အလှကုန်ပစ္စည်း (၆) ခုပဲရွေးရမယ်ဆိုရင် ဘာတွေကိုရွေးချယ်သင့်လဲ

အပြင်သွားခါနီးတိုင်း ဘာသယ်လို့ သယ်ရမှန်းမသိဘဲ စိတ်ညစ်နေတဲ့ယောင်းတွေအတွက် မင်မင့်လက်ဆောင်။

ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားခဲ့ရင်တောင် အလှပြင်ပစ္စည်းအိတ်ကို ဖက်ပြီးပြေးမယ်ဆိုတဲ့ ယောင်းယောင်းတွေ လက်ညှိုးထောင်။ ဒါပေမဲ့ တကယ်တမ်း ကမ္ဘာနှစ်ခြမ်းမကွဲခဲ့ရင်တောင် ချက်ချင်းဆိုသလို ရုတ်တရက်သွားလာတဲ့အချိန်မှာ ကိုယ့်ရဲ့လက်စွဲတော် တစ်ထုပ်လုံးလည်း သယ်သွားလို့မရ၊ ယူမယ်လို့တွေးပြီး အထုပ်သီးသန့်ထုပ်ပြန်တော့လည်း လိုတဲ့ပစ္စည်းတွေက များပြီး တစ်ထုပ်လုံးနီးပါး ပြန်သယ်ရမယ့် အကွက်တွေ ဖြစ်ပြန်ရော။ (ဒါကတော့ နှင်းတို့လည်း ဖြစ်တတ်တာမို့ အဲဒီခံစားချက်ကို သဘောပေါက်တယ်။) ဆိုတော့ အားလုံးထဲမှာမှ တကယ်လိုအပ်မယ့် ပစ္စည်း (၆) မျိုးကို နှင်းတို့အတူတူရွေးချယ်ကြည့်ရအောင်နော်။

(၁) မျက်ခုံးမွှေးဆွဲတံ

အခုနောက်ပိုင်း မျက်ခုံးမွှေးဆွဲတံတွေက 3in1 ဆိုတဲ့ ခဲရယ်၊ အမှုန့်ရယ်၊ ခြစ်တဲ့အတံလေးရယ်ပါ တစ်ခါတည်းပါတာမို့ တစ်ခုသယ်သွားရုံနဲ့ မျက်ခုံးကောင်းကောင်းခြစ်လို့ရတာမို့ ဒါလေးက မပါမဖြစ်ပစ္စည်း (၆) မျိုးထဲက တစ်ခုပါပဲ။

cosmetics
3in1 မျက်ခုံးဆွဲတံဆိုတာ ဒါမျိုးပါ။

(၂) ကူရှင်မိတ်ကပ်

အချိန်လည်းမရှိဘူး၊ မိတ်ကပ်ကလည်း ပါးပါးလေးဖြစ်ဖြစ်ပါနေမှ ဖြစ်မယ်ဆိုတဲ့ ယောင်းတွေအတွက် အင်မတိအင်မတန် အသုံးဝင်ပြီး ရှိမှကိုဖြစ်မယ့် ပစ္စည်းပါ။ အသားအရေ ထိန်းသိမ်းတဲ့ သက်ရောက်မှု၊ နေလောင်ဒဏ်ကာကွယ်တဲ့ သက်ရောက်မှုအပြင် တစ်ချက်ချင်း ပုတ်ပုတ်ပြီး လိမ်းပေးတာနဲ့ မျက်နှာက ဖုံဖုံသိပ်သိပ်လေး ဖြစ်နေစေမှာမို့ နှင်းကမိတ်ကပ်အတွက်တော့ ကူရှင်ကိုစာရင်းထဲထည့်ပါတယ်။

cosmetics
ကူရှင်မိတ်ကပ်

(၃) မျက်တောင်ကော့ဆေး

မျက်ရစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မျက်တောင်တိုတိုလေးနဲ့ တန်းတန်းကြီး ဖြစ်နေတာထက်စာရင် ခပ်ကော့ကော့၊ ကောက်ကောက်လေးဖြစ်နေတာက ကိုယ့်မျက်လုံးကို ပိုကျယ်သယောင်၊ ပိုပြူးသယောင်ဖြစ်စေပြီး မျက်လုံးကို ပုံမှန်ထက်ပိုပြီး လှပစေပါတယ်။ ဒါကြောင့် မျက်ကော့ဆေးကလည်း မရှိမဖြစ်ပါပဲ။ (တစ်ခုသတိထားရမှာက အဲ့ဒီမျက်တောင်ကော့ဆေးကို ရေစိုခံမဟုတ်ဘဲ ရိုးရိုးပုံမှန် အမျိုးအစားကိုပဲ သုံးပေးရပါမယ်နော်။)

cosmetics
ရိုးရိုးမျက်တောင်ကော့ဆေးသုံးရင် မျက်တောင်ပျက်စီးတာ၊ မျက်လုံးထိတာမျိုးတော့ မဖြစ်တော့ဘူးပေါ့
cosmetics
ငိုတော့မငိုနဲ့ပေါ့အေ 😛

Related Article >>> မိတ်ကပ်ပုံစံကို လိုက်ပြီး ရွေးချယ်နိုင်စေဖို့ အခြေခံ မိတ်ကပ်ဖျက်ဆေး (၄)မျိုး

(၄) နှုတ်ခမ်းနီ

ဒါကတော့ ပြောနေစရာကို မလိုပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့အိတ်ထဲမှာ အရေးပေါ်လစဉ်သုံးပစ္စည်းသာမပါရင်နေမယ် နှုတ်ခမ်းနီကတော့ အနည်းဆုံး တစ်ရောင်ပါတတ်တယ်မလား။ ဒါပေမဲ့ နှုတ်ခမ်းနီဆိုတဲ့နေရာမှာ matte ဆိုတဲ့အခြောက်ကြီးမဟုတ်ဘဲ tint (စိုစိုအိအိနဲ့ အရောင်စွဲတဲ့အမျိုးအစား) လောက်ယူသွားရင်ပိုအဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ အဲဒီနှုတ်ခမ်းနီကိုပဲ ပါးပေါ်တစ်စက် နှစ်စက်လောက်တင်ပြီး ဖြန့်လိုက်တာနဲ့ ပါးနီဖြစ်သွားရောလေ 😛

cosmetics
နှုတ်ခမ်းနီအပြင် ပါးနီပါသုံးလို့ရအောင် ဒါမျိုးလေးဆောင်ထား 😀

(၅) လိုင်နာ (သို့) အခြေခံလေးရောင်ပါ ရှဲဒိုးကွက်

နှင်းအတွက်ကတော့ မျက်ခုံးရှိရင် အားလုံးပြည့်စုံပြီဆိုပေမဲ့ တစ်ချို့ယောင်းယောင်းတွေကတော့ မျက်လုံးမှာ အရောင်လေးရှိမှ နေတတ်တာဆိုတော့ လိုင်နာ (သို့) အခြေခံလေးရောင်ပါ အိုင်းရှဲဒိုးကွက်ကတော့ မရှိမဖြစ်ပါပဲ။ အကယ်၍ လိုင်နာကုန်သွားတယ်ဆိုရင်လည်း အမည်းရောင် ရှဲဒိုးလေးသုံးပြီး ပါးပါးလေးလိုင်းဆွဲပေးလို့ရပါတယ်။ ဒါကတော့ မျက်လုံးအတွက်ပေါ့နော်။

cosmetics
အခြေခံအကွက်လေးကွက်ဆိုတာ ဒါမျိုးကိုပြောတာပါ

Related Article >>>> မျက်နှာသစ်တဲ့အခါ သတိပြုစဉ်းစားရမယ့် အချက် (၅)ချက်

(၆) Setting spray (မိတ်ကပ်လိမ်းပြီး အဆုံးသတ်မှာ ဖြန်းတဲ့ စပရေး)

အဆီပြန်တဲ့ အသားအရေဖြစ်စေ၊ အသားအရေ ခြောက်တာဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမဆို သူ့ကိုဖြန်းလိုက်ရုံနဲ့ ပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ရေဓာတ်ဖြည့်ပေးတဲ့အပြင် အဆီပြန်တဲ့အချိန် ဖြန်းလိုက်တဲ့အခါမှာလည်း မျက်နှာကို ပြန်သိပ်သွားစေတာမို့ နေပူကြဲတဲထဲသွားရတဲ့အခါဖြစ်စေ၊ ခရီးဝေးသွားရတဲ့အခါမှာပဲဖြစ်စေ မျက်နှာကို အဆီတဝင်းဝင်းနဲ့ ပရမ်းပတာဖြစ်နေတာမျိုးတွေကို ကာကွယ်ပေးမှာပါနော်။ ဒါကြောင့် သူကလည်း ဆောင်ထားသင့်တဲ့ ပစ္စည်းလေးတစ်ခုပါ။

cosmetics
မျက်နှာဖြန်းတဲ့ စပရေး

ကဲ ဒီပစ္စည်း ၆ မျိုးကတော့ မိတ်ကပ်ပစ္စည်းတွေထဲက မရှိမဖြစ်ဆိုတဲ့ ပစ္စည်းတွေပါ။ နောက်ပြီး ပြီးပြည့်စုံတဲ့ နေ့စဉ်မိတ်ကပ်အပြင်အဆင်ကိုလည်း ဒီပစ္စည်းတွေ ရှိရုံနဲ့တင် ကောင်းကောင်းပြင်လို့ရတာမို့ ခုမှမိတ်ကပ်စလိမ်းမယ့် ယောင်းတွေလည်း ဘာဝယ်လို့ဝယ်ရမှန်းမသိရင် ဒါလေးတွေဝယ်ရုံနဲ့ ကောင်းကောင်းလုံလောက်ပါပြီလို့။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed