ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းတစ်စုံအတွက် အိမ်တွင်းနည်းလေးများ

ပန်းသွေးရောင်နှုတ်ခမ်းဖူးဖူးလေးဆိုတာ မိန်းကလေးတိုင်းရဲ့အိပ်မက်မဟုတ်လား??

‘ဟယ် နင့်နှုတ်ခမ်းလေးက အရောင်တောင် ဆိုးစရာမလိုဘူး၊ ပန်းနုရောင်လေးနဲ့ ဖူးဖူးလေး လှလိုက်တာ’ အဲ့ဒီစကားကိုမိန်းကလေးတိုင်းကြားချင်ကြတယ်မလား? စကားလှလှလေးတွေပြောတတ်တဲ့ ဒီနှုတ်ခမ်းလေး၊ အနမ်းဖွဖွလေးတွေ ပေးတတ်တဲ့ ဒီနှုတ်ခမ်းလေးက ဘာဆေးမှဆိုးစရာမလိုဘဲ ပန်းသွေးရောင်သမ်းနေရင် ချစ်သူကလည်း ကြည့်မဝဖြစ်နေမှာနော်။ ဒီနှုတ်ခမ်းလှလှလေးရအောင် ခက်ခက်ခဲခဲမဟုတ်ဘဲ အိမ်တွင်းပစ္စည်းလေးတွေနဲ့ အရောင်ပြောင်းလို့ရတယ်ဆိုရင်ရော ယောင်းတို့စိတ်ဝင်စားကြတယ်မလား? ဒါဆို ဆက်ဖတ်ကြည့်ရအောင်…

(၁) သကြား scrub

နှုတ်ခမ်းကို အရောင်ပြောင်းတဲ့ ပစ္စည်းတွေထဲမှာ သကြားကအကောင်းဆုံး ပေါင်းဆေးပါဘဲ။ သကြားကနှုတ်ခမ်းပေါ်မှာရှိတဲ့ မလိုအပ်တဲ့ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့ အကောင်းဆုံး product လေးပါ။ သကြား (၃) ဇွန်းနဲ့ ထောပတ် (၂) ဇွန်းကိုရောပြီး နှုတ်ခမ်းပေါ်မှာဖွဖွလေးပွတ်ပေးပါ။ ဒီ scrub ကို တစ်ပတ် (၃) ကြိမ်လောက်လုပ်ပေးနော်။ (ဘာကြည့်နေတာလဲ ပိုတာတွေကိုပေါင်မုန့်ထောပတ်သုတ်လုပ်စားလေ )

(၂) သံပုရိုရည်

သံပုရာသီးထက် နည်းနည်းပိုကြီးတဲ့ အလုံးပါနော်။ သံပုရိုသီးက အရောင်ချွတ်တဲ့ နေရာမှာအရမ်းအသုံးဝင်တာမို့ နှုတ်ခမ်းပေါ်ကမည်းနေတာတွေကို ဖယ်ရှာပြီး ပန်းရောင်သမ်းစေမှာပါ။ သံပုရိုသီးကို နည်းနည်းညှစ်ပြီး ဇွန်းထဲထည့်လိုက်ပါ။ နောက်ပြီးရင် အဲဒီအရည်လေးတွေကို နှုတ်ခမ်းပေါ်လိမ်းပြီး ဖြည်းဖြည်းချင်းနှိပ်ပေးပါ။ တစ်ပတ်တစ်ခါလေးလုပ်ပေးရင် ရလဒ်ကောင်းကောင်းလေး ပေါ်လာမှာပါနော်။

Related Article >>> အရွယ်ရလာတဲ့အခါ မိတ်ကပ် ဘယ်လို လိမ်းခြယ်ကြမလဲ။

(၃) ပျားရည်

ပျားရည်ကတော့ ပန်းရောင်သမ်းစေတဲ့အပြင် နှုတ်ခမ်းသားလေးကိုပါ နူးညံ့စေပါတယ်။ ညတိုင်း ပျားရည်ကိုနှုတ်ခမ်းကိုလိမ်းပေးပြီး နှိပ်ပေးပါ။ အချိန်တိုလေးအတွင်းမှာ နူးညံ့ပြီးလှလာပါလိမ့်မယ်။

(၄) သကြားမုန်လာ (beet root)

သကြားမုန်လာရဲ့မူလအရောင်က ခရမ်းရင့်ရောင်ဖြစ်တာမို့ နှုတ်ခမ်းအရောင်ကို သဘာဝနည်းနဲ့ သွင်းသလိုဖြစ်မှာပါ။ သကြားမုန်လာလေးကို နှုတ်ခမ်းပေါ် ပွတ်ပွတ်ပေးပါနော်။

(၅) သံလွင်ဆီ

သံလွင်ဆီမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ တခြားအာဟာရဓာတ်တွေ များစွာပါဝင်နေတာမို့ နှုတ်ခမ်းသားကိုပြုပြင်တဲ့နေရာမှာလဲ အရမ်းအရေးပါပါတယ်။ ညမအိပ်ခင် သံလွင်ဆီလေးပွတ်ပြီး အိပ်တဲ့ရင်တော့ နှုတ်ခမ်းသားကိုနူးညံ့စေပြီး ပြောင်ပြောင်တင်းတင်းလေးဖြစ်နေစေမှာပါ။

တစ်ချို့ယောင်းယောင်းလေးတွေက နှုတ်ခမ်းမည်းနေတာမျိုးမဟုတ်ဘဲ နှုတ်ခမ်းအရောင်မညီတာမျိုးဖြစ်တတ်တယ်ပေါ့နော်။ နှုတ်ခမ်းအရောင်မညီတာအတွက်ဖြေရှင်းနည်းက Laser Technology လိုမျိုးနည်းတွေပဲရှိတာဆိုတော့ နှုတ်ခမ်းနီမဟုတ်ရင်တောင် lip balm လေးလိမ်းပေါ့နော်။ ဒါပေမဲ့ နှုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း အရောင်မညီတာမျိုးမဖြစ်ရလေအောင် ဘာမှမဆိုးခင်မှာ nude lip pencil လေးနဲ့အရင်အရောင်ညီသွားအောင်ဖြန့်ပေးပါ။ ဒါမှမဟုတ် foundation လိမ်းတဲ့အခါမျိုးမှာ နှုတ်ခမ်းကိုပါတစ်ခါထဲအရောင်ညီသွားအောင်လိမ်းလိုက်ပါ။ ဒါဆိုရင်တော့ နှုတ်ခမ်းနီဆိုးတဲ့အခါမှာ အရောင်က တစ်သားတည်းဖြစ်သွားမှာပါနော်။

နှုတ်ခမ်းမည်းတယ်ဆိုတာကလဲ နေရောင်၊ ခရမ်းလွန်ရောင်ခြည်တွေနဲ့ အထိအတွေ့များတာတွေ၊ ဆေးလိပ်သောက်တတ်တာတွေ၊ အလက်ဂျစ်တွေထတာမျိုးတွေ၊ ကဖိန်းဓာတ်အရမ်းများတာတွေနဲ့ အသက်အရွယ်ကြီးလာတာတွေ၊ ဟော်မုန်းပြောင်းလဲသွားတာတွေ စသည်ဖြင့်အကြောင်းရင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုလဲနည်းနည်းလေးပိုသတိထားပေးသင့်ပါတယ်။ အကယ်၍ ကိုယ်ကအချိန်နှောင်းမှသိရတယ်ဆိုရင်လည်း အပေါ်မှာနှင်းပြောထားတဲ့ အိမ်သုံးပစ္စည်းလေးတွေနဲ့ နှုတ်ခမ်းကိုပြန်ပေါင်းတင်ပေးပါလို့။ ယောင်းတို့အားလုံး သဘာဝဆန်ဆန်ပန်းသွေးရောင်နှုတ်ခမ်းလေးတွေနဲ့လှနိုင်ကြပါစေ။

Hnin Ei Oo ( For Her Myanmar )

Reference :  Natural

 

No Comments Yet

Comments are closed