Beauty

လုံးဝ ထိခိုက်မခံပါဘူးဆိုတဲ့ အက်ဒ်မင့် အသားအရေကိုတောင် ဘယ်လို ထိခိုက်မှုမျိုးမှ မဖြစ်စေခဲ့တဲ့ Bioderma ရဲ့ Micellar Water

တစ်ချက်တည်းနဲ့ တော်တော်ပြောင်သွားတယ်ရော… 

ယောင်းတို့ရေ… ကိုယ့်အသားအရေက ဘယ်လို အသားအရေမျိုးလဲဆိုတာ သေချာသိကြလားဟင်.. အက်ဒ်မင်ကတော့ အမှန်တိုင်းဝန်ခံရရင် ခုထိ မသိသေးဘူး.. ဒါပေမဲ့ သေချာ သိတာတစ်ခုရှိတယ်.. အက်ဒ်မင့်မျက်နှာက မိတ်ကပ်အကြာကြီး လိမ်းလို့ မရတဲ့ မျက်နှာပါ။ မိတ်ကပ်ကို အကြာကြီးလိမ်း၊ တစ်နေကုန် အဲ့မျက်နှာနဲ့ ညဘက် အိမ်ပြန်ရောက်လို့ မိတ်ကပ်ဖျက်ဆေးတွေနဲ့ ဖျက်၊ မျက်နှာကို သေချာ သစ်ရင်တောင်မှ နောက်ရက်မှာ ဖုတွေ ပေါက်လာတဲ့မျက်နှာမျိုးပေါ့.. ပိုဆိုးတာကလေ..

ယောင်းတို့ဖြစ်မဖြစ်တော့မသိဘူး.. မိတ်ကပ်မလိမ်းတာကြာလို့ မိတ်ကပ်လိမ်းလိုက်တဲ့အခါ၊ လိုင်နာ မဆိုးတာကြာပြီဆိုပြီး လိုင်နာဆိုးလိုက်တဲ့အခါ၊ ကုန်ကုန်ပြောယောင်းရယ်.. Night Cream မလိမ်းတာကြာလို့ ပြန်လိမ်းတဲ့အခါတွေမှာဆို တစ်ညလုံး မျက်ရည်တောက်တောက်ကျတဲ့ထိ ထိခိုက်မခံတဲ့ မျက်လုံးလေးကိုလည်း ပိုင်ထားတဲ့ အက်ဒ်မင်ပေါ့… (အဇမ်းချစ်စရာကောင်းတဲ့ မျက်လုံး..) မိတ်ကပ်တွေ သေချာဖျက် အိပ်တာတောင်မှ အိပ်ပျော်နေရင်း မျက်လုံးက တစ်ညလုံးမျက်ရည်တွေကျ.. ကောင်းကောင်းအိပ်မရ၊ မနက်မိုးလင်းရင် မျက်လုံးဖွင့်မရတော့ဘူး.. ရောင်ကိုင်း နီရဲနေတာပဲ.. -_- အဲ့လိုတွေထိဖြစ်တဲ့ မျက်နှာနဲ့ မျက်လုံးပိုင်ရှင်လေးပါကွယ်.. စိတ်ညစ်ရချက်က ပျော့ကို မပျော့ချင်ပု ဆိုတာမျိုးပဲ…

အဲ့လိုအဖြစ်တွေကြောင့် မိတ်ကပ်မလိမ်းဖြစ်တာလည်း ကြာခဲ့ပါပြီ.. တိုက်တိုက်ဆိုင်ဆိုင်ပဲ မိတ်ကပ်ပြန်လိမ်းမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ Her Box လေးလည်း အရောက်၊ Her Box ထဲမှာလည်း Bioderma ရဲ့ Micellar Water ဘူးပိစိလေးပါလာတယ်လေ.. အဲ့တော့ စမ်းပြီပေါ့.. တခြား Effect တွေထက်ကို မိတ်ကပ်စမ်းဖျက်ကြည့်ထားတဲ့ ပုံလေးတွေ အက်ဒ်မင်ပြပေးမယ်နော်.. အက်ဒ်မင်က အဓိက မျက်လုံးတွေ မခံနိုင်တာဆိုတော့ Waterproof Liner (ရေစိုခံ အိုင်းလိုင်နာ)တွေနဲ့ အိုင်းရှဲဒိုးတွေကို အရင်ပြေးစမ်းကြည့်ပါတယ်.. ရလဒ်ကတော့ ဒီလိုယောင်းတို့ရေ…

ဒါတော့ လုံးဝ Waterproof ဆိုတဲ့ လိုင်နာတွေပါ။ Pencil Liner , Liquid Liner နဲ့ ရွှေရောင်အကြောင်းကတော့ Hearty Heart က Play Pencil ပေါ့။ အလယ်က ပုံက အက်ဒ်မင် တစ်ဝက်ဖျက်ပြထားတဲ့ပုံပါ။ Micellar Water နဲ့ တစ်ချက်တည်း ဆွဲထားတာပါ။ ကပ်ပါလာတာတော့ တတိယပုံပါပဲ..

Related Article >>> ထိခိုက်မခံနိုင်တဲ့ အသားအရေတွေအတွက် Bioderma ရဲ့ Atoderm Cleanser Review

ကဲ.. ဒါဆို လိုင်နာအတွက် စိတ်ချရပြီ.. ယောင်းတို့မြင်သာအောင် တစ်ဝက်တည်း အရင်ဖျက်ပြထားတာပါ။ အကုန်လုံးကို ဖျက်ဖို့လည်း တစ်ချက်တည်း ဆွဲရုံနဲ့ လုံလောက်တယ်.. မျက်လုံးမှာတော့ မျက်လုံးထောင့်တွေ ဘာတွေပါ မကျန်သေချာ လိုက်ဖျက်ရတာမို့ တစ်ချက်တည်းနဲ့တော့ မရဘူးပေါ့လေ.. ဒါပေမဲ့ ဆွဲရင် ဆွဲသလောက် ပါပါတယ်။ အတင်းလည်း ဖိပြီး ဖျက်နေစရာမလိုဘူးလေ.. အိုင်းလိုင်နာတွေထဲမှာ အက်ဒ်မင် Gel Liner ကို သပ်သပ်စမ်းပြထားပါတယ်။

ဒါကတော့ Gel Liner ပါ.. ဖျက်ရခက်တဲ့ လိုင်နာတွေပေါ့.. ဒုတိယပုံက Micellar Water နဲ့ တစ်ချက်တည်း ဆွဲဖျက်ထားတဲ့ပုံပါ။ နည်းနည်းတော့ကျန်ပေမဲ့ ခါတိုင်း ဘယ်လိုဖျက်လို့ မှ မလွယ်တာက ဒီလောက်ပါသွားတယ်ဆိုတော့ ကျေနပ်ရပါတယ်

နောက်ထပ် အိုင်းရှဲဒိုးတွေလည်း တစ်ချက် ကြည့်ရအောင် ယောင်းတို့ရေ…

ရှိသမျှ အိုင်းရှဲဒိုးရောင်တွေနဲ့ လှနေရော 😀 ဒုတိယပုံကတော့ ယောင်းတို့ မြင်လွယ်အောင် တစ်ဝက်ပဲ ဖျက်ပြထားတာပါ။ တစ်ချက်တည်း Micellar Water နဲ့ဆွဲထားတာ.. နောက်တစ်ချက်ထပ်ဆွဲလိုက်တော့ တတိယပုံထဲကလို ပြောင်သွားရော

နောက်ထပ် စမ်းစရာကတော့ ထုံးစံအတိုင်း နှုတ်ခမ်းနီပေါ့… အက်ဒ်မင့်မှာ ရှိတဲ့ နှုတ်ခမ်းနီတွေက Soft Matte Lipcream တွေ Matte type တွေချည်းပဲဆိုတော့ ခါတိုင်းဆို နှုတ်ခမ်းနီ ဖျက်ဖို့ တော်တော် အချိန်ယူရလေ့ရှိပါတယ်.. ဒီတော့ ဒါအတွက်လည်း ဘယ်လိုရှိမလဲပေါ့… စမ်းကြည့်တဲ့အခါ…

နှုတ်ခမ်းနီရောင်စုံနဲ့ :3 ဒုတိယပုံကတော့ တစ်ချက်ဆွဲထားတာပေါ့.. တတိယပုံက နှစ်ခေါက်ဖျက်ထားတာပါ။ ယောင်းတို့ မြင်မယ်ဆို အဲ့မှာ ပန်းရောင်လေး ကျန်နေတာကို တွေ့မှာပေါ့။

ကျန်ထားတဲ့ ပန်းရောင်လေးက အက်ဒ်မင့်နှုတ်ခမ်းနီဘူးတွေထဲက ပန်းရောင်ကနုတ်လေးတွေနဲ့ ဘူးထဲကပါ။ သူက စဆိုးကတည်းကကို ခြောက်နေတဲ့ နှုတ်ခမ်းနီမျိုးမို့ အက်ဒ်မင်တော်တော် ဆိုးခဲတဲ့ နှုတ်ခမ်းနီပါ။ ဖျက်ရလည်း သေမလောက်ခက်ပါတယ်။ (အက်ဒ်မင့်အတွက်ပြောပါတယ်) ဘယ်နှစ်ခါ ဖျက်လို့ ဖျက်ရမှန်းကိုမသိဘူး။ ခုက နှစ်ချက်ဆွဲရုံနဲ့ ဒီလောက်ပဲ ကျန်တယ်ဆိုတော့ တော်တော် အဆင်ပြေတယ် ပြောရမှာပါ။

Related Article >>> သုံးဖူးသမျှ skincare တွေထဲမှာ တစ်ခါမှ ဒီလောက်ထိ သဘောကျတာမျိုး မရှိဖူးဘူး

အဲ.. အရေးကြီးပြီး မေ့ထားလို့မရတာကြီး အက်ဒ်မင်မေ့ထားခဲ့တယ်.. မိတ်ကပ်ဖျက်ဆေးပါဆိုမှ မိတ်ကပ်တော့ ဖျက်ရမှာပေါနော့့်… အက်ဒ်မင်က မိတ်ကပ်ကို အထူကြီးလည်း မလိမ်းတတ်တာမို့ ကူရှင်ဆိုလည်း Matte Cushion တစ်မျိုးတည်း၊ မဟုတ်လည်း Foundation လေးလိမ်း၊ အပေါ်က Puff လေး ရိုက်လိုက်တာနဲ့ ပြီးသွားတာပါပဲ… ဒီတော့ ယောင်းတို့ကို ဖောင်ဒေးရှင်း တစ်မျိုးတည်း လိမ်းပြီးစမ်းထားတာလေး ပြပေးမယ်နော်… (မိတ်ကပ်မလိမ်းတာလည်း ကြာပြီဆိုတော့ ဖောင်ဒေးရှင်းတစ်မျိုးတည်း ရှာတွေ့လို့ဘာ 🙁 )

မြင်ရလားမသိ ယောင်းတို့.. ဒုတိယပုံက Foundation လိမ်းထားပြီးတဲ့ပုံပါ။ တတိယကတော့ ထုံးစံအတိုင်း Micellar Waterနဲ့ တစ်ချက် ပွတ်ထားတဲ့ပုံပါ။ Cotton Pad တစ်ခုနဲ့ ၃ချက်လောက်ပွတ်ပြီး နောက်ထပ် Cotton Pad တစ်ခု ပြောင်းသုံးလိုက်တဲ့အခါ ဘာမှ ကပ်မကျန်တော့တာ တွေ့ရပါတယ်.. တော်တော် ပြောင်တယ်ဆိုရမှာပေါ့

ဒါတွေအကုန်လုံးစမ်းပြီးတဲ့အခါ အိုခေပေါ့.. ဒီလောက်ဆို မိတ်ကပ်လိမ်းလို့ရပြီဆိုပြီး မိတ်ကပ်တွေ လိမ်းပြီလေ… မျက်လုံးပေါ် လိုင်နာတွေ တင်ပြီးတဲ့နောက်မှာတော့ စိုးရိမ်တာတစ်ခုက ဖျက်ပြီးသည့်တိုင်အောင် မျက်လုံးတွေ စပ်နေမလားဆိုတာပါပဲ… ကံကောင်းချင်တော့ အဲလေ ဖျက်ဆေးက ကောင်းချင်တော့ ဘာမှကို ဖြစ်မလာလို့ အံ့ပါသြယူရပါတယ်… တစ်ခါမှ ဒါမျိုး မဖြစ်ဖူးဘူးလေ.. မိတ်ကပ်လိမ်းတိုင်း မျက်ရည်ကျရတဲ့ အဖြစ်က ခုတော့ လွတ်လောက်ကောင်း အောက်မေ့ပါတယ်..

နောက်တစ်ခုက ဖုထွက်မထွက်ပါ..  မိတ်ကပ်လိမ်း၊ သေချာ ဖျက်ပြီး မျက်နှာသန့်စင်တာတောင်မှ ဖုထွက်တတ်တဲ့ ထိလွယ်ရှလွယ် အက်ဒ်မင်လေးဟာ ဒီတစ်ခါမှာတော့ ထူးပြီး ဘာဖုမှ ထွက်မလာတော့တာ တွေ့ရပါတယ်.. ထွက်မလာဆို နာမည်ကိုက Bioderma Sensibio H2O Makeup Removing Solution မဟုတ်လား… ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက် လုံးဝ သင့်လျော်တဲ့ မိတ်ကပ်ဖျက်ဆေး (Micellar Water) လို့ ဆိုပါတယ်.. အက်ဒ်မင်နဲ့တော့ ကိုက်ပါတယ်..

ဒီဘူးလေး <3

နောက်တစ်ခုက သူက Alcohol Free ပါ။ ဒီတော့ ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက်တင်မက အခြားအသားအရေတွေ သုံးချင်တယ်ဆိုရင်တောင် အဆင်ပြေနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ (သုံးချင်တယ်ဆိုရင်ပြောတာနော်) Bioderma က ထုတ်ထားသမျှ Micellar Water တွေထဲမှာတော့ ခု အက်ဒ်မင်ပြောနေတဲ့ Sensibio က နာမည်အကြီးဆုံးပါပဲ…

အဲ.. တစ်ခုတော့ရှိတယ်.. သူက Fragrance-Free Formula (အနံ့မပါတဲ့ ဖော်မြူလာ)နဲ့ ထုတ်ထားတယ်လို့ ဆိုပေမဲ့ စစသုံးတဲ့အချိန်မှာ ဆေးနံ့လိုလို ဘာလိုလို အနံ့တစ်ခုရပါတယ်.. လုံးဝ အနံ့မရှိတာမျိုးတော့ မဟုတ်ပါဘူး.. သုံးရင်းနဲ့ အနံ့ကို ယဉ်သွားတဲ့အခါတော့ အနံ့ပျောက်သွားသလိုလို ဘာလိုလိုပေါ့…

အသားပေါ် စတင်တဲ့အချိန်မှာ အေးသွားတဲ့ ခံစားမှု၊ တစ်ချက်ဆွဲလိုက်တာနဲ့ လိမ်းထားသမျှ အကုန်နီးပါး ပါလာတဲ့ ခံစားမှု ဒါတွေက ဒီ Bioderma Micellar Water ကို ဆက်သုံးဖြစ်ဖို့ ဆွဲဆောင်မှုတွေချည့်ပါပဲ… ဒီလ Her Box ထဲလည်း ပါထားတော့ Club Member ဝင်ထားတဲ့ ယောင်းယောင်းတွေလည်း စမ်းသုံးပြီးကြပြီလို့ ထင်ပါတယ်.. သုံးပြီးတဲ့ ယောင်းတွေလည်း ဘယ်လိုနေလဲ ပြောပြကြဦးနော်…

ဖုတွေ ထစ်တွေ ကင်းဝေးတဲ့ အလှပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေကွယ်…

Libra (For Her Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *