အသက်ကလေးရလာတာနဲ့ ဖြစ်တတ်တဲ့ အရေးကြောင်းတွေ လိုင်းတွေ ပါးရေနားရေ တွန့်ချင်တာတွေ ကို သက်သာအောင် နေရောင်ကာလိမ်းဆေးက ကူညီပေးပါတယ်။ လက်တွေ့လေ့လာချက်တွေမှာလည်း အသက်၅၅နှစ် အောက်အရွယ် နေရောင်ကာလိမ်းဆေးပုံမှန် လိမ်းတဲ့သူတွေဟာ မလိမ်းတဲ့သူတွေထက် အိုမင်းတဲ့လက္ခဏာတွေ ၂၄% လျော့ပါးနေတာကို တွေ့ရပါတယ်တဲ့။

Related Article >>> နွေရာသီမှာ တောက်တောက်ပပလေး လှနေဖို့ မိတ်ကပ်ဒီလိုလိမ်းကြည့်မယ်

(၃) suncreamလိမ်းခြင်းဟာ အရေပြားကင်ဆာ အန္တရာယ်ကို လျှော့ချပေးပါတယ်။

လေထုထဲမှာပြန့်နေပြီး ထီးနဲ့ကာကွယ်လည်း မလုံလောက်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကင်ဆာအမျိုးမျိုးရဲ့ တရားခံဖြစ်ပါတယ်။ အထူးသဖြင့် အသက်နှစ်ဆယ်အရွယ် မိန်းကလေးတွေကို ခြိမ်းခြောက်တတ်တဲ့ Melanoma ဆိုတဲ့ အဆိုးဆုံးကင်ဆာအမျိုးအစားအထိ ဖြစ်နိုင်ပြီး အသက်တောင် သေနိုင်တာမို့ နေရောင်ကာလိမ်းဆေးလိမ်းပြီး ကိုယ့်အရေပြားကို ကာကွယ်ကြဖို့ လိုပါတယ်နော်။

(၄)နေကြောင့်ဖြစ်တဲ့ မျက်နှာပေါ်က အစက်အပျောက်တွေ အညိုစက်တွေ အကွက်တွေကိုလည်း ကာကွယ်ပေးပြီး sunburnလို့ခေါ်တဲ့ အရေပြား နေလောင်ခံရတာကိုလည်း ကာကွယ်ပေးပါတယ်။

နေလောင်တာများလာတဲ့အခါ အက်ဒ်မင်တို့ အရေပြားမှာ ယားယံတာ နီရဲတာ ရောင်ရမ်းတာတွေ ခံစားရနိုင်ပြီး ကြာလာတဲ့အခါ အပေါ်က ပြောခဲ့သလိုပဲ သေစေနိုင်တဲ့ အရေပြားကင်ဆာ melanomaကို ဖြစ်စေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် နေရောင်ကာလိမ်းဆေးကောင်းကောင်းလိမ်းပြီး ကိုယ့်ကိုယ်ကို သေချာ ဂရုစိုက်ဖို့လိုပါတယ်နော်။

(၅) suncreamဟာ အရေပြားရဲ့ အရေးကြီးပစ္စည်းတွေကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။

အက်ဒ်မင်တို့ အသားရည်နုပျိုလှပဖို့ အရေးကြီးတဲ့ ပရိုတိန်းဓာတ်တွေဖြစ်တဲ့ ကော်လာဂျင် (collage) ကီရာတင်(keratin) နဲ့ အက်လာစတင် (elastin) တွေကို နေရောင်ကာလိမ်းဆေးက ကောင်းကောင်းကြီးကာကွယ်ပေးပါတယ်တဲ့။

ဒီလို အကျိုးကျေးဇူးတွေရဖို့ဆို ကိုယ့် နေရောင်ကာလိမ်းဆေးရဲ့ ပါဝင်ပစ္စည်းထဲမှာ Titanium dioxide ရယ် Octyl Methoxycinnimate ရယ် Avobenzone( also parsol) ရယ် zinc oxideရယ် ပါဖို့တော့ လိုပါတယ်နော် ယောင်းတို့ရေ…

နောက်ပြီး အနည်းဆုံး SPF 30ရှိပြီး ရေစိုခံတဲ့  နေရောင်ကာလိမ်းဆေး (waterproof suncream) မျိုးကို ရွေးချယ်သင့်ပါတယ်နော်။ နေရောင်ကာလိမ်းဆေးလိမ်းတဲ့အခါမှာလည်း နေရောင်မထိခင်၊ အပြင်မထွက်ခင် နာရီဝက် ကြိုပြီး လိမ်းပေးထားရပါမယ်နော်။ လိမ်းပြီး နာရီဝက်ကျော်ကြာမှ အာနိသင်ပြတာမို့ပါတဲ့။ ကမ်းခြေမှာ နေပူစာလှုံရင်း နေလောင်မှာကြောက်တဲ့ ယောင်းတို့ကတော့ နေရောင်ကာလိမ်းဆေးလေးကို နှစ်နှာရီခြားတစ်ခါ လိမ်းပေးသင့်ပါတယ်တဲ့။

နောက်ပြီး နေရောင်ကာလိမ်းဆေးဝယ်တဲ့အခါလည်း “non-comedogenic” “hypoallergenic “လို့ဆိုတဲ့ ဟာတွေကို ရွေးချယ်ပေးမှ ချွေးပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံထွက်တာတွေ၊ ဓာတ်မတည့်လို့ အလာဂျီဖြစ်တာတွေကို တားဆီးနိုင်မှာပါ ယောင်းတို့ရေ…

Sunblock လို့ လည်း ခေါ်ကြတဲ့ suncreamကို အက်ဒ်မင်အရင်က သုံးလေ့မရှိပါဘူး။ ဒါပေမဲ့ suncreamကို အရေးပါပုံတွေ သိလိုက်ရပြီးနောက်မှတော့ suncreamပဲ ပြေးပြေးဝယ်နေမိတယ်
ကဲ..ဒါကြောင့် ခရမ်းလွန်ရောင်ခြည်တွေပျံ့နေတဲ့လေထုထဲမှာ အသားရည် နုပျိုလှပနေဖို့နဲ့ ကျန်းမာနေဖို့ ဒီတစ်နွေတင်မဟုတ်ဘဲ ၁၂ရာသီလုံး အပြင်ထွက်တိုင်း နေရောင်ကာလိမ်းဆေး မမေ့မလျော့လိမ်းပေးကြပါနော် ။
By
Mira ( For Her Myanmar )
Reference links: Style Craze , Huffpost

No Comments Yet

Leave a Reply

Your email address will not be published.