တစ်ကမ္ဘာလုံးခရီးဆန့်ခဲ့သူ

 

ကမ္ဘာအနှံ့ခရီးရောက်ခဲ့သူ အမေရိကန်တွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ခရီးသွားမိန်းကလေးအကြောင်း

Cassandra De Pecol ဟာအသက် ၂၇နှစ်အရွယ် အမေရိကန်အမျိုးသမီးတစ်ယောက်ပါ။ သူဟာ ကမ္ဘာနိုင်ငံတွေအားလုံးကို သွားရောက်လည်ပတ်ဖူးတဲ့ ကမ္ဘာ့ပထမဆုံး  အမျိုးသမီးတစ်ယောက်ပါ။ ဒါ့အပြင် ကမ္ဘာနိုင်ငံတွေအားလုံးကို သွားရောက်ဖူးတဲ့ ပထမဆုံး အမေရိကန်အမျိုးသမီး တစ်ယောက်ဆိုလဲ မမှားပါဘူး။ ထပ်ရှိပါသေးတယ် ကမ္ဘာနိုင်ငံတွေအားလုံးကို သွားရောက်ဖူးတဲ့ အငယ်ဆုံး အမေရိကန်လူမျိုးလဲ ဖြစ်ပါသေးတယ်။ ကမ္ဘာ့နိုင်ငံတွေအကုန် ခြေဆန့်ပြီးတဲ့အချိန်မှာ သူက အသက်၂၇နှစ်ပါ။ နောက်တစ်ခု ကမ္ဘာနိုင်ငံတွေအားလုံးကို ခရီးဆန့်ရာမှာ အမြန်ဆုံးသွားနိုင်သူ တစ်ယောက်လဲ ဖြစ်နေပါသေးတယ်။

Related article >>> ယောင်းဟာ ဘယ်လိုခရီးသည်မျိုးလဲ

ကဲ ဘယ်လောက်တော်လိုက်တဲ့ မိန်းကလေးလဲနော်။ သူဒါတွေကို ဘယ်လိုလုပ်ခဲ့လဲ သိလား။ အက်ဒမင်ကပြောပြပါ့မယ်။ Time Magazine က ငွေရေးကြေးရေးကဏ္ဍနဲ့ အင်တာဗျူးမှာ သူပြောပြခဲ့တာကတော့ ဒီကိစ္စဖြစ်လာဖို့အတွက် အပျော်အပါးတွေအားလုံးကို လက်လျှော့ခဲ့ရပါတယ်တဲ့။ အပြင်ထွက်လည်တာ လုံးဝမလုပ်ဖြစ်တော့ပါဘူးတဲ့။ နေ့လည်စာအပြင်ထွက်စားဖို့တောင် မထွက်ဖြစ်တော့ဘူးတဲ့။

သူ့ခရီးအတွက် ပိုက်ဆံကြိုရှာပြီး၊ အရာရာကြိုတင်ပြင်ဆင်ခဲ့တာတောင် ခရီးတစ်ဝက်လောက်အရောက်မှာ ပိုက်ဆံပြတ်တဲ့ အခက်အခဲ ကြုံခဲ့ရပါတယ်တဲ့။ ပိုက်ဆံဟာ သူ့အတွက် အကြီးဆုံးအခက်အခဲ ဖြစ်ခဲ့တယ်လို့ Cassandra က ပြောပြခဲ့ပါတယ်။ Guinness World Record မှာပါဖို့အတွက်က တစ်နိုင်ငံမှာ ၁၄ရက်ထက် ပိုနေလို့မရတဲ့အတွက် သူ့နိုင်ငံပြန်ပြီး ပိုက်ဆံပြန်ရှာဖို့က ၁၄ရက်ပဲ အချိန်ရပါတယ်။ သူ့ခင်မျာ ရှက်လွန်းလို့ သူပြန်ရောက်နေပြီဆိုတာတောင် သူငယ်ချင်းတွေကို မပြောပြရဲခဲ့ပါဘူးတဲ့။

ဒီတစ်ခေါက် ပိုက်ဆံရှာပြီး ခရီးပြန်ထွက်လာတဲ့အခါမှာတော့ Cassandra တစ်ယောက် ပိုက်ဆံကိုင်တွယ် သုံးစွဲရာမှာ ပိုပြီးကျွမ်းကျင်လာပါပြီ။ ပိုက်ဆံအသုံးစိစစ်တတ်လာတယ်။ Microsoft Excel ကိုသုံးပြီး အသုံးစရိတ်တွေကို စာရင်းသွင်းတတ်လာတယ်။ ဒီလိုနဲ့ ကြိုးကြိုးစားစား ခရီးထွက်လိုက်တာ သူအောင်မြင်ခဲ့ပါတယ်။ သူ့ခရီးရှည်ကြီး အဆုံးသတ်ခဲ့ပါပြီ။ အက်ဒမင်စစခြင်းမှာ ပြောပြခဲ့သလို ဂုဏ်ယူစရာ မှတ်တမ်းတွေ တပုံကြီးတင်ခဲ့နိုင်ပါတယ်။

Cassandra နဲ့ Time Money တို့ရဲ့ အမေးအဖြေ အစအဆုံးကိုတော့ အောက်မှာ ကြည့်နိုင်ကြပါတယ်။

This 27-year-old broke the record for traveling to every country in the world. Here’s how she paid for it all ✈️️🌎

Posted by MONEY on Tuesday, March 21, 2017

Related article >>> တစ်ယောက်တည်း ခရီးသွားရမယ့် ယောင်းတို့ သယ်သွားသင့်တဲ့ ပစ္စည်းများ

သူ့လိုခရီးသွားချင်သူတွေအတွက်ကတော့ အပတ်စဉ်တိုင်းအတွက် ဘတ်ဂျက်လုပ်ထားဖို့ အကြံပေးပါတယ်။ ဆိုလိုတာက လခရရင် တစ်လတစ်ခါသုံးဖို့မဟုတ်ဘဲ အပတ်စဉ်သုံးဖို့ ပိုက်ဆံလေးပုံခွဲထားဖို့ပါ။ ဒီတော့မှ ခရီးသွားဖို့ အခွင့်အရေးတစ်ခုခု ရုတ်တရက်ပေါ်လာရင် ချက်ချင်းထသွားဖို့ ဘတ်ဂျက်ရှိနေမှာပါတဲ့။

သူကမ္ဘာပတ်ခဲ့တဲ့ ပုံလှလှလေးတွေကို တွေ့ချင်ရင်တော့ သူ့အင်စတာမှာ သွားကြည့်နိုင်ကြပါတယ်။ အားကျစရာအမျိုးသမီးတစ်ယောက်မို့ သူ့အကြောင်းဖတ်ပြီး ယောင်းယောင်းတို့တွေ အိမ်မက်တွေ အကောင်အထည်ပေါ်လာဖို့ အားဖြစ်ဖို့ရည်ရွယ်ပါတယ်ကွယ်။

Khine (For Her Myanmar)

Reference : Time | Seeker

No Comments Yet

Comments are closed