အသားအရောင်ချက်ချင်းညီစေဖို့ ဘာပစ္စည်းသုံးကြမလဲ?

ခဏတဖြုတ်ညှိလိုက်ရုံနဲ့ ချက်ချင်းဥမွတ်ထွတ်နေတဲ့အသားအရောင်လေးရမယ်ဆိုတော့ကာ…..

အရင်ဆောင်းပါးတွေမှာ အခုမှ မိတ်ကပ်စပြင်တဲ့ ယောင်းတို့အတွက် လိုအပ်တာလေးတွေ အားလုံးကို ရေးပေးထားတယ်ဆိုတော့ ဒီတစ်ခေါက်မှာ တစ်ဆင့်လေးမြှင့်ပြီး အသားအရေညှိတဲ့အခါ ဘာပစ္စည်းကို သုံးရမယ်၊ ဘယ်လိုသုံးရမယ် စသည်ဖြင့် သေချာပြည့်ပြည့်စုံစုံလေး ပြောပြပေးမယ်နော်။ ယောင်းတို့ထဲမှာ မနက်ကျရင် ပွဲတက်ရမယ်၊ မျက်နှာမှာလည်း ဝက်ခြံက အကြီးကြီး၊ အသားအရောင်က နေပူထဲ ထွက်တာများတော့ မညီမညာဖြစ်နေတော့ မိတ်ကပ်လိမ်းရင်ကွက် စတဲ့ အသားအရေ ပြဿနာဖြစ်နေတဲ့လူများရှိလားဟင်? ဒီပြဿနာတွေအတွက်တော့ အခု နှင်းရေးပေးမယ့် ပစ္စည်းလေးက အရမ်းအသုံးတည့်မှာပါ။ ဘာပစ္စည်းလေးလဲဆိုတော့ Color Corrector ပါတဲ့… 

Color Corrector (အသားအရေ အရောင်ညှိပေးတဲ့ ပစ္စည်း) ဆိုတာ ယောင်းတို့မျက်နှာမှာရှိတဲ့ အမည်းစက်၊ မျက်ကွင်းညိုတာ၊ နီနေတဲ့ ဝက်ခြံမှည့်၊ အသားအရောင် မညီတာတွေကို ညှိပေးမယ့်၊ ဖုံးပေးမယ့် ပစ္စည်းလေးဖြစ်ပါတယ်။ များသောအားဖြင့် အလှဓာတ်ပုံတွေ ရိုက်တဲ့အခါ မိတ်ကပ်က ညီနေဖို့ အရမ်းအရေးကြီးတယ်လေ။ ဖောင်ဒေးရှင်းက ကာပေးနိုင်ပေမဲ့ အထူကြီးလိမ်းရမှာမို့ သဘာဝဆန်ဆန် ပုံစံလေးလိုချင်တဲ့အခါ ဒီပစ္စည်းလေးကို သုံးသင့်ပါတယ်။ အဲဒီပစ္စည်းမှာ အရောင်စုစုပေါင်း (၇) ရောင်ရှိပေမဲ့ ဒီဆောင်းပါးထဲမှာတော့ အခြေခံအရောင် (၄) ရောင်အကြောင်းကို ပြည့်ပြည့်စုံစုံဖော်ပြပေးမယ်နော်။ အဲဒီအခြေခံ (၄) ရောင်ကတော့ အဝါ၊ မက်မွန်သီးပန်းရောင် (ပန်းရောင်ဖျော့တော့တော့)၊ ခရမ်းရောင်၊ အစိမ်းရောင် စတဲ့အရောင်တွေပါ.. 

Color Corrector ဆိုတာဒါပေါ့

(၁) အဝါ

အဝါရောင် Color Corrector

အဝါရောင်ကတော့ ခြောက်ကပ်ကပ်ဖြစ်နေတဲ့ အသားအရေ၊ ခပ်နွမ်းနွမ်းဖြစ်နေတဲ့ အသားအရေ စသည်ဖြင့် မညီညာတဲ့ အသားအရောင်ကို ညှိပေးတဲ့အချိန်မှာ သုံးပါတယ်။ မျက်လုံးအောက်၊ မေးစေ့နဲ့ နဖူးပေါ်တွေမှာ အသုံးများပါတယ်။ အဝါရောင်ကကျ အသားအရေ အဝါသန်းတဲ့လူတွေ၊ နည်းနည်းညိုတဲ့လူတွေအတွက် ပိုအဆင်ပြေပါတယ်။

Related Article >>> Beginner လေးတွေအတွက်မိတ်ကပ် Tips ပေါင်းချုပ်

(၂) မက်မွန်သီးပန်းရောင် (ပန်းရောင်ဖျော့တော့တော့)

မက်မွန်သီးရောင် Color corrector

မျက်ကွင်းညိုနေတာတွေ၊ မျက်နှာပေါ်မှာ သွေးကြောတွေ ထင်းနေတာမျိုး စတဲ့အချိန်တွေမှာ ဖုံးဖို့အတွက် မက်မွန်သီး ပန်းရောင်ကို သုံးကြပါတယ်။ မျက်ကွင်းအောက်နဲ့ အမည်းစက်ရှိတဲ့နေရာတွေမှာ အသုံးများပါတယ်။ ဘယ်အသားရောင်နဲ့မဆို သင့်တော်ပါတယ်။

ကာလာညှိတဲ့အခါ ဒီသဘောတရားကိုသုံးတာပါ

(၃) ခရမ်းရောင်

ခရမ်းရောင် color corrector

ကိုယ့်အသားအရောင်က မညီမညာဖြစ်နေတာတို့၊ တစ်ခါတလေကျရင် နေလောင်လို့ အသားကွက်နေတဲ့အချိန် အသားရောင်ညှိဖို့ ခရမ်းရောင်ကို သုံးကြပါတယ်။ ပါး၊ မေးစေ့နဲ့ နဖူးတွေမှာ အသုံးများကြတယ်။ ဘယ်အသားအရေမျိုးမဆို သုံးလို့ရပါတယ်။

သုံးလိုက်ရင် ဒီလိုအနာအဆာကင်းတဲ့အသားအရည်ကို ပိုင်ဆိုင်စေမှာပါ။

(၄) အစိမ်းရောင်

အစိမ်းရောင် color corrector

ဝက်ခြံမှည့်နေလို့ နီတာမျိုး၊ အလက်ဂျစ်ဖြစ်နေတဲ့ နေရာမျိုး၊ အဲ့လို အနီကွက်တွေ ဖြစ်နေတဲ့ နေရာမျိုးတွေမှာ ဒီအစိမ်းရောင်ကို သုံးကြပါတယ်။ T-zone (နဖူးတောက်လျှောက်၊ နှာခေါင်းနဲ့ မေးစေ့တစ်လျှောက်နေရာ) နဲ့ ပါးတွေမှာ အသုံးများပါတယ်။ အစိမ်းရောင်ကတော့ အသားဖြူ၊ အသားလတ်တဲ့လူတွေနဲ့ ပိုသင့်တော်ပါတယ်။

အဓိက သတိထားရမှာက အဲ့ပစ္စည်းတွေ သုံးတဲ့အခါဆိုရင် နည်းနိုင်လေ ကောင်းလေပါပဲ။ သုံးလိုက်တဲ့အခါမှာလည်း မပွတ်လိုက်ပါနဲ့ ဖိဖိပြီး သိပ်ပေးပါနော်။ ဒါမှ မိတ်ကပ်မရွေ့သွားဘဲ ကိုယ်တင်လိုက်တဲ့ နေရာမှာ ရှိနေမှာပါ။ ဒါကြီးကကျတော့ မရှိမဖြစ် ပစ္စည်းတစ်ခု မဟုတ်ပါဘူးနော်။ အခုတော့ ဘလော့ဂါတွေနဲ့ မိတ်ကပ်ပညာရှင်တွေကြားမှာ အရမ်းခေတ်စားနေတာမို့ ကိုယ်တိုင်စမ်းကြည့်ချင်တဲ့ ယောင်းတို့ စမ်းလို့ရအောင် အက်မင်က ရှာဖွေစုဆောင်းပေးလိုက်ပါတယ်နော်။

Hnin Ei Oo (For Her Myanmar)

References : What is color corrector?  How to use color correcting?

No Comments Yet

Comments are closed