ကျယ်မနှင့် YBS

ဒီနေ့က ဆယ့်ခြောက်ရက်နေ့။ အဲ့ဒါက ကျယ်မနဲ့ မောင်ရဲ့ ချစ်သူသက်တမ်း နှစ်နှစ်ပြည့်တဲ့ နေ့လေးပေါ့။ ဖြစ်ချင်တော့ ရန်ကုန်မှာ ဘတ်စ်ကားတွေ ပြောင်းတဲ့နေ့က ဒီနေ့ပဲလေ။ ချစ်သူနဲ့တွေ့ဖို့ကလည်း ဘတ်စ်ကားပဲ စီးမှရမှာ။ တက်စီခကျတော့လည်း အသွားအပြန်နဲ့ မွဲရချည်ရဲ့။
တီတီတီတီ xxxx
“ဟယ်လူ … မှောင်လား”
“မမှောင်ဘူး ခုမှမနက်ကိုးနာရီပဲ ရှိသေးတာဟ”
“အော် မောင်လားလို့ ပြောတာပါ။ နည်းနည်း ချွဲသွားလို့ပါ။ ဟီးးဟီးးးးး … ”
“အွန်းး ချစ်မောင့်ဆီလာမှာလား မောင်ချစ်ဆီ လာရမှာလား”
” ချစ်မောင့်ဆီလာမယ်လေ။ ဘတ်စ်ကားလိုင်း အသစ်တွေ စပ်စုမလို့ ငိငိ ”
“ဖြစ်ပါ့မလား ချစ်ရယ်။ ဒုက္ခရောက်တော့မှာပဲ။”
“ဟာာ ရပါတယ်ဆို။ ပူနဲ့ လာခဲ့မေ။”
ဂွက် …
ဖုန်းချပြီးတော့ သွားဖို့ ပြင်ရပြီလေ။
အိမ်းး ဘတ်စ်ကားတွေက နံပါတ်ပြောင်း လမ်းကြောင်းပြောင်းဆိုတော့ anniversary ဆိုပေမယ့်လို့ လှတပတ ပြင်မသွားတော့ဘူး။
သနပ်ခါးရေကျဲလိမ်း ဆံပင်လေး မြင့်မြင့်စည်းပြီး ထိပ်မှာထုံးလိုက်တယ်။ အဝတ်အစားကတော့ Giordano တီရှပ်လေးဝတ် (ကြွားတာ 😛 ) အောက်က ဆင်ရုပ်ဘောင်းဘီ ပွပွလေး ဝတ်ပြီး ဖိနပ်အပါးလေး စီး အိမ်က ထွက်လာခဲ့သည်ပေါ့။
YBS လား။ စီးရမှာ ကြောက်ပေါင်။ သတင်းတွေထဲမှာ ဖတ်ပြီးသား။ volunteer တွေလည်းရှိတယ်။ လက်ကမ်းစာစောင်တွေလည်း ဝေမယ်တဲ့။ ဆိုင်းဘုတ်တွေလည်း ထောင်ပြီးသား။ အို လမ်းမသိတောင် ကွမ်းယာဆိုင်တွေ မေးရုံပဲ။ ဘာခက်တာမှတ်လို့။ YBS စီးမယ်ကွ။ မှတ်တိုင်ရောက်ပြီလေ။ အောင်မငီးးတော့။ နည်းနည်းနောနောလူတွေပါလားဟင်။
အကုန်လုံးလက်ထဲမှာလည်း ပန်းဖလက်လေးတွေ ကိုင်လို့။
“ဦးလေး သမီးကို ပန်းဖလက်လေး တစ်ရွက်လောက်”
“မရှိတော့ဘူး တူမကြီးရဲ့ ကုန်သွားပြီ။ ရှစ်နာရီလောက်ကတည်းက ”
“ကိန် အဲလေ တိန်”
အချိုဆုံးမျက်နှာထား အပျော့ပြောင်းဆုံးအသံနှင့် တောင်းဆိုသော်ငြား အနှီစာရွက်က မရ။
စပြီ။ ရတယ်။ မှတ်တိုင်မှာ လမ်းညွှန်ဆိုင်းဘုတ်ရှိတာပဲ။ သွားကြည့်မယ်။  ငင့် မူးထာ။ နံပါတ်တွေက ဘာတွေပါလား။
ကိုယ့်မှတ်တိုင်ရှေ့က ဖြတ်တာ လေးစီးလားပဲရှိတယ်။ ကိုယ့်မှတ်တိုင်က ရန်ကင်း။ သွားရမှာက ၁၅ လမ်း။ ဖလား ဖလား။ အဲလေ ဘုရား ဘုရား။
“ဟာာ အဲ့ကားက ဆူးလေရောက်တယ်။ လာလာ။”

လူကြီးတစ်ယောက်လှမ်းအော်တော့ တက်စီးလိုက်ပါတော့မယ်လေ လို့ ဆုံးဖြတ်လိုက်တယ်။ ဆူးလေရောက်မှ ပြောင်းစီးတော့မယ်လေ။ ရန်ကုန်တစ်ခွင် ပြဲပြဲစင်ပြီးသားကို။
ကားတံခါးပွင့်လာတယ်။ ငင့်။ လူတွေလား ငါးပိကောင်တွေလားဟ။ ကျပ်ညပ်နေတာပဲ။ မတတ်နိုင်ဘူး။ ဒါမှ မစီးရင် ရောက်မယ့်ကိန်းမမြင်။ တက်ပြီဟေ့ ကားပေါ်။ ကျားတစ်ထောင် တစ်ကောင်ဘွား ငါဟဲ့မိန်းမသား။ စပန့်ဘောင်းဘီနှစ်ဖက်ကို လက်နဲ့မပြီး ဘယ်ခြေစလှမ်းလိုက်တယ်။ ကားကလည်း ခေါင်မိုးပေါ်တက်စီးရမလား။ ဘီးပဲဖက်ပြီးလိုက်ရမလား။ wiper တွယ်ပြီး တက်ရမလားပေါ့နော်။ ဘာပဲပြောပြောလေ။ ချစ်သူဆီသွားရမှာပဲ။ အချစ်အတွက် အသက်ပင်သေသေလေ။ YBS လေး စီးတာလောက်များ။
“ခွပ်”
ငှယ် သော်တကေပါပြီတော်။ အဲ သေပါပြီတော်။
ကားပေါ်တက်လိုက်တာနဲ့ပဲ ရှေ့က ကိုယ်တော်ချောရဲ့ တံတောင်က ကိုယ့်ခေါင်းကို လာမိတ်ဆက်တယ်။

” အယ် ဆောရီး နာသွားလား။ ညီမလေး”
“ရှင် မနာဘူးရှင့် ပန်းနဲ့ပေါက်သလိုပဲ သက်လား။”

ဟုတ်တယ်။ ခေါင်းကို ခွပ်ကနဲ ထိတာ မနာဘဲ နေမလား။ ပြန်ရွဲ့ပေးလိုက်တယ်။ တန်းတစ်တန်းတော့ ရအောင်ကိုင်ရမယ်။ အပေါ်ကတန်း လှမ်းကိုင်လိုက်တယ်။ ခုမှ ကြည့်မိတယ်။ ကားက စပယ်ယာ မပါပါလား။ ကိုရီးယားကားထဲကလို ကားပေါ်တက်တာနဲ့ထိုင်ခုံလေးပေါ် ထိုင်ရမယ်ထင်တာ။ ရပါတယ်လေ။ ခုမှ ကားစနစ်က စပြောင်းတာဆိုတော့ နောက်ပိုင်း ကောင်းလာမှာပါ။ အဲ့အချိန်မှာ ခရီးသည်တစ်ယောက်က လှမ်းအော်တယ်။
” မင်းလမ်းပါတယ်။ မင်းလမ်း ”
“ဟင် မင်းလမ်းက ဘယ်နားတုန်း”
“ဟာာ ခင်ဗျားက ကားဆရာလေ။ မင်းလမ်းက ဘယ်နားလဲ မသိဘူးလား။”
“ဟာ ကျွန်တော်က ဒီလမ်းကြောင်း မောင်းနေကျ မဟုတ်ဘူးဗျ။ ဒီဘက်က မှတ်တိုင်တွေလည်း မသိဘူး။ ”
” ဟာာ အာ့ဆို မှတ်တိုင်မှာပဲရပ်လိုက်လေ ကားဆရာရယ်။”
“မှတ်တိုင်က ဘယ်နားမှာလဲဟင်။”
“ရှေ့မှာ ဓာတ်တိုင်နဲ့ရေအိုးစင်ရှိတယ်။ တွေ့လား။ အဲ့နားမှာ ခွေးတစ်ကောင် အိပ်နေတယ်။ အဲ့မှာ မှတ်တိုင်ပဲ။ ”
ခရီးသည်တွေက တစ်ယောက်တစ်ပေါက် ဝိုင်းလမ်းညွှန်ကာမှ မင်းလမ်းကိုယ်တော်တော့ မှတ်တိုင်ရောက်သွားရှာတယ်။
အိမ်း ကျယ်မကတော့ဆူးလေထိ စီးရမှာလေ။ ကားကကျပ်ပါတယ်ဆိုနေမှ ဘေးက သကောင့်သားက လယ်သာဂျာကင်ကြီးနဲ့။ကားကတော့ အဲကွန်းဘတ်စ်ပါ။ ဒါပေမယ့် ကျပ်တယ်။ အဲကွန်းမနိုင်ဘူး။ သူမပူဘူးလားမသိ။ အို ပူတာ မပူတာ သူ့အပိုင်း။ကားပေါ်က ငါးပိကောင်လေးတွေကတော့ သူ့မှတ်တိုင်ရောက်တိုင်း ဆင်းကြတယ်။ ဒါပေမယ့် ကားက ဆင်းသူထက် တက်သူက ပိုများတော့ကာ ကားက မချောင်ရှာဘူး။
“အားး … ”
ရှေ့က အန်တီကြီးက ကျယ်မကိုတက်နင်းသွားတယ်လေ။ ခြေထောက်ကို။ နာတာပေါ့လို့။
“အော် သမီးရယ်။ ကားကျပ်လို့နော်။”
“ဟုတ် ရပါတယ်ဆင့်။”
နာတော့နာတာပေါ့လေ။ ဒါမယ့် သည်းခံရမှာပေါ့။ကိုယ့်ခရီးမရောက်သေးဘူး။
“ဘတ်”
ကုန်ပါပြီ။ ကျယ်မရဲ့ ဆံထုံးတော်ကြီး တမာသီးတော့ သူများက ဝင်တိုက်သွားပြီ။ ချေ့သူနဲ့တွေ့ဖို့ လှလှလေးပြင်လာတာကို။ ပျက်ကုန်ပြီလေ။ကားက ငါးဖယ်လူးလူးပြီး မှတ်တိုင်ကို လိမ်ဖယ်လိမ်ဖယ် ရောက်လာတယ်။
အောင်မလေးဟဲ့ ဆူးလေရောက်ပြီကွ။ ကားပြောင်းစီးဖို့ကိုတော့ စိတ်မကူးတော့ပါဘူး။ မောင့်ကိုပဲ လာခိုင်းလိုက်တော့မယ်။
“ဟယ်လူ မှောင်လား”
“အွန်းး ဘယ်နားရောက်ပြီတုန်း ဝက်ပေါက်”
“ဆူးလေ မှာလေ။ ဆက်မလာနိုင်တော့ဘူး။ ဒီဘက်ကို ထွက်လာခဲ့တော့။ ဆူးလေမှာ စောင့်နေမယ်”
“အင်း အင်း ခဏစောင့်နော်။”
ဆက်မသွားနိုင်တော့ဘူးလေ။ ဒီကပဲ စောင့်တော့မယ်။ တကယ်လို့များ ဒီနေ့ YBS စစီးတဲ့အချိန် ဆူးလေပလာဇာရှေ့မှာ ဆံပင်စုတ်ဖွားနဲ့ ကျေနေတဲ့အင်္ကျီနဲ့ စပန့်ဘောင်းဘီကြီးကို လက်နှစ်ဖက်နဲ့ မ,ထားတဲ့ စူပုပ်ပုပ်မျက်နှာပိုင်ရှင်ကို တွေ့ခဲ့ရင် အဲ့ဒါတခြားသူမဟုတ်ဘူး။ ကျယ်မပါပဲ။

 

Verte (For Her Myanmar)

No Comments Yet

Comments are closed