မျက်ခုံးလှလှတစ်စုံဆွဲဖို့ လိုအပ်တဲ့ပစ္စည်း(၅) မျိုး

မျက်ခုံးက မျက်နှာတစ်ခုလုံးရဲ့အသက်ပဲမလား။ အရမ်းအရေးကြီးတော့ ကရိကထကလဲ သိပ်များပေါ့။

အမယ်။ ‘အခုခေတ်မှာ မျက်ခုံးလှဖို့အရေးတို့အရေး’ ‘မျက်ခုံးသည်သာဘဝ’ ‘ဘာမှမပါရင်တောင် မျက်ခုံးရှိနေဖို့အရေးကြီးတယ်။’ ဒီလိုစကားသံလေးတွေကြားတော့ လှချင်ရက်စက်စက်ယို အက်မင်မမ ပြေးလွှားရှာဖွေရပြီလေ။ မျက်ခုံးတုံးတုံးတစ်တစ်တွေ ဆွဲခဲ့တဲ့အချိန်တုန်းကတော့ ခဲတံလေးတစ်ချောင်းနဲ့တင် အရာရာပြည့်စုံတယ်မဟုတ်လား။ နောက်ပိုင်း ကိုယ့်အနားကလူတွေကလည်း ပြောဆိုလာကြတဲ့အချိန်ကျ ကိုယ်လည်း ပြောင်းလဲချိန်တန်ပြီဆိုပြီး ဟိုရှာဖွေ ဒီရှာဖွေနဲ့ ဒီပစ္စည်းလေးတွေကိုတွေ့လာရရော.. ကိုယ်တိုင်သုံးတာလည်း တော်တော်အဆင်ပြေနေလို့ ယောင်းတို့အတွက် ဝေမျှပေးလိုက်ပြီနော်။

(၁) အော်တိုမျက်ခုံးဆွဲတံ

ရိုးရိုးခဲတွေက မျက်ခုံးဆွဲတဲ့အချိန် မညီတာမျိုးတော်တော်ဖြစ်တတ်ကြတယ်လေ။ အော်တိုကျတော့ သူ့ခဲထိပ်က တြိဂံပုံစံဖြစ်တာမို့ ဆွဲရတာပိုအဆင်ပြေစေမှာပါ။ မျက်ခုံးကို လိုသလိုအရာလေးအရင်ပေးဖြစ်ပါတယ်။ နှင်းကတော့ Miniso ကပစ္စည်းလေးတွေသုံးဖြစ်တယ်။

ဒါက အော်တိုမျက်ခုံးခဲတံလေးပေါ့။

(၂) ပေါင်ဒါ

ခဲတွေနဲ့ခြစ်ပြီးထည့်ရင် မျက်ခုံးကတအားခဲနေတာမျိုး၊ မည်းသည်းနေတာမျိုးတွေဖြစ်တယ်လေ။ အခု မျက်ခုံးလေးကို ခဲနဲ့အရာပေးပြီး ပေါင်ဒါဖြည့်လိုက်တဲ့အခါကျတော့ သဘာဝဆန်တဲ့မျက်ခုံးတစ်ခု ရလာပါလိမ့်မယ်။ နှင်းကတော့ Kanebo (Kate) ရဲ့ eyebrow cake နဲ့ Loreal ရဲ့ Artist Brow Kit ကိုသုံးဖြစ်တယ်။ Kate ပေါင်ဒါက အရောင် (၃) မျိုးပါပြီး (အညိုရင့်၊ အညိုနု၊ အဖြူ) အဖြူကို အမှားတစ်ခုခုဖြစ်လို့ဖျက်လိုက်တဲ့အခါမှာ သုံးပါတယ်။ Loreal ကကျတော့ ဂျယ်လ်တစ်ကွက်၊ ပေါင်ဒါတစ်ကွက်ပါတယ်။ သူ့ပေါင်ဒါက အရောင်ပိုနက်တော့ ထင်းထင်းလေးကြိုက်တဲ့လူတွေနဲ့ ပိုအဆင်ပြေမယ်ထင်တယ်။ နှင်းကတော့နှစ်မျိုးလုံး တွေ့ကရာနဲ့ ကောက်ဆွဲဖြစ်တာပါပဲ။

ဒါလေးက kate ရဲ့ မျက်ခုံးပေါင်ဒါ
ဒါကတော့ Loreal ကမျက်ခုံးပေါင်ဒါ

Related Article >>> မျက်ခုံးမရွေးတဲ့ eyebrow mascara လေး

(၃) ဂျယ်လ်

ဒါကတော့နည်းနည်း ပရိုကျတဲ့ယောင်းတို့ သုံးရင်ပိုအဆင်ပြေမယ်။ သူကလက်ဝင်တာကိုး။ ပြီးတော့ အရမ်းစွဲတာမို့ ဖျက်ရတာလည်း ခက်မယ်။ Anastasia ရဲ့ဂျယ်လ်လေးသုံးဖြစ်ပါတယ်။

ဒီဟာက Anastasia မျက်ခုံးဂျယ်လ်

(၄) မျက်ခုံးဆိုးဆေး

သူကကျတော့လေ ထိပ်မှာမျက်တောင်ကော့တဲ့ ပစ္စည်းလိုမျိုးနဲ့ ကိုယ့်မျက်ခုံးအမွှေးတွေကို ဖီးရတာမျိုးပါ။ မျက်ခုံးရှိတဲ့ ယောင်းယောင်းတွေကတော့ ဒါလေးတစ်ခုထဲနဲ့တင်ပြည့်စုံတာပေါ့။ မျက်ခုံးမရှိတဲ့ယောင်းယောင်းတွေကလည်း အဲဒါလေးဆိုးပြီးသဘာဝဆန်တဲ့မျက်ခုံးတစ်ခုကို ဖန်တီးလို့ရပါတယ်။ နှင်းကတော့အခု Bella ရဲ့ Iconic Brow လေးသုံးဖြစ်တယ်။ သွားပွတ်တံ ဘရပ်ရှ်လေးနဲ့ဆိုတော့ သုံးရတာတော်တော်အဆင်ပြေနေတယ်။

Bella ရဲ့ Iconic Brow မျက်ခုံးဆိုးဆေး

(၅) မျက်ခုံးတက်တူးဆိုးဆေး

ဒါကကျတော့ မျက်ခုံးမရှိတဲ့ယောင်းတွေအတွက်ပါ။ ဘယ်လောက်ရေစိုခံတယ်ပြောပြော ရေနဲ့ထိလိုက်တဲ့အချိန်မှာ အရည်လေးတွေပျော်ကျရော။ ဒီပစ္စည်းကတော့ ဆိုးထားပြီး အခွံခွာလိုက်တဲ့အချိန်မှာ တက်တူးလိုမျိုး ဖျက်လို့ မပျက်တာမျိုးကျန်ခဲ့မှာဖြစ်ပါတယ်။ နှင်းကတော့ Etude House က Tattoo eyebrow tint သုံးဖြစ်တယ်။

Etude House က မျက်ခုံးတက်တူးဆိုးဆေး၊ ရှာဖွေစရာမလိုတော့အောင် သုံးနည်းလေးပါ တစ်ခါထဲထည့်ပေးလိုက်တယ်။

ဒါလေးတွေက မျက်ခုံးလှလှဆွဲဖို့ လိုအပ်တာမျိုးတွေပါ။ အကုန်လုံးက ရှိကိုရှိသင့်တာမျိုးတော့မဟုတ်ဘူးပေါ့။ အပေါ်ဆုံး သုံးခုလောက်ရှိနေရင် တော်တော်အဆင်ပြေတဲ့ မျက်ခုံးဆွဲနိုင်ပါပြီ။ နှင်းကကျတော့ အရင်ဆုံး ခဲလေးနဲ့ဘောင်ခတ်တယ်၊ ဘရပ်ရှ်လေးနဲ့ခြစ်ပြီး ပေါင်ဒါလေးနဲ့နည်းနည်းချင်းဖြည့်တယ်။ နောက်ဆုံးမှာတော့ မျက်ခုံးဆိုးဆေးလေးနဲ့ ခြစ်လိုက်ရော။ ပြီးပြီ။ မျက်ခုံးကတော့ နှင်းလဲစဆွဲတုန်းက တုံးတိဖြစ်ပေမဲ့ တဖြည်းဖြည်းဆွဲရင်နဲ့ အဆင်ပြေလာမှာပါ။ နှင်းပြောတဲ့အချက်လေးတွေသုံးပြီး လှလှပပမျက်ခုံးတွေပိုင်ဆိုင်နိုင်ကြပါစေ။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။

error: Content is protected !!