Book Review FUN

မတူညီတဲ့ လူ့သဘာဝတွေကို လှလှပပပြသွားခဲ့တဲ့ စာအုပ်ကောင်း (၂) အုပ်

အဲဒီထဲကတစ်အုပ်ဆို တက္ကသိုလ်ပြဌာန်းစာအုပ်မှာတောင် ပါတာနော်…

ဆန့်ကျင်ဘက် သဘောတရားတွေဟာ ပေါင်းစည်းရခက်ခဲတာ သဘာဝပါ။ ဒါပေမဲ့ မတူညီတဲ့ အရာနှစ်ခု ပေါင်းစပ်တာကိုကလည်း ဆွဲဆောင်မှုတစ်ခုမဟုတ်လား? ခု နှင်းက ဆန့်ကျင်ဘက်တွေ ပေါင်းစပ်ထားတဲ့ စာအုပ်တွေအကြောင်း ဆွေးနွေးချင်တာလေနော်… စာအုပ်တွေထဲမှာလည်း မတူညီတဲ့ ဆန့်ကျင်ဘက် အရာတွေ အမျိုးမျိုးကို ပေါင်းစပ်ထားတဲ့အခါ ပုံမှန်ထက် ပိုစိတ်ဝင်စားဖို့ ကောင်းနေတတ်ပါတယ်.. (ဘာတွေကို ပေါင်းစပ်မလဲဆိုတဲ့ပေါ်တော့ မူတည်တာပေါ့နော်.. ) အဲဒီထဲမှာမှ ဘယ်လိုမှ ပေါင်းစပ်လို့ အဆင်မပြေနိုင်တဲ့ လူ့သဘာဝဆန့်ကျင်ဘက်တွေကို ပညာဝမ်းစာပြည့်ဝတဲ့ ဆရာကြီးတွေက မျိုးစုံကြိုးခုန်ပြီး ပေါင်းပြသွားတဲ့အခါ အဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကောင်းတွေ ဖြစ်လာပါတော့တယ်။ အဲ့ဒီအထဲမှာမှ နှင်းလတ်တလော ဖတ်ထားတဲ့ စာအုပ်လေးတစ်အုပ်ကို မျှဝေပေးချင်ပါတယ်။ အဲဒီစာအုပ် (၂) အုပ်ကတော့…

Related Article >>> မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ စာအုပ် (၄) အုပ်

ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် (ဆရာ မြသန်းတင့်)

Book Review
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်

ဒီစာအုပ်ထဲမှာ ဆရာမြသန်းတင့်က ကိုနန္ဒ၊ ရဲရင့်၊ သံချောင်းနဲ့ ဦးဘရန် စတဲ့ဇာတ်ကောင်လေးကောင်ရဲ့ စရိုက်သဘာဝတွေကို ကွက်ကွက်ကွင်းကွင်းဖော်ပြသွားပါတယ်။

ကိုနန္ဒ ဟာ စိတ်ထားနူးညံ့တဲ့ ကဗျာဆရာတစ်ယောက်ပေါ့။ ရေပေါ်ဆီ လူတန်းစားကိုမုန်းတီးပြီး လောကကြီးကို အကန်ဘက်ကကြည့်နေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်… 

ရဲရင့် ကတော့ ခေတ်ဆန်ပြီး စိတ်ဓာတ်တွေ ထက်သန်တက်ကြွရင်း လမ်းမှားကို အမှန်ထင်၊ ထင်ရာစိုင်းတဲ့အခါ တွေ့လာတဲ့ဒုက္ခတွေကို အံတုရင်ဆိုင်ရင်း ဒေါင်ကျကျ၊ ပြားကျကျနေသွားမယ်လို့ ဆုံးဖြတ်ထားတဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်၊

သံချောင်း ကတော့ ငယ်ငယ်လေးကတည်းက ကိုယ့်ဘဝကိုယ်ကျောင်းရင်း လောကဓံကို အံကြိတ်တင်းခံနေခဲ့တဲ့ ကာယလုပ်သား လူငယ်

ဦးဘရန် ကတော့ ကိုယ်တစ်ဖို့တည်းကိုကြည့်ပြီး ကိုယ်ကျိုးအတွက် သူများဘဝတွေကိုချနင်းတတ်တဲ့ စက်လှေပိုင်ရှင်လူကြီးပေါ့…

ဘယ်လိုမှ မတူညီတဲ့ ပေါင်းစပ်လို့ မရတဲ့ ဒီလူလေးယောက်ကို ကံကြမ္မာက တွေ့ဆုံပေးခဲ့ပုံကလည်း အတော် သင်းပါတယ်… ကိုနန္ဒရဲ့တူဖြစ်တဲ့ တင်ထွန်းအောင်နဲ့ သူ့သူငယ်ချင်းရဲရင့် အိမ်ကထွက်ပြေးသွားလို့ လိုက်ခေါ်ပြီး ပြန်လာတဲ့လမ်းမှာ ဦးဘရန်ရဲ့ လောဘကြောင့် မှောင်ခိုပစ္စည်းတွေကို ခိုးခိုးသယ်ရင်း ကျောက်ဆောင်နဲ့တိုက်မိပြီး လှေမှောက်တဲ့အခါ လူသူမသိ စားစရာမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် သောင်တင်သွားရင်းက ဒီလူလေးယောက် ပတ်သက်ဖို့ ဖြစ်လာတော့တာပါပဲ။ အဲဒီအချိန်မှာ ကိုနန္ဒ၊ ရဲရင့်နဲ့ သံချောင်းတို့က သူတို့ရဲ့အသက်ရှင်သန်ရေးအတွက် အတူတူရုန်းကန်ပြီး လွတ်မြောက်ဖို့ကြိုးစားနေတဲ့အချိန်မှာ ဝိသမလောဘသား ကိုဘရန်က သူတို့အချင်းချင်း စိတ်ဝမ်းကွဲအောင် ဘယ်လိုလုပ်ပြီး သူတစ်ယောက်တည်း လွတ်မြောက်ဖို့ ဘယ်လို ကိုယ်လွတ်ရုန်းဦးမှာလဲ? သူတို့လေးယောက် ကံကြမ္မာကရော ဘယ်လိုတွေဖြစ်လာမှာလဲဆိုတာ … 

ပေါင်းစပ်လို့မရတဲ့ လူလေးယောက်ကို ပေါင်းစပ်ပြထားပုံက လူတန်းစား လေးမျိုးကို ပေါင်းစည်းထားသလိုပါပဲ.. ဒါကြောင့်လည်း ဆရာမြရဲ့ ဒီစာအုပ်ကို လက်ဝဲစာအုပ်ရယ်လို့ အများက သတ်မှတ်ခဲ့ကြ၊ အငြင်းပွားခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ မဖြစ်မနေကို ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်၊ လူ့လောကအကြောင်း တစ်စိတ်တစ်ပိုင်းကို ကွင်းကွင်းကွက်ကွက် မြင်စေတဲ့ စာအုပ်တစ်အုပ်ရယ်လို့ ယူဆတာကြောင့် ယောင်းတို့ ဖတ်ဖို့ သင့်လျော်တယ်လို့ ယူဆတာကြောင့် ဖော်ပြပေးလိုက်ရပါတယ်နော်…

Related Article >>> ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်ကို စာအုပ်ထဲမှာ ရှာကြမယ်

သူ (ဆရာ ဂျာနယ်ကျော်ဦးချစ်မောင်- ရွှေလင်းယုန်)

Book Review
သူ

အဲ့ဒီခေတ်တုန်းက ဖြစ်ခဲ့တဲ့ ပလိပ်ရောဂါကို အခြေခံပြီး ဆန့်ကျင်ဘက် ဇာတ်ကောင်စရိုက် ပေါင်းစုံကို ဇာတ်လမ်းတစ်ပုဒ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြသွားတာ တကယ့်ကိုရင်သပ်ရှုမောပါပဲ။ ပရဟိတ စိတ်ဓာတ်အပြည့်ရှိတဲ့ ဆရာဝန်ကိုမြင့်မောင် နဲ့ အတ္တဟိတစိတ်ကို ဦးစားပေးတဲ့ ဆရာဝန် ကိုသက်ထွန်း။ တစ်ဒင်္ဂအမြင်နဲ့ ချစ်စိတ်ကိုနစ်မြှုပ်ပြီး တွေဝေတတ်တဲ့ အကြော့နဲ့ ပြတ်သားတဲ့ စိတ်ထားရှိတဲ့ လဲ့လဲ့… စသည်ဖြင့် ဆန့်ကျင်ဘက် ဇာတ်ကောင်တွေကို တွဲပြထားတော့ အသည်းတယားယားနဲ့ ရသပေါင်းစုံပေးနိုင်တဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ လက်တွဲဖော်ကို ရွေးရတော့မယ့် အကြော့ဟာ ကိုမြင့်မောင်အပေါ် စိတ်ယိုင်နေတဲ့အကြောင်း ဒါပေမဲ့ သူ့အပေါ် အရာရာထက်ဦးစားပေးတဲ့ ကိုသက်ထွန်းကိုလည်း မငြင်းနိုင်လို့ တွေဝေနေတဲ့အကြောင်းလေးနဲ့ စထားပါတယ်။ အဲ့အချိန်မှာ ပလိပ်ရောဂါတွေဖြစ်နေတော့ သူတို့နှစ်ယောက်လုံးဆီကို ရုတ်တရက်သွားတွေ့တဲ့အခါ ကိုသက်ထွန်းက ဆေးရုံမှာ ပြာပြာသလဲနဲ့ အလုပ်ရှုပ်နေသလောက် ကိုမြင့်မောင်က အိမ်ရှေ့ကွပ်ပစ်မှာ ပက်လက်ကြီးအိပ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့ အကြော့က ကိုသက်ထွန်းကိုပဲရွေးချယ်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်ပါတော့တယ်။ ဘာကြောင့် ဒီမြင်ကွင်းဖြစ်နေရသလဲဆိုတဲ့ အကြောင်းစုံကို သိရတဲ့အခါမှာတော့ အကြော့ရင်ထဲ တအုံ့နွေးနွေးပေါ့။

ကိုမြင့်မောင်ကလည်း မီးလောင်နေတဲ့ အိမ်ထဲကကလေးကိုကယ်ရင်း ထုပ်တန်းပြုတ်ကျလို့ မျက်နှာတစ်ခြမ်းစုတ်ပြတ်ပြီး ခြေတစ်ဖက်ကလည်း ထော့သွားတဲ့အချိန် သူချစ်ရတဲ့ အကြော့ကလည်း လက်ထပ်တော့မယ့်သတင်းကို ကြားလိုက်ရတော့ သုံးဆယ်မြို့ကို ပြောင်းသွားခဲ့ပါတယ်။ အဲဒီမြို့မှာလည်း လဲ့လဲ့ဆိုတဲ့ အမျိုးသမီးက အင်မတန်ရုပ်ရည်ပြေပြစ်ပြီး ထက်မြက်တယ်လို့ ဂုဏ်သတင်းကြီးသူဖြစ်တယ်။ သူနဲ့ ကိုမြင့်မောင်တို့ ဇာတ်လမ်းကရော ဘယ်လိုဖြစ်မှာလဲ? ဝိသမလောဘသား ကိုဘဇံနဲ့ ကိုဘပုကလည်း ကိုမြင့်မောင်ကို ဘယ်လိုတွေ ဒုက္ခပေးကြမှာလဲ? ငယ်သူငယ်ချင်း ကိုထွန်းဝေကို ရထားပေါ်တွေ့တဲ့အချိန်မှာ သွားစရာမရှိလို့ သူနေတဲ့ပြည်မြို့ကို လိုက်သွားတဲ့အခါမှာရော ဘယ်လို ဒုက္ခတွေ ကြုံရဦးမှာလဲ? ကံကြမ္မာက တကယ်ပဲ စိတ်ထားကောင်းတဲ့သူတွေကို မျက်နှာသာလုံးဝ မပေးတတ်တာလား? လောကမှာ လူဆိုးတွေ၊ ကောက်ကျစ်သူတွေအတွက်ပဲ နေရာရှိတာလား? အမှန်တရားဟာ ဘယ်သောအခါမှ မျက်နှာမရတော့ဘူးလား? စတဲ့ မေးခွန်းတွေနဲ့ အမျိုးမျိုး ခံစားရစေမယ့် စာအုပ်လေးတစ်အုပ် ဖြစ်နေတာမို့လည်း ယောင်းတို့ကို လက်တို့လိုက်ပါတယ်နော်… 

လူ့သဘာဝစရိုက်ဆိုတာ ခက်ခဲနက်နဲပြီး တော်တော်ကိုရှုပ်ထွေးပါတယ်..  အဲ့ဒီ အရှုပ်ပေါင်းစုံကို တစ်ကြိမ်တည်း၊ တစ်နေရာတည်းမှာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဖတ်ရရင် ဘယ်လောက်တောင် စိတ်ကျေနပ်ဖို့ ကောင်းလိုက်မလဲ။ ဒီစာအုပ် နှစ်အုပ်ဟာ နှစ်အုပ်ဆို ဆိုသလောက် ရသပေါင်းစုံခံစားရတာမို့ နှင်းကတော့ ဖတ်ပြီးလည်း ထပ်ထပ်ပြီး ဖတ်ချင်တဲ့ စာအုပ်ကောင်းနှစ်အုပ်ပေါ့။ ယောင်းတို့လည်း ဖတ်ကြည့်နော် <3 

သြော်.. ဒါနဲ့ စကားမစပ် ထိပ်ဆုံးမှာပြောခဲ့တဲ့ တက္ကသိုလ်ပြဌာန်းစာအုပ်မှာပါတဲ့ ဝတ္ထုကတော့ “သူ” ပါယောင်းတို့ရေ…တတိယနှစ် အဝေးသင် အင်္ဂလိပ်စာအထူးပြုတန်း ရဲ့ မြန်မာစာဘာသာရပ် မှာ ပြဌာန်းထားတာပါနော်..


Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *