ယောင်းရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် ဗီတာမင် အီးက ပေးစွမ်းနိုင်တဲ့ ကောင်းကျိုး (၄)သွယ်

နံပါတ် (၃) က အက်ဒ်မင့်အတွက်တော့ ကွက်စတိပဲ… သိတယ်ဟုတ်? PMS လေ :/

မင်္ဂလာပါ ယောင်းတို့ရေ…လှပနုပျိုချင်တာ မိန်းကလေးတွေရဲ့ သဘာဝပါပဲ။ တစ်ခုရှိတာက လှပနုပျိုခြင်းကို မှန်မှန်ကန်ကန်ရယူတတ်ဖို့တော့ လိုပါတယ်နော်။ အားနည်းချက်တွေကို မိတ်ကပ်တွေနဲ့ အတင်းဖုံးဖိစရာမလိုတဲ့၊ မူလသဘာဝကိုက လှပနုပျိုကျန်းမာနေတဲ့ အလှတစ်စုံ ပိုင်ဆိုင်ဖို့ဆိုရင် ဗီတာမင် အီး ဟာ ယောင်းတို့ အတွက် မရှိမဖြစ်ကို လိုလာပါပြီ။

ဒါကြောင့် ခုတစ်ခေါက်မှာတော့ ယောင်းတို့ မထင်မှတ်ထားတဲ့ ဗီတာမင် အီးရဲ့ အကျိုးကျေးဇူးလေးတွေကို အက်ဒ်မင်ပြောပြပေးမယ်နော်။

နံပါတ်(၁)ကတော့ ပျက်ဆီးနေတဲ့အသားရည်တွေကို ကုသပေးပါတယ်။

Vitamin E for skin

ဗီတာမင် အီးက အသားအရေတွေ စိုပြည်တင်းရင်းဖို့ လိုအပ်တဲ့ အစိုဓာတ် (moisture) နဲ့ ကြုံ့နိုင်ဆန့်နိုင်တဲ့ ဓာတ်( elasticity) ကို အင်အားဖြည့်ပေးပါတယ်။ ဗီတာမင် အီး ဟာ ခန္ဓာကိုယ်အတွက်ကော အသားရည်အတွက်ကော ရောင်ရမ်းတာတွေ နီမြန်းတာတွေကို လျော့ချပေးနိုင်ပါတယ်။ ဗီတာမင် အီး ရဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိဟာ ခရမ်းလွန်ရောင်ခြည်တို့ စီးကရက်ငွေ့တို့နဲ့ ထိတွေ့လို့ အသားအရေ ထိခိုက်ပျက်စီးတာကိုလည်း ကာကွယ်ပေးပြီး အရေပြားကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ ဗီတာမင် အီးဟာ နုပျို ငယ်ရွယ်တဲ့ သွင်ပြင်ကို ထိန်းထားပေးတာကြောင့် အိုမင်းမှုကို တိုက်ဖျက်ပေးတဲ့ သဘာဝ ပစ္စည်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဗီတာမင် အီးဟာ ဝက်ခြံကို သက်သာစေပြီး ဒဏ်ရာတွေကို အကျက်မြန်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဗီတာမင် အီး ကို အရေပြားအပေါ်ယံအလွှာက စုပ်ယူတာကြောင့် နေလောင်တဲ့အသားအရည် (Sunburn)ကိုလည်း ကုသနိုင်သလို ဆဲလ်အသစ်တွေ ပြန်ဖြစ်စေတာကြောင့် အမာရွတ်တွေ အရေးကြောင်းတွေကို ကုသတဲ့နေရာမှာ အတော်လေးအထောက်အကူ ဖြစ်ပါတယ်တဲ့။ ဒါကြောင့် နုပျိုချင်တဲ့ မမတွေက ဗီတာမင် အီးကို လက်မလွှတ်သင့်ဘူးနော်..

Related Article >>> ယောင်းတို့အတွက် PMS Guide

နံပါတ်(၂) ကတော့ ဆံပင်တွေကို ထူထဲစေပါတယ်တဲ့။

Vitamin E for hair

ဗီတာမင် အီးဟာ အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိပါတာမို့ ပတ်ဝန်းကျင်ဒဏ်၊ ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေတဲ့ ဆံပင်တွေကို သက်သာစေပါတယ်။ ဦးရေပြားကျန်းမာရေးအတွက် သွေးလှည့်ပတ်စီးဆင်းမှုကိုလည်း အားကောင်းစေပါတယ်။ ဗီတာမင် အီးဟာ သဘာဝအစိုဓာတ်ကို ထိန်းထားပေးတာမို့ ဦးရေပြားကြီး ခြောက်ကပ်ပြီး အဖတ်တွေ ကွာကျတတ်တာကို သက်သာစေပါတယ်။ ဗီတာမင် အီး အဆီလိမ်းထားမယ်ဆိုရင် မွဲခြောက်နေတဲ့ ဆံပင်ဟာ အရင်ကထက် ပိုကျန်းမာလာပြီး ပို တောက်ပြောင်လာစေပါတယ်တဲ့။ ဆိုတော့ ဆံသားလေး လှချင်တယ်ဆိုတဲ့ ယောင်းလေးတို့အတွက် ကွက်စတိပေါ့…

နံပါတ်(၃) က ဗီတာမင် အီးဟာ ယောင်းတို့ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို မျှတအောင် ထိန်းထားပေးနိုင်ပါတယ်။

Vitamin E for Hormones

အက်ဒ်မင်တို့ အမျိုးသမီးတွေအနေနဲ့ ဟော်မုန်းမျှတဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ဟော်မုန်းမမျှတတဲ့အခါ ရာသီလာခါနီး အတော်လေးကိုက်ခဲတာတွေ ဝိတ်တက်လာတာတွေ ဓာတ်မတည့်တာတွေ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ပူပန်စိတ်များလာတာတွေ မောပန်းနွမ်းနယ်လာတာတွေ ဖြစ်လာနိုင်တာမို့ ဗီတာမင် Eရဲ့အကူအညီကို ယူပြီး ဟော်မုန်းတွေ မျှတအောင် လုပ်ယူလို့ရပါတယ်လို့..

Related Article >>> မျက်နှာလေး ကြည်လင်တောက်ပပြီး လှနေစေဖို့  လိုအပ်တဲ့ ဗီတာမင်လေးများ

နံပါတ်(၄) က ကိုယ်ဝန်သည် မေမေတွေနဲ့ ကလေးမေမေတွေအတွက် သိပ်ကို အကျိုးပြုပါတယ်တဲ့။

Vitamin E for pregnancy

ဗီတာမင် အီးကို ကိုယ်ဝန်စရှိတဲ့ အချိန်တည်းက စသောက်ပေးမယ်ဆိုရင် သန္ဓေသားလေးရဲ့ အာရုံကြောနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်တဲ့။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ယောင်းတွေ ကလေးထိန်းနေရတဲ့ နို့တိုက်မိခင်ယောင်းတွေဟာ ကိုယ်ကိုယ်တိုင်လည်း ဗီတာမင် အီး မှီဝဲသင့်သလို ကလေးငယ်အသက်၂နှစ်အထိ ဗီတာမင် အီးပါတဲ့ အစားအစာကို ဝင်အောင်ကျွေး ကြပါလို့ ဆရာဝန်တွေက ဆိုပါတယ်။ သုတေသနပညာရှင် တစ်ချို့ကတော့ ဗီတာမင် အီးကို ကင်ဆာနဲ့ နှလုံးရောဂါ ကုထုံးတွေမှာပါ အသုံးပြုလာကြတာကို တွေ့ရတယ်လို့ ဆိုလာပြီး ဗီတာမင် အီး ကို ဗီတာမင် စီ နဲ့ တွဲသုံးရင် ပိုအကျိုးများပါတယ်လို့လည်း ဆရာဝန်တစ်ချို့က ဆိုကြပါတယ်။

Vitamin E rich Food

ဗီတာမင် အီး ဓာတ်ကို အစားအသောက်က ရနိုင်သလို ဖြည့်စွက်စာ (Supplement)တွေကလည်း ရနိုင်ပါတယ်။ အစားအသောက်တွေထဲမှာတော့ နေကြာစေ့၊ ဗာဒံစေ့၊ သရက်သီး၊ ထောပတ်သီး၊ ဘရိုကိုလီ၊ ကီဝီ၊ ခရမ်းချဉ်သီး စတဲ့ အစားအစာတွေက ရနိုင်ပါတယ်။ ဖြည့်စွက်စာ ( supplement) သောက်သုံးလိုတယ်ဆိုရင်တော့ အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် တစ်နေ့ကို 22.5 IUပမာဏဆို လုံလောက်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို များသွားရင်လည်း ဘေးဖြစ်နိုင်ပါတာမို့ လှချင်ဇောနဲ့ အများကြီး မစားဖို့၊ မသောက်ဖို့လည်း သတိထားဖို့လိုပါတယ်နော်…..

ကျန်းမာလှပနိုင်ကြပါစေ ယောင်းတို့ရေ…

By
Mira ( For Her Myanmar )
Reference links: Health Line , Deaxe

No Comments Yet

Comments are closed