မိုဘိုင်းဖုန်းများနဲ့ ပျိုမေတို့ရဲ့ အသားအရေပြဿနာ

“ဟဲလို”တစ်ခါပြောလိုက်တိုင်း အသက်တစ်ရက်ပိုကြီးသွားနိုင်တယ်ဆိုတာ သိစေချင်လိုက်တာ……

နည်းပညာဆိုတာက လူတွေရဲ့ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ပြီးမြောက်စေဖို့ ပေါ်လာကြတာမဟုတ်လား။ အရာရာဟာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိနေမြဲပါ။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာ လောကနိယာမပဲ မဟုတ်လား? နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Rinတို့တွေဟာ နည်းပညာရဲ့သားကောင်ဖြစ်သွားပြီး သူ့ရဲ့ စေစားမှုအောက်မှာ လှုပ်ရှားနေရတော့တာပေါ့။ ယောင်းတို့ စဉ်းစားကြည့်လေ အခုခေတ်မှာ ဖုန်းတွေ အရမ်းအဆင့်မြင့်လာပြီး ဖုန်းတစ်လုံးရှိရုံနဲ့ အလုပ်လုပ်နိုင်တာမျိုး အပန်းဖြေမယ်ဆိုရင်လည်း သီချင်းနားထောင်မလား၊ ရုပ်ရှင်ကြည့်မလား။ ဖုန်းတစ်လုံးတည်းနဲ့တင် အိုကေတယ်။ အဝေးရောက်နေတဲ့အခါ  ချစ်သူ၊ ခင်သူတွေကို ဖုန်းလေးဆက်ပြီး စကားပြောလို့ရသေးတာကိုး…

အဲ့လို ချစ်စရာကောင်းလွန်းလို့လည်း လက်ပေါ်ကကို မချနိုင်ဖြစ်နေကြတာလေ။ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်ပြီဆိုတာနဲ့ ဖုန်း၊ ထမင်းစားလည်း ဖုန်း၊ အိမ်သာသွားရင်တောင် မထားခဲ့ရက်နိုင်တဲ့ဖုန်း။ ဖုန်းကို ပိုစွဲလန်းလာလေ သူ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်လေပဲ ယောင်းတို့ရေ။ သတိထားမိတယ်ဟုတ်?

လေ့လာမှုတွေအရ ယောင်းလက်ထဲမှာ အခုကိုင်ထားတဲ့ဖုန်းက ယောင်းရဲ့အသားအရေကို အများကြီးပျက်စီးစေပါတယ်တဲ့။ ဖုန်းသုံးတာနဲ့ မျက်နှာနဲ့ ဘာဆိုင်လဲလို့ ယောင်းတို့က ထင်မယ်။ လက်ကိုင်ဖုန်းလို့ အလွယ်ခေါ်ကြတဲ့ စမတ်ဖုန်းတွေထဲမှာ ဘက်တီးရီးယား ဘယ်လောက်ပါလဲဆိုတာ သိရင် ယောင်းတို့အဲ့စိတ်ကူးရှိမှာကို မဟုတ်တော့ဘူး။ အဲ့ဒါကို စမ်းသပ်ပြတဲ့ ဗီဒီယိုရှိတယ်နော်။ Rinလည်း Facebookက မြင်ပြီးပြီးချင်း ကိုယ့်ဖုန်းကိုယ် ထိတောင်မထိချင်ဘူး။ ရွံစရာကောင်းလို့။ 🙁

ယောင်းတို့ရဲ့ဖုန်းတွေဟာ ဘယ်လောက်တောင် ယောင်းတို့ရဲ့အသားအရေကို အနှောင့်အယှက်ပေးနေလဲ ကြည့်လိုက်ရအောင်………….

(၁) အရေပြားဓာတ်မတည့်ဖြစ်ခြင်း

ရုတ်တရက် မျက်နှာတွေယားလာမယ်။ ယားလို့ကုတ်လိုက်မယ်။ အဲ့ကနေစပြီး မျက်နှာမှာ အနီရောင်ချပ်ပြားလိုက်ကြီးတွေဖြစ်မယ်။ ဒီလိုနဲ့ မျက်နှာကြီးတစ်ခုလုံးယောင်ပြီး allergic(အရေပြားဓာတ်မတည့်မှု)ဖြစ်တဲ့ အဆင့်ရောက်သွားမယ်။ အလာဂျီတွေ ဘယ်ကစတယ်ထင်ပါသလဲယောင်းတို့? မတည့်တာစားမိလို့လား? ဒါလည်းဖြစ်နိုင်ပါတယ်။ ယောင်းတို့မမေ့သင့်တဲ့ နောက်တစ်ချက်က ယောင်းတို့ရဲ့ဖုန်း။ မကြာသေးမီက သုတေသနပြုချက်တွေအရ ဖုန်းကိုယ်ထည်တွေမှာပါတဲ့Nickle (နစ်ကယ်လ်) နဲ့ Chromium(ခရိုမီယမ်)ဟာ အရေပြားနီပြီး ရောင်အမ်းခြင်းကို ဖြစ်စေနိုင်တယ်တဲ့။ ဖုန်းအကြာကြီးပြောတက်တဲ့သူတွေ သတိထားသင့်ပြီနော်။ ကိုယ်က ဖုန်းကြာကြာ ပြောတတ်ရင် နားနဲ့အရမ်းကပ်ပြီး ဖုန်းပြောတာလျှော့ပါ။ Speaker (စပီကာ) ဖွင့်ပြောတာဖြစ်ဖြစ် bluetooth earphone (ဘလူးတုသ် နားကြပ်) သုံးတာဖြစ်ဖြစ် အစားထိုးသင့်ပါတယ်။

(၂) ဝက်ခြံထွက်ခြင်း

Rinတို့သုံးနေတဲ့ ဖုန်းတွေဟာ အများသုံးအိမ်သာတွေထက်တောင် ညစ်ပတ်ပါသတဲ့။ ကိုယ့်ဖုန်းကို ဟိုနေရာချထားခဲ့၊ ဒီနေရာချထားခဲ့။ ဟိုထဲလည်းယူသွား၊ ဒီထဲလည်းယူသွား။ ဒီလောက်တောင် နေရာစုံရောက်နေတဲ့ဖုန်း ဘက်တီးရီးယားတွေ မများဘဲနေပါ့မလား။ လက်ညစ်ပတ်ကြီးနဲ့ ကိုင်တဲ့အကြောင်းထည့် မပြောသေးဘူး။ အဲ့လောက် ညစ်ပတ်နေတဲ့ဖုန်းကို တစ်နေ့ဘယ်နှစ်ခါလောက် သန့်ရှင်းရေးလုပ်ပေးကြလဲ? Phone Screen (ဖုန်းရဲ့ဖန်သားပြင်)ကို အနည်းဆုံးတော့ တစ်နေ့တစ်ခေါက်လောက် သန့်ရှင်းရေးလုပ်ဖြစ်ရဲ့လား။ အချိန်မပေးဖြစ်ဘူးဟုတ်? Rinလည်းတူတူပဲ။ ဖုန်းညစ်ညစ်ပတ်ပတ်ကြီးကို ကိုင်လိုက်၊ မျက်နှာကို ပွတ်လိုက်နဲ့ပဲ ဝက်ခြံတွေ အပြုံလိုက်ထွက်လာရော။ ဒါကြောင့် အဲ့ ဖုန်းမှန်ဆေးတဲ့ ဆေးရည်လေးတွေနဲ့ တစ်နေ့ကို အနည်းဆုံး နှစ်ခေါက်လောက် ဆေးပေးသင့်ပါတယ်။

Related Article >>> မိုဘိုင်းဖုန်း အလွန်အကျွံသုံးခြင်းနောက်ကွယ်က ဆိုးကျိုးများ

(၃) မျက်ကွင်းညိုခြင်း

ဖုန်းက LEDမီးရောင်ဟာ Rinတို့ရဲ့အိပ်ချင်စိတ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ တက်ဘလက်တွေက ဖြာထွက်လာတဲ့ အလင်းရောင်ကြောင့် အိပ်မရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်သင့်တဲ့အချိန်တွေ တဖြည်းဖြည်း နည်းနည်းလာမယ်။ အိပ်မရတဲ့ညတွေများပြီး ပန်ဒါမျက်လုံးတွေဖြစ်လာမယ်။ ပန်ဒါလေးတွေက သဘာဝမို့ ချစ်စရာကောင်းပေမယ့် လူတွေ မျက်ကွင်းညိုရင်တော့ ချစ်စရာမကောင်းပေါင်။ ယောင်းတို့လည်း မကြိုက်ဘူးဟုတ်? အလှပြင်ရင် မျက်ကွင်းညိုတာကို ဖုံးရဖိရနဲ့ အလုပ်ရှုပ်တာ။ အဲ့ဒါကြောင့်ပြောတာပေါ့ ဖုန်းတွေလျှော့သုံးပါလို့။ ညအိပ်ပျော်အောင်အိပ်၊ ညအိပ်မပျော်ရင် ဖုန်းကောက်မကိုင်ဘဲ တရားထိုင်၊ စာအုပ်ဖတ်။ Eye-creamလေးလည်း သုံးဖို့မမေ့နဲ့နော် …

(၄) အမည်းစက်ဖြစ်ခြင်း

ဖုန်းကထွက်လာတဲ့ blue light (အလင်းရောင်)ဟာ အရေပြားကင်ဆာအစရှိတဲ့ DNAပျက်စီးမှုတွေ မဖြစ်နိုင်ပေမဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အသားအရောင်မညီမျှခြင်းတို့ကို ဖြစ်စေတဲ့ pigment (ရောင်ခြယ်ပစ္စည်း) ပမာဏကို တိုးပွားစေပါတယ်။ ဖုန်းအရမ်းပူတဲ့အထိ စကားပြောတဲ့အခါ ဖုန်းကထွက်လာတဲ့အပူရှိန်ဟာလည်း မျက်နှာအသားအရေအတွက် စိတ်ပူရတယ်နော်။ ဖုန်းကအပူကြောင့် အပူထပ်ပေးလိုက်သလိုဖြစ်ပြီး ယောင်းရဲ့ မယ်လ်နင်ထုတ်လုပ်မှုပမာဏကို လျော့ကျစေပါတယ်။ အဲ့ဒီနောက်မှာတော့ အားလုံးကြောက်ရတဲ့ အမဲစက်တွေ ဖြစ်လာစေတာပေါ့။

(၅) ပါးရေတွန့်ခြင်း

အဆက်မပြတ် ဖုန်းကိုငုံ့ကြည့်နေခြင်းက ယောင်းသိထားတာထက် ပိုပြီးအန္တရာယ်ပေးနိုင်တယ်ဆိုတာရော သိရဲ့လား။ တစ်ချိန်လုံးဖုန်းကိုပဲ အချိန်အကြာကြီး စိုက်ကြည့်နေတဲ့အခါ techneck (မေးစေ့အောက်နဲ့ လည်ပင်းတစ်ဝိုက် အရည်တွန့်လာတာမျိုး) ဖြစ်လာနိုင်ပါတယ်။ ဖုန်းထဲက စာသေးသေးလေးတွေကို အတင်းမရမက ဖတ်တဲ့အခါ မျက်လုံးထောင့်မှာ အရေးကြောင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။ ကြောက်စရာပါလား။ ကိုယ်တွေအရင်က သတိမထားမိခဲ့တာတွေ။ ဖုန်းသုံးရင်း အသားအရေကို ဖျက်ဆီးသလိုကို ဖြစ်နေရော။

ကဲ… ဒါဆို စမတ်ဖုန်းကြောင့် ဖြစ်လာနိုင်တဲ့ အသားအရေအတွက် ဆိုးကျိုးတွေကို သိပြီမို့ လျှော့သုံးကြဖို့ မျှော်လင့်ပါတယ် ယောင်းတို့ရေ…

စာရေးသူRinတော့ လျှော့သုံးနေပြီဗျို့။

Stay Pretty!

Rin (For Her Myanmar)

Source:Fox News , Allure

No Comments Yet

Comments are closed