ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့ အနီရောင်နှုတ်ခမ်းနီ

အိုမို အနီရောင်ဆိုတာ ဘုရင်မတွေရဲ့အရောင်တဲ့

သွေး၊ မီး တို့ရဲ့အရောင်ဖြစ်တဲ့ အနီရောင်။ အချစ်၊ တပ်မက်စေခြင်း၊ စိတ်အားထက်သန်မှု စသည်ဖြင့် စိတ်ဓာတ်ခွန်အားကို အများဆုံးမြှင့်တင်ပေးနိုင်တဲ့ အရောင်အဖြစ်တယ် ဆိုတာကိုတော့ ယောင်းတို့သိပြီး ကြပြီလို့ထင်ပါတယ်နော်။ တော်တော်များများ အမျိုးသမီးတွေက အနီရောင်နှုတ်ခမ်းနီဆိုးရင် လူတွေအရမ်းအာရုံစိုက်ကြလို့ မဆိုးရဲကြဘူးလေ။ ဒါပေမဲ့ တကယ်တော့ အနီရောင် နှုတ်ခမ်းနီတွေက ယောင်းတို့ရဲ့ ယုံကြည်မှုတွေကို သာမန်ထက်ပိုပြီး မြှင့်တင်ပေးပါတယ်တဲ့.. ဘယ်လိုတွေ ယောင်းတို့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တာလဲ?

(၁) အနီရောင် နှုတ်ခမ်းနီတွေက ဘုရင်မတွေအတွက်ပါ။

ပထမဆုံး နှုတ်ခမ်းနီထုတ်ဖို့ အိုင်ဒီယာရခဲ့တာတော့ ရှေးခေတ်မက်ဆိုပိုတေးမီးယား (Mesopotamians) အမျိုးသမီးတွေပါတဲ့။ အဲဒီအချိန်တုန်းက နှုတ်ခမ်းနီကို ကျောက်ခဲတွေပွတ်ပြီး ပြုလုပ်ခဲ့ကြပါတယ်တဲ့။ နောက်ပိုင်း အီဂျစ်တွေဆီကို ဒီနည်းကပျံ့သွားပြီး ဖယောင်းနဲ့ပေါင်းလို့ အသီးအနှံကနေရတဲ့ အရောင်တွေကို အစက်ချထည့်ရင်း နှုတ်ခမ်းနီတွေကို ထွင်ခဲ့ကြပါတယ်။ အနီရောင်အဆင်းရှိတဲ့ နှုတ်ခမ်းနီတွေကိုတော့ ဘုရင်မတွေဆီကို ဆက်သခဲ့ကြရပါတယ်တဲ့။ ဒါကြောင့် အနီရောင်ဆိုတာ ဘုရင်မတွေအတွက် အရောင်ပါ။

(၂) အလုပ်ကိစ္စတွေအတွက် သာမန်ထက် ပိုပြီး အဆင်ပြေရဲရင့်စေပါတယ်။

ကိုယ်ကအရောင် ပြေပြေလေးတွေ ခါတိုင်းဆိုးနေရင်းနဲ့ ရုတ်တရက် ပွဲရှိလို့ အနီရောင်နှုတ်ခမ်းနီ ပြောင်းဆိုးလိုက်တဲ့အခါ အကုန်လုံးရဲ့မျက်လုံးတွေကို ဖမ်းစားလိုက်နိုင်မယ့်အပြင် မီတင် ဒါမှမဟုတ် ပွဲတစ်ခုခုသွားတဲ့အချိန်မှာလည်း အဆင်ပြေနေမှာပါ။ အထူးသဖြင့် လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့အချိန် အနီရောင်နှုတ်ခမ်းနီ ဆိုးထားရင် ယုံကြည်မှုတွေ ပိုတိုးပြီး ရရှိပါတယ်တဲ့။

Related Article >>> Good Kisser တစ်ယောက်ဖြစ်ဖို့ နှုတ်ခမ်းကြီးဖို့ လိုသလား

(၃) ဟောင်းနေပေမဲ့ အကောင်းဆုံးအရောင် ဖြစ်နေဆဲပါပဲ။

အရောင်ထဲမှာမှ ဘယ်အသားအရောင်နဲ့မဆို နှစ်ခါရွေးစရာမလိုတဲ့ အရောင်ဖြစ်နေတဲ့အပြင် ခေတ်အဆက်ဆက်က တောက်လျှောက် ဆိုးလာတာတောင် ခုချိန်မှာ ပွဲရှိရင်လည်း ထိပ်ဆုံးက ဦးစားပေးရွေးချယ် ဆိုးနေကြဆဲ အရောင်ပဲဖြစ်ပါတယ်။ ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ မာရီလင်မွန်ရိုး၊ တေလာဆွစ်၊ အယ်လ်လီဇဘက်တေလာ တို့ကလည်း အနီရောင်ကို သူမတို့ရဲ့ ကျက်သရေ အဆင့်အတန်းကို မြှင့်တင်ပေးတဲ့အရောင်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်တဲ့။

(၄) ဖျော့တော့နေတဲ့ မျက်နှာကို အနီရောင်နှုတ်ခမ်းနီက အသက်သွင်းပေးတယ်။

မနက်အိပ်ရာထစ မျက်နှာမှာ ဘာမှမလိမ်းခြယ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့အသွင်ကို တစ်ခဏလေးအတွင်း ပြောင်းလဲပေးချင်လား? သူမကို အနီရောင်နှုတ်ခမ်းနီ ဆိုးပေးလိုက်ပါ။ မတူညီတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရသလိုဖြစ်နေမှာပါတဲ့။ ဒါကြောင့် မျက်နှာမှာ တစ်ခုခုလိုနေတယ်လို့ ခံစားရရင် နှုတ်ခမ်းနီအနီရောင်သာ ဆိုးလိုက်ပါ ယောင်းရေ…

(၅) အနီရောင်နှုတ်ခမ်းနီက အားလုံးရဲ့အာရုံကို ဖမ်းစားပေးနိုင်တယ်။

ခွက်နဲ့ သွားတွေ့စရာရှိလား? လမ်းမှာ လူတိုင်းက ကိုယ့်ကို သမင်လည်ပြန်ကြည့်စေချင်လား? အာရုံထွေမနေနဲ့ အနီရောင်နှုတ်ခမ်းနီသာ ဆိုးသွားလိုက်ပါ။ အာရုံကို ဖမ်းစားနိုင်တဲ့ အရောင်တွေထဲမှာ အနီရောင်က ထိပ်ဆုံးကပဲဆိုတာ ယောင်းတို့လည်း အသိပဲဟုတ်? ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ နှုတ်ခမ်းနီနီက ထွက်လာတဲ့ စကားတွေကို ငြင်းဆန်နိုင်ဖို့ ခဲယဉ်းပါတယ် ယောင်းတို့ရေ…

Related Article >>> မိတ်ကပ်နဲ့ပတ်သက်ပြီး ယောင်းတို့အမှန်လို့ယူဆထားကြတဲ့ ယုံတမ်းစကားတွေ

အနီရောင် နှုတ်ခမ်းနီတစ်တောင့်က ယောင်းတို့အတွက် ယုံကြည်မှုတွေ၊ ရဲရင့်မှုတွေကို ဆောင်ယူလာပေးနိုင်တယ်ဆိုရင် တခြားဘာတွေကို ရှာနေဦးမှာလဲ? ရဲရင့်တက်ကြွတဲ့ ခေတ်ရဲ့ မိန်းမပျိုလေးတွေ ဖြစ်ဖို့ နှုတ်ခမ်းနီအနီရောင်ကို ခုပဲ ထုတ်ဆိုးလိုက်ကြတော့လေ…

References : Elite Daily , Bourncreative

Hnin Ei Oo ( For Her Myanmar )

No Comments Yet

Comments are closed