မိတ်ကပ်နဲ့ပတ်သက်ပြီး ယောင်းတို့အမှန်လို့ယူဆထားကြတဲ့ ယုံတမ်းစကားတွေ

မှားချက်တစ်ပေါက် လျှမ်းလျှမ်းတောက်ပြီး ပရမ်းပတာတွေဖြစ်နေတဲ့ ယောင်းတို့အတွက်… 

မိတ်ကပ်စလိမ်းတော့မယ်ဆိုတာနဲ့ ကိုယ့်ရှေ့ကစီနီယာတွေကိုမေးပြီး ဘာမိတ်ကပ်ကောင်းလဲ၊ ဘယ်လိုနည်းတွေနဲ့လိမ်းတာက အဆင်ပြေလဲ၊ ဘယ်လိုလိမ်းရမလဲ၊ ဘယ်ပစ္စည်းက ဘယ်ဈေးရှိလဲ စသည်ဖြင့် မေးခွန်းပေါင်း ၁၆၀၀၀ ပတ်မေးရတာလည်း အမော။ ပြီးတော့လည်း ဆရာများသားသေဆိုသလို အမှားတွေကို ရင်ဝယ်ပိုက်ပြီး ပေါက်ကရတွေလိမ်းချလိုက်တာ မေချောက်ဖုံရုပ်ကြီးထွက်လာရောလေ။ ဒါကြောင့် မိတ်ကပ်နဲ့ပတ်သက်ပြီး လူတွေလက်ခံထားတဲ့အမှားတစ်ချို့ကနေ ခွဲထွက်ပြီး အမှန်ကိုလက်ဆင့်ကမ်းနိုင်အောင် နှင်းကဒီဆောင်းပါးလေးကို ရေးလိုက်ရပါတယ်။

(၁) မိတ်ကပ်အညိုတွေက အသားနေလောင်ထားတဲ့အသားအရည်ပုံပေါက်စေပါတယ်။

တစ်ချို့တွေက အသားဖြူတာကို အရမ်းဖြူဆုတ်နေလို့ သဘောမကျတာမျိုးရှိတတ်ပါတယ်။ အဲ့အချိန်မှာ ညိုချင်ဇောနဲ့ မိတ်ကပ်အရောင်အမှားတွေသုံးတာက မှားချက်တစ်ပေါက် လျှမ်းလျှမ်းတောက်ပါပဲ။ ကိုယ့်အသားအရောင်က အဖြူဆိုတော့ ပန်းရောင်သမ်းတဲ့ အောက်ခံအရောင်ကို အဝါသမ်းတဲ့ အညိုတွေသုံးလိုက်ရင်တော့ အသားဝါရောဂါရနေသလိုလို ဘာလိုလိုနဲ့ ပရမ်းပတာ အသားရောင်ဖြစ်သွားပါလိမ့်မယ်။ ကိုယ့်အသားအရောင် အောက်ခံအတွက် မှန်ကန်တဲ့ မိတ်ကပ်အရောင်ကို သေချာရွေးဖို့ မှာလိုက်ပါရစေ..

သိပ်ညိုချင်သပဆိုပြီး ညာဘက်ကအညိုတွေရွေးလို့ကတော့ ညိုတော့မပြာညက်ဘူး ပြာတက်သွားမယ်ဆိုတာယုံ

(၂)  မိတ်ကပ်ကအသားအရည်ပျက်စီးစေတယ်။

ဘယ်သူစလိုက်တဲ့ ကိစ္စလဲတော့မသိ။ မိတ်ကပ်သုံးရင် အသားအရည်ပျက်စီးပြီး အဖုတွေထွက်လာတယ်ဆိုတဲ့အကြောင်း။ အမှန်တော့ မိတ်ကပ်ကြောင့်မဟုတ်ဘဲ ကိုယ်ကမျက်နှာသေချာမသစ်လို့ဆိုတာ ယူတို့မှမသိဘဲ။ အမှန်တော့ မိတ်ကပ်တွေက လေထုထဲကဖုန်မှုန့်၊ အညစ်အကြေး၊ နေရောင်ဒဏ်ကို ကာကွယ်ပေးတဲ့ အလွှာတစ်ခုအနေနဲ့ ရှိတာမို့ အသားအရည်ပျက်စီးခြင်းကို တစ်ဘက်တစ်လမ်းကနေ ကာကွယ်ပေးပါသေးတယ်။ ဒါပေမဲ့ တစ်နေ့လုံး အညစ်အကြေးပေါင်းစုံရောနေပြီး ညကျတော့မျက်နှာပြန်မသစ်တဲ့အခါ အဆီဖုလေးတွေပေါက်လာတာမဆန်းပါဘူး။

မျက်နှာမသစ်လို့ ထတဲ့အဆီဖုတွေ

Related Article >>> Beginner လေးတွေအတွက်မိတ်ကပ် Tips ပေါင်းချုပ်

(၃) မိတ်ကပ်ပစ္စည်းဆိုတာ ဈေးကြီးလေကောင်းလေ။

အဲ့ဒီ အိုနာကျအတွေးကြီးကို ခေါင်းထဲကထုတ်လိုက်စမ်းပါတော်။ ဘယ်မိတ်ကပ်ပစ္စည်းမဆို ဈေးဘယ်လောက် ကြီးကြီး ကိုယ်နဲ့အဆင်မပြေရင် လုံးဝသုံးလို့မကောင်းပါဘူး။ ထိုနည်းတူပဲ ဘယ်လောက်ဈေးပေါပေါ ကိုယ့်အသားအရည်နဲ့ ကိုက်တယ်ဆိုရင် အဆင်ပြေတာပါပဲ။ အခု ဆိုင်တိုင်းမှာလည်း စမ်းကြည့်ဖို့ ပစ္စည်းလေးတွေ ထားပေးတာမို့ ကိုယ်မဝယ်ခင်စမ်းသပ်လို့ရသေးတယ်လေ။ (အားနာလို့ဆိုပြီး ဝယ်လာရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့လေ။) ဒါကြောင့် ပစ္စည်းတွေကို ဈေးကြီးတာမကြီးတာမကြည့်ဘဲ ကိုယ်နဲ့ကိုက်မလား မကိုက်ဘူးလားပဲ စဉ်းစားပါလို့ မှာပါရစီ..

ကိုယ်အနားမသီနိုင်သော အချစ်များကို တစ်နေရာထဲမှာ တွေ့လိုက်ရတဲ့အခိုက်အတန့် :’)

(၄) မျက်ခုံးအရောင်ကို ဆံပင်အရောင်နဲ့ ထပ်တူတာရှာဝယ်ပြီးဆိုးပါ။

ဆံပင်အမည်းဆို မျက်ခုံးမျှော့ကပ် အမည်းရောင်ပေါ့လေ။ အံ့သြလိုက်တာမှ လက်ရောခြေထောက်ပါကုန်တယ်။ ယောင်းတို့သိထားရမှာ ကိုယ့်မျက်ခုံးအရောင်သည် ကိုယ့်ဆံပင်အရောင်ထက် အမြဲ တစ်ဆင့်ဖျော့ရပါမယ်နော်။ ဥပမာ ကိုယ့်ဆံပင်က အနက်ရောင်ဆိုရင် ကိုယ့်မျက်ခုံးအရောင်က မီးခိုးရောင်၊ ကိုယ့်ဆံပင်အရောင်က မဟော်ဂနီ၊ အညို စသည်ဖြင့် အရောင်တွေ ဆိုးထားတယ်ဆိုရင် မျက်ခုံးအရောင်က အညိုဖျော့ဖြစ်ရပါမယ်။ ဒါကြောင့် မျက်ခုံးအရောင်ကို ဆံပင်အရောင်နဲ့တစ်ထပ်တည်း ဆိုးရမယ်ဆိုတဲ့အတွေးကို စွန့်ပစ်လိုက်ပါတော့။

ရော့အင့် ဒီထဲက ကြိုက်တဲ့အရောင်ရွေး

Related Article >>> ကုန်ခါနီး မိတ်ကပ်ပစ္စည်းတွေကို အသစ်အတိုင်းဖြစ်အောင် လုပ်ကြမယ်..

(၅) ရေစိုခံမျက်တောင်ကော့ဆေးက ရိုးရိုးမျက်တောင်ကော့ဆေးထက် ပိုကောင်းတယ်။

ရေစိုခံမျက်တောင်ကော့ဆေးကို နေ့တိုင်းသုံးနေရအောင် ယောင်းကမိုးရေထဲမှာ အချစ်ရေခဏလေးဆိုပြီး ရေထဲပတ်ပြေး (ဒါမှမဟုတ်) ထိုင်ငိုနေမှာ မို့လို့လားဟင်။ မဟုတ်ရင်တော့ အဲ့ဒီရေစိုခံမျက်တောင်ကော့ဆေးကို လုံးဝမသုံးပါနဲ့။ ဘာလို့လဲဆိုတော့ အရမ်းဖျက်ရတာခက်လို့ပါ။ မျက်တောင်ပေါ်မှာ အဲ့ဒီဆေးတွေကျန်နေရင် မျက်တောင်က ကျွတ်ဆတ်ပြီး ပျက်စီးလွယ်တာမို့ နောက်ဆို လုံးပါးပါးသွားပါလိမ့်မယ်။ ဒါကြောင့် မျက်တောင်ကော့ဆေးသုံးချင်ရင်လည်း ရိုးရိုးကိုပဲသုံးပါလို့။ ရေစိုခံတာကို မဖြစ်မနေမှ သုံးဖို့လည်း ထပ်အကြံပြုပါရစေ။

နေ့တိုင်းမသုံးနဲ့နော် မျက်တောင်ကတုံးမဖြစ်ချင်ရင်ပေါ့

(၆) အသားညိုတဲ့လူတွေက နှုတ်ခမ်းနီအရောင်ရင့်တွေနဲ့မလိုက်ဘူး။

အမလေး ကြက်သွေးနီရောင်တွေဆိုးပြီး ချေချလိုက်စမ်းပါ။ အုတ်ကျိုးရောင်တွေဆိုးပြီး ခပ်ကြပ်ကြပ် အင်္ကျီတစ်ထည်ဝတ်ပြီး လန်းပစ်လိုက်။ တခြားဘာအရောင်ရင့်ရင့်ဆိုးဦးမလဲ? ယုံကြည်မှုရှိရှိသာဆိုးချလိုက်ပါ။ တကယ် အသားညိုတဲ့လူတွေက ဒီလိုအရောင်ရင့်တွေနဲ့ ပိုလိုက်ပါတယ်။

ကဲတွေ့လား ဘယ်လောက်လှလဲ

ဒီလို မိတ်ကပ်နဲ့ပတ်သက်တဲ့ အချက်အလက်အမှားတွေကို စိတ်စွဲသွားတာမျိုးဟာ အပေါ်က ပြောခဲ့သလို ဆရာများ သားသေ ဖြစ်တာက စတာပါပဲ။ မိတ်ကပ်စလိမ်းတတ်ကာစ အချိန်မှာမို့ ကိုယ်ကမိတ်ကပ်လိမ်းတဲ့အချိန် တကယ်တတ်ကျွမ်းပြီး နားလည်တဲ့လူကိုပဲ မေးသင့်၊ ဆွေးနွေးသင့်ပါတယ်။ စလိမ်းကာစမှာလည်း သေသေချာချာမလိမ်းနိုင်သေးရင် ပါးပါးလေးကနေစပြီးတော့ အစပျိုးပြီး သေချာပိုင်နိုင်လာပြီဆိုမှ တစ်ဆင့်ချင်းစီတက်ရင် ပိုအဆင်ပြေပါလိမ့်မယ်နော်။ တစ်ချို့နည်းတွေက သူများနဲ့အဆင်ပြေလည်း ကိုယ်နဲ့က လွဲနေတတ်တာမို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေအောင် နည်းလမ်းရှာနိုင်ရင် အထာကျကျပိုလိမ်းနိုင်ပါလိမ့်မယ်။

ယောင်းယောင်းတို့ကိုပိုလှစေချင်တဲ့…

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed