FUN Relationships

အလိုက်လေးတော့ သိစေချင်

အလိုက်မသိတတ်တဲ့ မမတွေနဲ့ ညီမလေးတွေအတွက် ရင်တွင်းဖြစ် အိတ်ဖွင့်ပေးစာ… 

‘ရည်းစားလေးတစ်ယောက်ထားမိပါတယ် တစ်နေ့တစ်နေ့ သူ့ပိုစ့်အောက်က ကောမန့်တွေကြည့်ရတာ အသက်တိုတော့မယ်။’ ‘ဟိုစောင်းချိတ် ဒီစောင်းချိတ်တွေက တစ်မျိုး။ လွမ်းသလေးဘာလေးနဲ့ ပိုင်စိုးပိုင်နင်းတွေ သိပ်လုပ်တာပဲ။’ ‘အမလေး မူးလိုက်တာ မောင်လေး တွဲထားနော် မမကို’ ဆိုပြီး ရင်ခွင်ထဲတိုးဝင်တဲ့လူနဲ့၊ တစ်နေ့တစ်နေ့မရိုးရသော ပြဿနာပေါင်းသောင်းခြောက်ထောင်…  အတတ်နိုင်ဆုံး စိတ်ကိုလျှော့ချဖို့ လုပ်ထားသော်ငြား အလိုက်မသိတတ်တဲ့ မမတွေနဲ့ ညီမလေးတွေရဲ့ အပြုအမူတွေက ရိုက်ပေါက်တွေဖြစ်လာတယ်ဆိုတော့ မပြောမပြီး မတီးမမြည်ဆိုတဲ့အတိုင်း နည်းနည်းလေးပြောပါရစေနော်။

ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံး နားလည်ပေးထားတဲ့ ချစ်သူမိန်းကလေးတွေမှာလည်း အသည်းနဲ့ နှလုံးနဲ့ပါ။ မမတို့က မထိခလုတ် ထိခလုတ်တွေပြောရင် စိတ်ထိခိုက်ခံစားရပြီး ဝမ်းနည်းတတ်ပါတယ်။ နားလည်မှုနဲ့ပဲ တည်ဆောက်ချင်တာမို့ လွတ်လပ်ခွင့်ကို အပြည့်အဝပေးထားပေမဲ့ နှလုံးသားနဲ့တည်ဆောက်ထားသူမို့ သဝန်တိုတတ်ပါတယ်။ အဲ့ဒါကို မမတို့က အလိုက်ကမ်းဆိုးမသိ ဟိုလိုဒီလိုတွေ လာလာလုပ်နေတော့ သမီးတို့က ဖေ့ဘုတ်ပေါ်တက်ကြွယ် ပြရမလားပြော? ဒါမဲ့မလုပ်ပါဘူး။ မမတို့သိက္ခာထိပါးမယ့် လုပ်ရပ်ဖြစ်သလို သမီးချစ်သူလည်း မျက်နှာပျက်ရမယ့် အလုပ်တွေ သမီးတို့မလုပ်ပါဘူး။ သမီးတို့က မမတို့ကိုအဲ့လို ငဲ့ပေးသလို သမီးတို့ရင်ထဲကိုလည်း ဝင်ပြီးခံစားကြည့်ပေးပါလား မမတို့ရယ်။ မမတို့အဲ့လိုတွေလုပ်တော့ ကြာရင်သမီးတို့က သည်းမခံနိုင် ကိုယ့်ချစ်သူကိုယ် ပြဿနာသွားရှာ ရန်တွေဖြစ် စကားတွေများကြဆို ဘယ်ကောင်းပါ့မလဲနော်? ကိုယ့်ကြောင့် ရန်ဖြစ်သတ်ဖြတ်တာကို ထိုင်ကြည့်နေနိုင်လောက်တဲ့အထိ မမတို့လည်း အဲ့လောက်စိတ်ထားမညံ့ပါဘူး သမီးသိပါတယ်။ အဲ့ဒါကြောင့်လေ တတ်နိုင်ရင်လေ သမီးချစ်သူကို သတိလေးထားပြီး စကားပြောပေးပါနော်မမ။ သမီးလည်း ညဘက်တွေဆို ထထလန့်နိုးလွန်းလို့ အိပ်ရေးတွေပျက်ပြီး ဝက်ခြံတစ်ပြွတ်နဲ့ ရုပ်တွေလည်းဆိုးနေပါပြီ။

နောက်ပြီးတော့လေ အရမ်းမူးတတ်တယ်ဆိုရင်လည်း မမတို့ကိုဆွဲဖို့ အဖော်လေးတစ်ယောက်လောက် ခေါ်ခဲ့ပါ့လား။ အခုကကျ မမကမူးတိုင်း သမီးကောင်လေး ရင်ခွင်ထဲတိုးနေတော့ သမီးကဘယ်လိုအားမျိုးနဲ့ ကြည့်နေရမှာလဲနော်။ မမသူ့ကို တစ်ခါဖက်တိုင်း သမီးဘယ်ဘက်ရင်ဘတ်က ဆစ်ကနဲအောင့်တာ၊ မမကိုစားမတတ်ဝါးမတတ် မီးဝင်းဝင်းတောက်မျက်လုံးနဲ့ ကြည့်နေမိတာကိုလည်း မမသတိထားမိမယ်မထင်ပေါင်။ (မမက အရမ်းမူးနေတာကိုး)။ ဒါပေမဲ့မမရယ် သမီးမှာ ဒီရင်ခွင်လေးတစ်ခုပဲရှိပြီး အပိုင်လိုချင်လွန်းလို့ သိမ်းထားပါတယ်ဆိုမှ မမကလာခွဲနေတော့ ကောင်းလားပြော။ ပြီးတော့ မမအရမ်းမူးနေရင်လည်း သမီးကိုတွဲလို့ရပါတယ်။ ဘယ်လောက်လေးလေး သမီးရအောင်ထိန်းပါ့မယ်။ သမီးကောင်လေးက ဖလံလေးရယ်။ မတော်လို့ကျိုးကုန် ပြုကုန်မှဖြင့် မမလည်းဇယားရှုပ်တယ်ပေါ့လေ။ အာ့ကြောင့် မမသမီးကိုအားနာနေတယ်ဆိုရင်လည်း မနာပါနဲ့လို့နော်။

Related Article >>> Relationshipတစ်ခုကိုတည်ဆောက်မယ်လို့ ဆုံးဖြတ်ခါနီး ကိုယ့်ကိုကိုယ်ပြန်မေးသင့်တဲ့မေးခွန်းများ

ညီမလေးတွေကလည်း မမမှာဒီတစ်ယောက်တောင် မနည်းဆွဲစိထားရတာကို ညီမလေးတို့က မထိတထိ ဟိုလွမ်းဒီလွမ်းတွေလာလုပ်တော့ အကြီးဖြစ်နေတဲ့မမက ကိုယ့်ထက်အငယ်တွေနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် ရန်လာဖြစ်လို့လည်းမရ၊ သက်သေသာဓက ခိုင်ခိုင်လုံလုံမရှိတော့ ဟိုစွပ်စွဲဒီဆွဲထည့် လုပ်လို့မရ။ အရမ်းစိတ်ညစ်ရတယ်။ ကိုယ့်လူကိုယ်နိုင်အောင်ထိန်း လို့ ဆိုလာပြန်ရင်လည်း ညီမလေးရယ် မမတို့ကလက်ထပ်ထားတာလည်းမဟုတ်၊ ငှက်ကလေးကို လှောင်အိမ်ထဲထည့်ထားသလို သူ့စိတ်ကို ချုပ်ထားလို့ ရတာလည်းမဟုတ်… ချုပ်ချယ်လွန်းရင်လည်း ပိုလွတ်တတ်တဲ့သဘောရှိတော့ မမလည်းကြားနေရင်း ရူးမလိုပါပဲကွယ်။ အဲ့တော့ မမလည်း မပဋာမြေလူး၊ အရူးမီးဝိုင်းမဖြစ်ရလေအောင် ညီမလေးကကူညီပေးပါနော်။

လူတစ်ယောက်ကို အစွဲအလမ်းလုံးဝ ကင်းကင်းနဲ့ ချစ်နိုင်တဲ့တစ်နေ့ မရောက်ခင်အချိန်ထိ ဒီလိုသဝန်တိုရတဲ့ ကိစ္စတွေနဲ့ ကြုံနေရတာ အရမ်းပင်ပန်းပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ တော်ရုံမပြောဘဲ သည်းခံနေတယ်ဆိုပေမဲ့ အလိုက်လေးတော့သိစေချင်ပါတယ်။ ရန်တွေဖြစ်ရတာလည်း မောလှပါပြီလို့။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *