FAဘဝမှ ကျွတ်ခဲ့တဲ့ သီတင်းကျွတ်ည တစ်ည

သီတင်းကျွတ်ရောက်တော့မယ်ဆိုလို့ သူများသားသမီးတွေ ပျော်ပျော်ပါးပါးဒွန့်နေချိန် ကိုယ့်မှာအပူမိနေလေရဲ့။ မာတာမိခင်ပေးတဲ့အပူပေါ့။ ဖြစ်စဉ်က ဒီလို။ အမေ့ဆွေစဉ်မျိုးဆက်တွေမှာ မိန်းကလေး အသက်၂၃၊ ၂၄ လောက်ဆို အိမ်ထောင်ပြုတာ ထုံးစံပါ။ ဒီတော့ အမေက ကိုယ့်ကိုဒီထုံးစံကြီးထဲ ပစ်ထည့်ချင်တယ်။

မနေ့ည မိသားစု စုံစုံလင်လင် ထမင်းစားရင်း အမေကပြောတယ်။

သီတင်းကျွတ်ရောက်တော့မယ်ဆိုလို့ သူများသားသမီးတွေ ပျော်ပျော်ပါးပါးဒွန့်နေချိန် ကိုယ့်မှာအပူမိနေလေရဲ့။ မာတာမိခင်ပေးတဲ့အပူပေါ့။ ဖြစ်စဉ်က ဒီလို။ အမေ့ဆွေစဉ်မျိုးဆက်တွေမှာ မိန်းကလေး အသက်၂၃၊ ၂၄ လောက်ဆို အိမ်ထောင်ပြုတာ ထုံးစံပါ။ ဒီတော့ အမေက ကိုယ့်ကိုဒီထုံးစံကြီးထဲ ပစ်ထည့်ချင်တယ်။

မနေ့ည မိသားစု စုံစုံလင်လင် ထမင်းစားရင်း အမေကပြောတယ်။

“ကဲ..ငယ်လေးရေ။ နင့်ညီမဝမ်းကွဲ ဖြူစင်လည်း ပြီးခဲ့တဲ့ဝါအကျွတ်မှာ လက်ထပ်ပြီးလို့ ခုဆို ကလေးတစ်ယောက်တောင် မွေးပြီးပြီ။ နင်လည်း ငယ်တော့တာမဟုတ်ဘူး။ ၂၄နှစ်ရှိပြီဆိုတော့….”

ငင်..အမေပြောမှ ကိုယ့်ကိုယ်ကို ၂၄နှစ်လား၊ ၄၂နှစ်လား မသဲကွဲတော့။ အမေဘာပြောတော့မယ်မှန်းသိနေတော့ မသိချင်ယောင်ဆောင်ပြီး ပန်းကန်ထဲက ကြက်ရိုးကိုပဲ အားပါတရကိုက်နေလေရဲ့။

“ဒီဝါကျွတ်ရင် သမီးလည်းလက်ထပ်ရမယ်။ ဒါပေမဲ့ မြန်မာပေါကားတွေထဲက လိုတော့ မေမေဒရမ်မာ မခင်းချင်ဘူး။ ဒီတော့  သမီးမှာကြိုက်တဲ့သူရှိနေရင် သီတင်းကျွတ်ကန်တော့တဲ့အခါသူ့ကိုခေါ်လာခဲ့။ ဘယ်သူမှ မရှိသေးရင်လည်း မေမေ့သူငယ်ချင်းသားတစ်ယောက်နဲ့ စီစဉ်ပေးမယ်။”

“ဖြီး…”

ခေတ်သိပ်မီတဲ့ မေမေ။ သူ့ဒိုင်ယာလော့ဂ်တွေထဲ မျောတုန်းရှိ။ နောက်ဆုံးပြောစကားကြောင့် ကိုက်လက်စ ကြက်ရိုးကိုထွေးထုတ်မိတယ်။ ဘာတဲ့။ မေမေပြောတော့ ဒရမ်မာမခင်းဘူးဆို။ ခုတော့ ပေါကားထဲကလို မေမေ့သူငယ်ချင်းသားတဲ့လား။ ကြိုက်မယ့်သူ ရှိရအောင်လည်း ကိုယ်က နှစ်တစ်ထောင် FAမို့ မဖြစ်နိုင်။ မေမေ့ သူငယ်ချင်းသားဆိုရအောင် ရုပ်ရှင်တွေထဲကလို အာလူးရုပ်ဖြစ်နေမှ ဒုက္ခ။ ဒီတော့ ပလန်တစ်ခုခုချမှဖြစ်မည်။ ဝါမကျွတ်ခင် ရည်းစားရဖို့။

ရည်းစားဆိုရအောင်လည်း ဘယ်လိုရှာရမလဲ။ ကိုယ့်ပုံစံက ရွာပြဇာတ်ရုံက အရံသရုပ်ဆောင်လောက်တောင် ပုံပန်းမလာ။ အခုလည်း သီတင်းကျွတ်ပိတ်ရက်မရောက်ခင် သင်တန်းနောက်ဆုံးနေ့မို့ အတန်းထဲသာ ရောက်နေတာ။ စိတ်ထဲကတော့ ရည်းစားဘယ်လိုရှာရမလဲဆိုတဲ့အကြောင်းပဲတွေးမိနေတယ်။

“ဟဲ့..ဖွေးငယ်။ ဆရာစာသင်တဲ့အချိန် ဘာတွေစဉ်းစားနေတာလဲ”

“ဘာမှမဟုတ်ပါဘူး အောင်ခန့်ရာ။ ရည်းစားရှာမလို့စဉ်းစားနေတာ”

“ဟင်…ဘာလားဟ”

“နင်တောင်စိတ်လေသွားတယ်မဟုတ်လား။ ငါ့အဖြစ်က အဲ့ဒီလိုဟ။ ဒီဝါကျွတ်မှ ရည်းစားမရရင် အမေပေးစားတဲ့ ဘုမသိဘမသိကောင်ကိုယူရမှာဟ”

အောင်ခန့်နဲ့ကိုယ်က သင်တန်းမှာရင်းနှီးသွားတဲ့သူငယ်ချင်း မရင်းတရင်းတွေ။ ကိုယ့်ထက်ကြီးပေမဲ့ ကိုယ့်လိုပဲ ပေါတောတောနဲ့မို့ အတိုင်အဖောက်လည်း သိပ်ညီတာ။ ညီတာမှ သူလည်းနှစ်တစ်ထောင် FAစာရင်းဝင်။ ကိုယ်ပြောတဲ့စကားကြားတော့ သူမျက်နှာက အံ့သြရိပ်တွေသန်းနေတယ်။ ကိုယ်ထင်ခဲ့တာက ဒင်းကိုယ့်ကိုကောင်းကောင်းလှောင်တော့မယ်ထင်ခဲ့တာ။ ခုတော့…

“ငါနဲ့ဘဝတူလိုက်တာ။ ငါ့အမေလည်း သူ့သူငယ်ချင်းသမီးနဲ့ ပေးစားမယ်ဆိုလို့ စိတ်ပျက်နေတာ။ ခင်ဝင့်ဝါလောက် ချောရင်တော်သေး…”

“အံမယ်။ နင့်လို ငမဲကောင်ကများ မှန်းရဲသေး။ ငါကိုက စိတ်လေနေတဲ့ကြားထဲ။”

“ဟဲ့..ဒီလိုလုပ်ကြရင်ရော”

“ပေါက်တတ်ကရပြောလို့ကတော့ နင့်ကိုသတ်မှာနော်”

“မဟုတ်ဘူးဟ။ ငါပြောမယ်။ ငါတို့နှစ်ယောက် ရည်းစားပါဆိုပြီး အိမ်ကိုဂျင်းထည့်ရင်ရော”

“ဖီ…ရာရာစစနင်နဲ့တွဲစရာလား”

“ရတယ်လေ။ နင့်အမေပေးစားတဲ့ ရုပ်ဆိုးကောင်ကိုပဲယူ”

“ဟင့်အင်း။ မယူနိုင်ဘူး။ နင်ပြောသလိုပဲလုပ်မယ်”

“အင်း..ငါတို့နှစ်ယောက်ရည်းစားပါလို့ ကိုယ့်အိမ်ကိုယ်ချင်းထည့်ကြမယ်။ သူတို့ယုံသွားပြီး တစ်ပတ်နှစ်ပတ်လောက် ရက်ရွှေ့တမ်းကစားမယ်။ ပြီးရင် ပြတ်ချင်ယောင်ဆောင်မယ်။ အသည်းကွဲပြမယ်။ ဒါဆို အိမ်ကလည်း ဖိအားတွေပေးမှာမဟုတ်ဘူး။ နှောက်နှစ်ကိစ္စ နောက်နှစ်စဉ်းစားတာပေါ့။”

အောင်ခန့်ပြောတဲ့အကြံလည်း မဆိုးဘူးလို့ထင်မိတယ်။ ဒီတော့ကိုယ်လည်း အိမ်ကိုစိတ်အေးအေးနဲ့ပြန်တာပေါ့။ အိမ်ရောက်တော့ မေမေ့ကို သီတင်းကျွတ်ကျ ကိုယ့်ရည်းစားနဲ့မိတ်ဆက်ပေးမယ့်အကြောင်း ပြောပြလိုက်တယ်။မေမေကတော့ ဘာမှမပြောပဲ သင်္ကာမကင်းတဲ့အကြည့်နဲ့ ကိုယ့်ကိုကြည့်နေလေရဲ့။

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ရောက်ပြီ။ အောင်ခန့်ကို ည ၇ နာရီအရောက် အိမ်ကိုလာခဲ့ဖို့ မှာထားခဲ့တယ်။ ကိုယ်လည်းပြောရမယ့်စကားတွေကို စာရွက်တစ်ရွက်နဲ့ အကြမ်းရေးပြီး မှန်ထဲကြည့်ပြောနေတယ်။ ယောင်လို့တောင် မှားလို့မဖြစ်။ ဟိုတစ်ယောက်ကိုလည်း မှာထားရတယ်။ ထုံးစံအတိုင်း ပေါတောတော ပေါက်တတ်ကရပြောမှာလည်း စိုးရိမ်မိသေးတယ်။

Related article >>> မုန့်ဟင်းခါး Operation ( အပိုင်း – ၁ )

၇နာရီထိုးပြီ။ ကိုယ့်ရင်လည်း တဒိတ်ဒိတ်နဲ့။ ဟော..သိပ်မကြာသေးဘူး။ လူခေါ်ခေါင်းလောင်းတီးသံ မြည်လာတယ်။ အမေ သွားဖွင့်မယ်အလုပ် ကိုယ်ကဦးပြီး တံခါးဆီ ပြေးသွားလိုက်တယ်။ မဟုတ်ရင် ဟိုကအူတူကြောင်တောင်တောင်ဖြစ်နေမှာလေ။

တံခါးလည်းဖွင့်လိုက်ရော ဟိုသကောင့်သားက အလှူအိမ် ကုန်းဆင်းမယ့်ရုပ်နဲ့ ဖြီးစပ်စပ်ရပ်နေတယ်။ သူအိမ်ထဲဝင်တော့ သူ့နား အနားကပ်သွားပြီး “ဟဲ့။ သတိထားနော်။ ပေါတောတောတွေလျှောက်မလုပ်နဲ့။ ငါ့အမေလည်ချက်က ပန်ကာနဲ့နင်လား၊ ငါလားပဲ”

သူလည်း ခေါင်းတစ်ချက် ညိတ်ပြတယ်။ မေမေက သူ့ကိုမြင်ခါစ အကဲခတ်တဲ့သဘောနဲ့ ခြေဆုံခေါင်းဆုံး ကြည့်တယ်။ ပြီးတော့မှ ပြုံးပြပြီး “သားလေး။ ထိုင်ဦးလေ။ ဘာစားဦးမလဲ” လို့မေးတော့ ကိုယ်တော်ချောက “ပီဇာ” တဲ့။

ကိုယ့်မှာ မျက်နှာတွေပူထူပြီး ဒင်းမျက်ခွက်ကို ငါးချက်လောက်ဆင့်ထိုးပစ်လိုက်ချင်တယ်။ ဒီလောက်အတန်တန်မှာထားရတဲ့ကြားထဲ ပေါတောတောနဲ့ ဖောက်ပြန်ပြီ။ ဒီတော့ကိုယ်ကပဲ မီးစင်ကြည့်ကတဲ့အနေနဲ့..

“အော်..ကိုက ခုနလေးတင် ပီဇာစားလာတာလား။ ဖွေးကိုကျ မခေါ်ဘူး။ဟွန့်”

ဒီတော့မှ ဒင်းလည်းရယ်ကျဲကျဲနဲ့ ခေါင်းရောညိတ်တယ်။ ခဏနေတော့ ဖေဖေရောက်လာတာနဲ့ သူ့လက်ကို မသိမသာဆွဲဆိတ်ပြီး ကန်တော့ဖို့ အချက်ပြလိုက်တယ်။ ကိုယ်ပြောတဲ့အတိုင်းဖေဖေနဲ့မေမေအတွက် ကန်တော့ဖို့ပစ္စည်းတွေ ဝယ်လာပေးလို့ ဒင်းကိုစိတ်ထဲက ကျေးဇူးတင်မိသေး။ နှစ်ယောက်သား ကန်တော့တော့ ဖေဖေနဲ့မေမေလည်း ဆုတွေပေးတယ်။ တအောင့်နေ ညစားလည်း အဝကြိတ်ပြီးတော့ ဖေဖေက အောင်ခန့်နဲ့ ထွေရာလေးပါးပြောတာ ကိုယ့်မှာ ရင်တမမနဲ့။

“သီထွေးရေ..”

သိပ်မကြာလိုက်ဘူး။ ဖေဖေက မေ့မေကိုအော်ခေါ်တော့ ကိုယ့်မှာလန့်ဖျပ်ပြီး အိမ်ရှေ့ခန်းကိုပြေးလာမိတယ်။

“သီထွေးရေ။ ဒီသားလေးက ရေကျော်လမ်းက ခင်ကြော့မြိုင်ရဲ့သားတဲ့။”

မေမေ့မျက်နှာက စိန်တုံးစီထားသလို လင်းလက်လပြီး ဝမ်းပန်းတသာနဲ့

“ဟယ်။ ခင်ကြော့မြိုင်သား အငယ်ကောင်လား။ ဒါကြောင့် သားဝင်လာခါစက အန်တီတူပါတယ်လို့ကြည့်နေတာ။ ခင်ကြော့မြိုင်နဲ့ အန်တီနဲ့က သိပ်ခင်တာ။ အမလေး။ ကံတရားက ထူးဆန်းပါပေ့။ ဟိုတစ်နေ့ကပဲ သမီးကို သားနဲ့ပေးစားမလို့ ခင်ကြော့မြိုင်နဲ့တိုင်ပင်ခဲ့သေး။ မေမေတို့ မစပ်ခင် ကံတရားက စပ်ပေးလိုက်တာနေမယ်။”

အောင်ခန့်ရော ကိုယ်ရော တစ်မိနစ်လောက် အူတူတူကြောင်တောင်တောင်နဲ့ ပါးစပ်ဟလို့။ လက်မထပ်ချင်သေးလို့ အိမ်ကို ချင်းထည့်ကာမှ ကံတရားကကိုယ့်ကို ချင်းထည့်သွားတယ်။

အဲ့ဒီ့နောက်ပိုင်း ဘာဆက်ဖြစ်လဲသိလား။ နှစ်တစ်ထောင် FAနှစ်ယောက် တစ်ရက်တည်းမှာ FAဘဝက ကွင်းလုံးကျွတ်သွားရော။

Christina (For Her Myanmar)

No Comments Yet

Comments are closed