FUN

ကန့်လန့်ကာတို့ နောက်ကွယ်

ကျောင်းတက်နေလည်း ပိုက်ဆံဘယ်ကရမလဲနော်.. ဒီလိုတွေးမိတော့ ကျောင်းလည်း မတက်ရတာပဲ ကောင်းသလိုလိုပါ ဦးရယ်.. ပိုက်ဆံက ဗိုက်ပြည့်တယ်လေ.. ကျောင်းတက် စာသင်တာက ဗိုက်မှ မပြည့်ဘဲ။

သမီးနာမည် ထွေးထွေးပါ။ ပျဉ်းမနားဘက်ကပေါ့။ မနက်ဆို ဒီလိုပဲ အစောကြီးကတည်းက နေပြည်တော် မြို့မဈေးထဲ ရောက်နေပြီလေ.. မလာလို့လား? ဘယ်ရမလဲ.. ထမင်းစားစရာမရှိဖြစ်သွားမှာပေါ့။ သမီးတစ်ယောက်တည်းလည်း မဟုတ်ပါဘူး။ သမီးမောင်လေးကိုကလည်း သမီးမကြည့်ရင် ကြည့်မယ့်သူမရှိတော့ ခေါ်လာရသေးတယ်လေ..

အင်း.. မုန့်ပဲသွားရည်စာလေး ဘာလေးမြင်ရင်တော့ စားချင်မိတာပေါ့ ဦးရယ်။ ဒါပေမဲ့ သမီးတို့ ဒီပုံစံနဲ့ ဘယ်သူက ဆိုင်ထဲခေါ်ပြီး ကျွေးမှာတဲ့လဲ? သမီးတို့ကလား? ဟင့်အင်း.. မောင်နှမနှစ်ယောက်တည်း မဟုတ်ပါဘူး။ အမေရှိသေးတယ်လေ.. အမေလည်း သမီးတို့ကို ဘယ်ကြည့်နိုင်ပါ့မလဲ ဦးရယ်.. စားဖို့သောက်ဖို့ ပိုက်ဆံရှာရတယ် မဟုတ်လား။ အမေတစ်ယောက်တည်း ရှာတာကျတော့လည်း မလောက်မငဖြစ်မှာဆိုတော့ သမီးပါ ထွက်ရှာပေးတယ်လေ.. တစ်ခါတလေတော့လည်း တစ်ရက်တည်း ၃၀၀၀ က အသာလေးရသား။ မရရင်လည်း ရအောင် ရှာရတာပေါ့လေ.. မဟုတ်လို့ကတော့ အမေက သမီးတို့ကို ဆူတယ် ဦးရဲ့။ ရိုက်တောင် ရိုက်သေးတယ်။

Related Article >>> အကောင်းဆုံးတွေ ရောက်ရှိချိန်

သြော် ၃၀၀၀ ရဖို့လား? ပုလင်းခွံ၊ ဘူးခွံကောက်ပြီး ပြန်ရောင်းတယ်လေ.. ဒါပေမဲ့ သမီးက အများကြီး ဘယ်ကောက်ပြီး ရှာနိုင်မလဲ.. ဆိုတော့ မုန့်ဖိုးလေးများ ပေးကြမလား လိုက်တောင်းရတာပေါ့ ဦးရယ်.. အမေကလည်း သမီးတစ်ယောက်တည်းဆို မုန့်ဖိုးလေး မရတတ်မှာ စိုးလို့လားမသိပါဘူး။ မောင်လေးကို နေ့တိုင်းထည့်ပေးတာပဲ.. သမီးကတော့ စကားပြောစရာ မောင်လေးရှိတော့ ပျော်တာပေါ့။ သူ့ကိုလည်း ထိန်းရင်း ပိုက်ဆံလည်းရှာရင်း ရတော့လည်း ပျော်ရတာပေါ့ ဦးရယ်.. မောင်လေးပါတော့ သမီးတို့ကို သနားပြီး မုန့်ဖိုးပေးတဲ့သူတွေက များတယ်ဦးရဲ့..

အင်း.. သနားခံရတာလား? ရှက်စရာလို့လည်း မဟုတ်တော့ပါဘူး။ အဲ့လို သနားကြမှ သမီးက မုန့်ဖိုးရမှာလေ.. ဒါမှ ဟင်းစားလေး ရှာလို့ ရမှာပေါ့ ဦးရဲ့။ ပိုက်ဆံလေး ဝင်နေမှ သမီးက အဆူမခံ၊ အဆဲမခံ၊ အရိုက်မခံရမှာလေ။ မလွယ်ပါဘူး ဦးရယ်.. ပြောရင်း ရေတောင်ဆာလာပြီ။ မောင်လေးလည်း ရေဆာပြီထင်တယ်။ ဒီနေပူပူ၊ ကွန်ကရစ်ပူပူကလည်း သွားရင်း အသားကျလာပြီဆိုပေမယ့် ပင်တော့ပင်ပန်းတာပေါ့ ဦးရယ် ဘယ်တတ်နိုင်မလဲ။ သမီးကို ရေလေးပေးဦးနော်.. မောင်လေးကို အရင်တိုက်မလို့…

သူက ခုမှ ၃နှစ်ဦးရေ.. သမီးကတော့ ၈နှစ်ရှိပြီ။ ကျောင်းလား? တက်ချင်တာပေါ့။ ဒါပေမဲ့ ထမင်းတောင် စားဖို့ အနိုင်နိုင်ကို ဘယ်မှာ ကျောင်းတက်နိုင်မှာလဲ ဦးရယ်.. ကျောင်းတက်ဖို့ ဘယ်မှာလဲ ကျောင်းဝတ်စုံ၊ စာအုပ်ဖိုး ၊ ခဲတံဖိုး။ သူများတက်တာမြင်ရတော့ အားတော့ကျမိပေမယ့် သမီးမှ မတက်နိုင်တာ။ ပြီးတော့ ကျောင်းတက်နေလည်း ပိုက်ဆံဘယ်ကရမလဲနော်.. ဒီလိုတွေးမိတော့ ကျောင်းလည်း မတက်ရတာပဲ ကောင်းသလိုလိုပါ ဦးရယ်.. ပိုက်ဆံက ဗိုက်ပြည့်တယ်လေ.. ကျောင်းတက် စာသင်တာက ဗိုက်မှ မပြည့်ဘဲ။

သမီးအတွေးတွေ မှားနေတာလား? မှားရင်လည်း မှားမှာပေါ့ ဦးရယ်.. သမီးက ထမင်းစားရဖို့ပဲ တွေးနေတာဆိုတော့.. ပြီးတော့ သမီးမှာ ဒီမောင်လေးရှိသေးတယ်.. ဖြစ်နိုင်ရင်တော့လေ သမီးက သူ့ကို ကျောင်းတော့ နေစေချင်မိသား။ ဒါပေမဲ့ သူမရှိလည်း သမီးတစ်ယောက်တည်းဆို ပိုက်ဆံရတော့မှာ မဟုတ်ဘူး ဦးရဲ့.. အမေတို့ကတော့ ထားမယ့်ပုံလည်း မပေါ်ပါဘူး။ နောက်ကျ မောင်လေးလည်းသမီးလိုပဲ ပိုက်ဆံထွက်ရှာတော့ နှစ်ယောက်စာ ရတာပေါ့။

Related Article >>> ပျောက်ဆုံးနေသော မိန်းကလေးများ

ဒါနဲ့ မောင်လေး ရေသောက်တာ မဝသေးဘူးလားမသိဘူး။ နောက်တစ်ခွက်လောက် ထပ်ပေးဦးနော် ဦး.. သူတော့ ရေဝအောင် သောက်ပါစေ.. ကြည့်ပါလား သောက်နေတာကိုက အားရပါးရ.. အမေလား? အမေလည်း ဘူးခွံပုလင်းခွံကောက်ပြီး ရောင်းစားတာပေါ့ ဦးရဲ့။ တစ်ခါတလေများတော့ စိတ်ကောင်းရှိတဲ့ ဦးတို့လို လူမျိုးနဲ့တွေ့ရင် ဟင်းတွေဘာတွေ အိမ်ကို ပါလာတတ်တယ်လေ.. အမေက တစ်ခါတလေ သူတောင်မစားဘဲ သမီးတို့ကိုပဲ ကျွေးတာ ဦးရဲ့..

သမီးတို့ကို ရိုက်တယ်ဆိုပေမယ့် အမေက ချစ်ရှာပါတယ်။ သမီးတို့ ပင်ပန်းတာတွေ ပြောပြတဲ့နေ့တွေဆို “ပိုက်ဆံရှာရတာ မလွယ်ဘူး သိပြီမလား” ဆိုပြီး ဆူနေ၊ဆဲနေပေမယ့် ကွယ်ရာ သွားငိုနေတတ်တာ ဦးရေ.. သမီးလည်း မြင်ပေမယ့် မမြင်ချင်ယောင်ဆောင်ထားပေးပါတယ်။ အမေသိသွားရင် အဆူခံရမလား မပြောနိုင်ဘူးလေ ..မောင်လေးတော့ ရေဝသွားပြီထင်တယ်.. သမီးလည်းသောက်လိုက်ဦးမယ်.. သမီးကိုရော တစ်ခွက်ခပ်ပေးနော် ဦး..

အမေနဲ့လား? မလိုက်သွားဘူးလေ ဦးရဲ့.. အမေက မနက်ဆို သမီးတို့ကို ဒီဈေးမှာထားခဲ့ပြီး ညနေကျမှ ပြန်လာခေါ်တာ.. ပုံမှန်အချိန်ရယ်လို့တော့ မရှိပါဘူး ဦးရယ်.. အမေလာခေါ်တဲ့အချိန်တော့ ပြန်ရတာပေါ့။ တစ်ခါတလေ စောတာရှိတယ်။ တစ်ခါတလေလည်း နောက်ကျတာပေါ့။ ဘာမှတော့မဖြစ်ပါဘူး။ သမီးမှာ စကားပြောစရာ မောင်လေးရှိတာကို.. အမေ့ကိုစောင့်ရင်း ပိုက်ဆံလည်း ရအောင် ရှာရတာပေါ့လေ.. တစ်ခါတလေ စောစောလာခေါ်လို့ ၃၀၀၀ မပြည့်သေးရင် မလွယ်ဘူးဦးရေ.. ဒါကြောင့် သမီးကတော့ အမေနောက်ကျမှ လာခေါ်လေ ကောင်းလေပဲ ..

ကဲ.. သွားလိုက်ဦးမယ် ဦးရေ.. သမီးလည်း ဒီနေ့စာ ဟင်းဖိုးလေးရဖို့ ထပ်ရှာလိုက်ဦးမယ်.. ဦးပေးတဲ့ ၁၀၀၀ အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ နောက်တော့လည်း တွေ့ရင် ခေါ်ပေါ့ ဦးရယ်.. မခေါ်ချင်လည်း သမီးတော့ အတင်းလိုက်မခေါ်ပါဘူး။ ဘာလို့လဲဆို သမီးတို့နဲ့ ဒီလိုစကားပြောပေးတာတောင် ကျေးဇူးတင်လှပြီလေ.. သမီးက လူမှုရေးတော့ နားလည်ပါတယ်ဦးရဲ့.. သမီးရဲ့နံစော်နေတဲ့ လက်တွေနဲ့ ဦးလက်ဖွေးဖွေးလေးကို ကိုင်ပြီး အတင်းခေါ်ရင် ဦးရှက်နေမှာပေါ့..

အမယ် ဟိုနားက ခွေးလေး မြောင်းထဲက ရေပုပ်တွေသောက်နေတာမြင်တော့ မောင်လေးရေအားရပါးရသောက်နေတာလေးတောင် ပြန်မြင်မိသား… နေပူကြီးထဲကလာတော့ သူလည်း ပင်ပန်းမှာပေါ့လေ.. ခုတော့ ဦး တိုက်တဲ့ ရေအေးအေးလေးသောက်ပြီး အေးချမ်းသွားရောပေါ့.. စိတ်ထားကောင်းတဲ့ ဦးလည်း ရေလို အေးမြနိုင်ပါစေ..

Libra ( For Her Myanmar )

Wathun
Wathun
နာမည်ရင်းတွေ ဘာတွေထက် Potterhead တစ်ယောက်ပါ။ အဲ့လို မှော်လောကတွေ၊ အလှအပကလွဲပြီး ကျန်တဲ့အရာတွေ အားလုံးကို စိတ်ဝင်စားလို့ ဆောင်းပါးတွေထဲ မှော်တွေ၊ magical creatures တွေပါလာရင်တော့ တခြားသူမတွေးပါနဲ့ ကျွန်မပါပဲလို့... :*

Leave a Reply

Your email address will not be published. Required fields are marked *