Beauty FUN Knowledge

သမိုင်းတစ်လျှောက်က ထူးထူးခြားခြား အလှပြုပြင်နည်းများ

ရှူရှူးတွေနဲ့ ပါးလုတ်ကျင်းကြသေးသတဲ့.. အော့အော့… 

ယောင်းတို့ရေ.. “Pee Mak” ကားကြည့်ဖူးကြတယ်ဟုတ်? အဲဒီကားထဲမှာ မင်းသားတွေရော၊ မင်းသမီးတွေရော ရှိသမျှ လူအကုန်လုံး သွားမည်းမည်းကြီးတွေလေ.. သတိထားမိကြလား? အက်ဒ်မင် အစက ထင်ခဲ့တာတော့ အဲဒါကွမ်းစားလို့ ဖြစ်တာပေါ့.. တကယ်တော့ ဟုတ်ဘူးရယ်.. အဲဒီခေတ်တုန်းက သွားမည်းတာတွေက ဖက်ရှင်တဲ့ကွယ်.. ခေတ်အရမ်းစားတာပေါ့.. သွားမှ မမည်းရင် မလှတော့ဘူးမို့ မည်းအောင် လုပ်ကြရတာဆိုလား (အင်းလေ.. ကိုယ်မှ အဲ့ခေတ်မမှီလိုက်တာကိုးနော့်) အဲ့တော့ အက်ဒ်မင်က စဉ်းစားကြည့်တယ်… သူတို့တွေ သွားမည်းတာကိုတောင် လှတယ်လို့ ယူဆနေကြရင်ပေါ့လေ… တခြား ဘယ်လိုအဆန်းတကြယ်ကိုရော လှတယ်လို့များ ယူဆနေကြပါလိမ့်ပေါ့… ထုံးစံအတိုင်း “မင်မင် စပ်စုခြင်း” ပေါ့ ယောင်းတို့ရယ်.. ရှာတွေ့ထားတာလေးတွေ ယောင်းတို့ကို ပြပေးမယ်နော်…

၁။ တစ်ဆက်တည်း မျက်ခုံး

တစ်ဆက်တည်း မျက်ခုံး

အဲ.. ဒါတော့ ခုခေတ်မှာ သိပ်မဆန်းဘူးရယ်.. ဘာလို့ဆို အင်စတာဂရမ်မှာ အဆန်းတကြယ် မျက်ခုံးတွေက အမြဲပေါ်နေကျဆိုတော့ ဒါလည်း လုပ်ရင်လုပ်မှာပေါ့လေ.. မျက်ခုံးတစ်ခုတည်းဆိုတာက ယောင်းတို့မြင်ဖူးကြမှာပေါ့ .. ဟိုဘက်မျက်ခုံးနဲ့ ဒီဘက်မျက်ခုံး ဆက်နေတဲ့သူတွေလေ.. ဟိုးအရင်တုန်းက ဂရိမှာ ဒီလို မျက်ခုံးတစ်ခုတည်းက အရမ်းကို ခေတ်စားခဲ့တာပါတဲ့… အကြောင်းက ဒီလိုတဲ့ ယောင်းတို့ရေ… ဂရိအမျိုးသမီးတွေက မျက်ခုံးကို ဘာမှ မလုပ်ဘဲ ထားထားတာက သန့်စင်ခြင်းလို့ဆိုပါသတဲ့.. ဆိုလိုတာကကွာ မျက်ခုံးတွေ မည်းမည်းနက်နက် ထူထူ ရှိနေရင် သန့်စင်တယ်ပေါ့… မရှိတဲ့သူတွေတော့ အမှုန့်မည်းမည်းတွေ သုံးပြီး မျက်ခုံးနက်အောင် လုပ်ပေါ့လေ… မျက်ခုံးတစ်ခုတည်းရှိခြင်းကတော့ ဥာဏ်ကောင်းခြင်းနဲ့ ခမ်းခမ်းနားနား လှပခြင်းလို့ အဓိပ္ပာယ်ရပါသတဲ့ကွယ်… ဒီတော့ မျက်ခုံးမဆက်တဲ့သူတွေကလည်း ထုံးစံအတိုင်း ဉာဏ်ဆင်ကြတော့တာပေါ့.. အမည်းမှုန့်တွေနဲ့ မလောက်တဲ့အခါ ဆိတ်မွှေးတွေကို သစ်စေးတွေနဲ့ကပ်ပြီး မျက်ခုံးနှစ်ခုကြားက ကွက်လပ်ကို ဖြည့်ကြပါတယ်တဲ့… ကိုင်း… ဘယ်လိုသဘောရကြတုန်း?

၂။ သွားဖြူနည်းအဆန်း

ရှူရှူးတွေကို ပါးလုတ်ကျင်းဆေးဖြစ်အောင် ဒီလိုလုပ်တယ်နေမယ် :3

အက်ဒ်မင်တို့တွေလည်း သွားဖြူတာလေး ကြိုက်တယ်ဟုတ်? သွားဖြူဖြူဖွေးဖွေးလေးရဖို့ သွားဆရာဝန်ဆီ သွားရတာမှန်းမသိ၊ လေဆာသုံးရတာမှန်းမသိ၊ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေ သုံးရတာမှန်းမသိ… အမျိုးမျိုးပေါ့.. ဒါက အက်ဒ်မင်တို့ခေတ်မှ မဟုတ်ပါဘူး။ ဟိုးရှေး ရောမ အမျိုးသမီးတွေကလည်း သွားဖြူဖြူလေးရဖို့ ကြိုးစားခဲ့ကြပါတယ်..

သူတို့နည်းလမ်းကတော့ ရှူရှူးနဲ့ ပါးလုတ်ကျင်းတာပါတဲ့… အော့အော့တွေနော်.. ရှူရှူးတောင် ရိုးရိုးနဲ့ မရဘူးတဲ့ ယောင်းတို့ရေ… ပေါ်တူဂီလူမျိုးတွေရဲ့ ရှူရှူးနဲ့မှပါတဲ့… Eewww… ပေါ်တူဂီတွေရဲ့ ရှူရှူးတွေက ကမ္ဘာပေါ်မှာ အပြင်းဆုံးလို့ဆိုတာကြောင့် ပေါ်တူဂီရှူရှူးတွေကို ဂျားလိုက် ရောမကို တင်ပို့ရပါတယ်။ အခွန်တောင် ကောက်သေးသတဲ့လေ.. ရောမ ရောက်တော့မှ လူကုံထံ ရောမအမျိုးသမီးတွေက အဲဒါတွေကို ဝယ်ပြီး သွားတွေ ဖြူဖို့ ပါးလုတ်ကျင်းဆေးအဖြစ် သုံးကြတာပေါ့… တကယ်တော့ အဲဒီ ကျင်ငယ်ရည်ထဲမှာပါတဲ့ အမိုးနီးယားက ပိုးမဝင်အောင်လုပ်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အဲ့ သေးတွေကို ၁၈ ရာစုလောက်ထိ ပါးလုတ်ကျင်းဆေးတွေထဲမှာ ပါဝင်ပစ္စည်းတွေအဖြစ် ထည့်ထားခဲ့ကြပါတယ်တဲ့။

Related Article >>> စံချိန်မီလှဖို့ နံရိုးချိုးမှာလား

၃။ ဖွေးဆွတ်နေတဲ့ အသားအရေ

စနိုးဝှိုက်ကို ဒီ trend တွေနဲ့များ ရေးခဲ့လေသလား

ခုခေတ်မှာတော့ အနောက်တိုင်းက အမျိုးသမီးတွေဟာ နေလောင်ခံအသားအရေတွေ ပိုင်ဆိုင်နိုင်ဖို့ နေပူထဲတောင် နေလှမ်းကြတာ မဟုတ်လား။ သမိုင်းထဲမှာတော့ဒါနဲ့ ပြောင်းပြန်ပါပဲ။ အဲဒီခေတ်တွေတုန်းကတော့ ခပ်ညိုညို (နေလောင်ထားတဲ့အသားအရောင်) အသားအရောင်ဟာ အပြင်ထွက် အလုပ်လုပ်ေ်နရတဲ့ အလုပ်သမားတွေမှာသာ ရှိတယ်လို့ ယူဆထားတာကြောင့် လုံးဝ ဖြူဆွတ်ဆွတ် အသားအရေရဖို့ နည်းအမျိုးမျိုး သုံးခဲ့ကြပါတယ်။ အသားဖြူဆေးတွေက ဒီဘက်ခေတ်ထိတောင် ရှိနေသေးတာ မဟုတ်လား… ဒါပေမဲ့ အဲ့လို အသားဖြူနည်းတွေထဲမှာမှ ၆ရာစုတုန်းကဆို မျှော့တွေနဲ့ သွေးစုပ်ခိုင်းကြတာတွေ ရှိပါတယ်။

၁၈ ရာစုလောက်မှာတော့ မျှော့တွေကို မသုံးတော့ဘဲ ခဲ (Lead) နဲ့ ရှာလကာရည်ကို အသားဖြူဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ စနိုးဝှိုက်လို အသားလေးဖြူဆွတ်ပြီး ပါးလေးတွေ ရဲနေဖို့အတွက်တော့ အနီရောင်ခဲကို အသုံးပြုခဲ့ကြပါတယ်။ ယောင်းတို့သိတဲ့အတိုင်း ခဲဆိုတာက အသားအရေကို ပျက်စီးစေတာတင်မက ခဲဆိပ်သင့်ရင် သေသည်ထိ ဖြစ်နိုင်တယ်မဟုတ်လား.. သူတို့လည်း သရဲလိုလို သေလူလိုလို ဖြူဆုတ်ဆုတ်အသားအရေမျိုး ရလာတဲ့အပြင် နေမကောင်းတွေ အကြီးအကျယ်ဖြစ်ပြီး သေဆုံးသည်ထိ ဖြစ်ခဲ့ကြပါတယ်တဲ့…

နောက် ခဲ ခေတ်ကုန်သွားတော့ အသားဖြူဖို့အတွက် အာဆင်းနစ်တွေ စားခဲ့ကြပါတယ်။ အာဆင်းနစ်ဆိုတာ ဘယ်လို အဆိပ်မျိုးလဲ ယောင်းတို့သိတယ်ဟုတ်? ဒီလိုအဆိပ်မျိုးကို အသားဖြူဖို့ အကြောင်းရင်းတစ်ခုတည်းနဲ့ စားရဲကြတာတော့ အံ့သြစရာပါပဲ.. သေတတ်မှန်းမသိလို့လည်းနေမှာပေါ့နော်.. စားရင်း စားရင်း ကတုံးဖြစ်လာတဲ့သူတွေ၊ အကြီးအကျယ် နေမကောင်းဖြစ်တာတွေ ဖြစ်လာပေမဲ့လည်း သူတို့ကတော့ ဖြူဖို့ ဆက်ပြီး ကြိုးစားဆဲပါပဲ။

နောက်ထပ် ရယ်စရာလို့ခေါ်ရမလားမသိ.. လုံးဝ ဖြူဖပ်ဖြူလော်ျ အသားအပြင် သွေးကြောတွေ မြင်နေရခြင်းကိုက ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်၊ ရွှေလင်ပန်းနဲ့ အချင်းဆေးကြသူတွေမို့ သွေးကြောလေးတွေတောင် ပေါ်နေတယ်လို့ ယူဆကြတာကြောင့် အချို့သော အမျိုးသမီးတွေက သွေးကြောတွေကို အပြာရောင်ခဲတံနဲ့ လိုက်ထပ်ပြီး ထင်းနေအောင် လုပ်ခဲ့ကြပါသေးတယ်တဲ့။

၎။ နဖူးကျယ်ကျယ် ရှင်းရှင်း 

လှချက်တစ်ပေါက်

နဖူးပြောင်တဲ့ ယောင်းလေးတွေတော့ ဂုဏ်ယူစရာပါပဲ.. အလယ်ခေတ်တုန်းက အင်္ဂလန်က အမျိုးသမီးတွေဟာ ဟိုးအပေါ်က အက်ဒ်မင်ရေးပြခဲ့တဲ့ ဂရိအမျိုးသမီးတွေနဲ့တော့ ပြောင်းပြန်ပါပဲ။ ” No Hair, Don’t Care” ဆိုတာ သူတို့ခေတ်ရဲ့ ဆောင်ပုဒ်လို့တောင် ဆိုရမလား… နဖူးကျယ်ကျယ် ရှင်းရှင်းနဲ့ လုံးလုံးကို ရစေဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ဘယ်လိုတောင်လဲဆိုတော့ နဖူးစပ်က ဆံသားနုနုလေးတွေကို နုတ်လိုက်တာမျိုးတွေပေါ့.. (အမလေး ဘယ်လောက်တောင် နာလိုက်မလဲ) ဘဲဥရှည်ရှည်ပုံ မျက်နှာရှည်ရှည်ကို လှတယ်လို့ သတ်မှတ်ခဲ့ကြတယ် နေပါလိမ့်မယ်..

ဒါတင်မက နဖူးကို ပိုရှင်းသွားစေဖို့ မျက်ခုံးမွေးတွေကိုတောင် နှုတ်ကြသေးသတဲ့လေ… အိုက်ဂူး.. ဘယ်လိုတောင်လဲ.. ဒါတော့ထားပါ.. ဒီဘက်ခေတ်မှာတောင် မျက်ခုံးရိတ်တာတွေ မျက်ခုံးနှုတ်တာတွေ ရှိနေတော့ မပြောသေးဘူး..

ပိုဆန်းတာက မျက်တောင်မွေးတွေကိုပါ နှုတ်ပစ်တာပါတဲ့ကွယ်..  အက်ဒ်မင်တို့ဆို မျက်တောင် ထူထူစိပ်စိပ်လေးတွေ လိုချင်လွန်းလို့နော်… ကိုယ့်ရဲ့ မရှိမဲ့ ရှိမဲ့ မျက်တောင်လေးကို ထူစေတဲ့၊ ရှည်စေတဲ့ မျက်တောင်ကော့ဆေးတွေ သုံးလိုက်ရတာ အမော.. မျက်တောင်တုတွေတောင် တပ်ရသေး.. သူတို့ကတော့ ပြောင်ရှင်းနေတာက အလှလို့ ခံယူထားလို့ အကုန်ကို နှုတ်ပစ်တော့တာပဲ.. ဘယ်လောက်တောင် နာမလဲ မသိလေ.. မျက်လုံးထဲလည်း အမှိုက်တွေ ဘယ်လောက် ဝင်မယ်မသိဘူး 😀 သူတို့ခေတ်နဲ့ သူတို့ အခြေပေါ့လေ..

၅။ ဆံပင်တု၊ ဆံထုံးတု

ဆံပင်တု

မြင်ဖူးကြတယ်ဟုတ်? ရုပ်ရှင်တွေထဲမှာ ဆံပင်တု အကြီးကြီးတွေလေ.. ၁၈ရာစု ဥရောပမှာ ဆံပင်တု အလုံးလိုက်ကြီးတွေ သိပ်ခေတ်စားခဲ့တာပေါ့။ အက်ဒ်မင်တို့ရဲ့ ဆံပင်တုတွေနဲ့မတူတာက အက်ဒ်မင်တို့ ခေတ်မှာ သဘာဝနဲ့ အနီးစပ်ဆုံးဆံပင်တွေကိုပဲ ဆံပင်တုအဖြစ် ဝတ်ဆင်ကြတာပါ။ ပြီးတော့ ဝတ်ရတာက ဆံပင်မှာ ကလစ်လေးနဲ့ကပ်လိုက်ရုံဆိုတော့ လွယ်ကူ အဆင်ပြေတယ်လေ.. သူတို့ခေတ်ရဲ့ ဆံပင်တုတွေကတော့ ခေါင်းမှာ စွပ်လို့ရတဲ့ သစ်သားခွက်ကြီးကို ဆံပင်တွေမှာ ဝက်ဆီတွေကို ကော်လိုကြိုပြီး ကပ်လိုက်ရတာပါတဲ့.. ဆံပင်တုတွေ ပုံမပျက်ဖို့ ဝက်ဆီတွေက ကောင်းကောင်း အလုပ်လုပ်ပေးနိုင်ပေမဲ့ ဝက်ဆီဟာ စားစရာဖြစ်နေတဲ့ အတိုင်း ကြွက်တွေကို ဆွဲဆောင်တော့တာပေါ့။ ဝတ်ထားတဲ့သူတွေ သတိမထားမိချိန်အတွင်းမှာပဲ ကြွက်တွေက အဲ့ဆံပင်တွေကြားမှာ အသိုက်ဆောက်ပြီး နေပါတော့တယ်။ အဲ ဒီတော့.. ဒီပြဿနာကို ကာကွယ်ဖို့ ဆံပင်တုကြီးတွေနား ကြွက်တွေ ကပ်လို့ မရအောင် လှောင်အိမ်ကြီးနဲ့ ထားရပါတော့တယ် 😀 မဆိုးဘူးနော်… အဲ့လို လုပ်ထားကာမှ ပိုင်ရှင်တွေ အိပ်နေတဲ့အခါ ဆံပင်တုတွေထဲ ကြွက်တွေ အသိုက်လာမဆောက်နိုင်တော့မှာပေါ့..

ကဲ… ယောင်းတို့ရေ… ဒီလို အလှအပ စံနှုန်းတွေကိုရော ဘယ်လိုထင်ကြလဲ? ဒီဘက်ခေတ်မှာတော့ ဒါတွေက ရယ်စရာ၊ ထူးဆန်းစရာတွေဖြစ်နေပေမဲ့ သူတို့ခေတ်တုန်းကတော့ ဒီအလှအပ စံနှုန်းတွေဟာ တကယ်ကို လှပတဲ့မိန်းမပျိုတွေရဲ့ ပုံရိပ်တွေပါ။ ဒီလို အလှအပကို ရနိုင်ဖို့ သေဆုံးခဲ့ရတဲ့ အသက်တွေလည်း မနည်းဘူး မဟုတ်လား… လှအောင်လုပ်ရင်း လုပ်ရင်း အသားအရေ ပျက်စီးတာတွေလည်း မနည်းဘူးလေ… ဒီဘက်ခေတ်မှာ လူဖြစ်လာတာပဲ ကေျးဇူးတင်ရမလိုလိုပါ…

ယောင်းတို့ အမြင်တွေကိုလည်း မန့်သွားကြဦးနော်… နောက်ထပ် အဲ့လို ထူးထူးဆန်းဆန်းတွေလည်း ထပ်ရေးပေးဦးမှာမို့ စောင့်ဖတ်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးလို့…

Libra (For Her Myanmar)

References : Mental Floss , Bust , Bustle

 

Leave a Reply

Your email address will not be published. Required fields are marked *