ခေါင်းကြောမာတယ် ဆိုတဲ့ သူတွေက ဒီလိုလူမျိုးတွေပါ။

တကယ်တော့ ခုချိန်မှာ အရမ်းကို အောင်မြင်ကျော်ကြားနေသူတွေကလည်း ခေါင်းမာတတ်တဲ့ လူတွေပဲနော်..

”ခေါင်းမာလိုက်တာ”လို့အပြော ခံရဖူးလား။ကိုယ့်ကိုယ် ခေါင်းမာတယ်လို့ပြောရင်ကော ယောင်းတို့ဘယ်လိုခံစားရလဲ။ခေါင်းမာတဲ့နေရာမှာ ကောင်းကျိုးကော ဆိုးကျိုးကော ရှိကြတာပါပဲ။ ဒါကို ခေါင်းကြောမာသူတွေပဲ သိနိုင်ပါတယ်။ ပိုသိလို့ ပိုခံရတယ် ပိုဂုဏ်ယူရတာတွေလည်း ရှိတယ်လေ။ အက်ဒမင်ကို မေးရင်တော့ အက်ဒမင်လည်း ခေါင်းမာတဲ့သူတွေထဲပါတယ်။

ခေါင်းမာတိုင်းကောင်းတယ် မကောင်းဘူးဆိုတာထက် သူတို့တွေ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေကို ဒီလိုရှိတယ် ယောင်းတို့ရေ။

ခေါင်းမာခြင်းရဲ့ကောင်းကျိုးများ

  • ကိုယ်မှန်တယ်ထင်တဲ့အရာကို ကိုယ်ယုံကြည်ရာကိုလုပ်တတ်တဲ့အတွက် ပိုအောင်မြင်နိုင်တတ်သူတွေပါ။ ကိုယ်ယုံကြည်ရာကိုပဲ တစိုက်မတ်မတ် လုပ်နိုင်ဖို့ဆိုတာ ခေါင်းမာသူတွေပဲ ရှိပါတယ်။အောင်မြင်ကျော်ကြားတဲ့ သူတွေကို ကြည့်လိုက်ပါ သူတို့အကြောင်းတွေကို ရှာဖတ်ကြည့်လိုက်ပါ။ ပေါင်းသင်း ဆက်ဆံရေးကောင်းတာပါသလို ကိုယ်ယုံကြည်ရာကို ခေါင်းမာမာနဲ့ ယုံကြည်မှုရှိရှိနဲ့ တစ်စိုက်မတ်မတ်လုပ်သွားသူတွေချည်းပါပဲ။မအောင်မြင်ခင်တော့ ဘယ်သူမှ မသိပေမဲ့ အောင်မြင်မိပြီ ကျော်ကြားမိပြီဆိုရင်လည်း စိတ်ဓာတ်ပျော့သူတွေမပါပါဘူး။ ကိုယ်လုပ်ချင်တာကို လုပ်သွားကြတဲ့ ခေါင်းမာသူတွေကပဲ ပိုအောင်မြင်ကြတာပါ။
  • သူတစ်ပါးရဲ့အတွေးအခေါ် အယူအဆ တွေလာရောက်လွမ်းမိုးနိုင်ဖို့ မလွယ်သူတွေပါ။
    ကိုယ်သိတာသည်သာ အမှန် ကိုယ်မြင်ရာသည်သာ အမှန်တရားစစ်စစ်လို့ စံလွဲနေသူတွေက သပ်သပ်ပါ။ ခေါင်းမာသူတွေကတော့ ကိုယ်ကြုံခဲ့သိခဲ့ရတာတွေကြောင့် ပိုပြီးခေါင်းမာကြတာများတယ်။ သူများတွေလာပြောတိုင်း ဟုတ်များဟုတ်နိုင်မလားဆိုတဲ့ တွေဝေစိတ်လည်း မဝင်ကြဘူး။သူတို့ရဲ့ ယုံကြည်ရာဟာ တစ်ဖက်သားရဲ့ ပယောဂကြောင့်နဲ့တော့ လမ်းကြောင်းပြောင်းသွားစရာမရှိတဲ့သူတွေဟာ ခေါင်းမာသူတွေပါ။
  • ခေါင်းမာသူတွေက တစ်ခုခုကို လုပ်မိပြီဆိုရင် ပြီးဆုံးအောင်မြင်တဲ့အထိ ဇွဲကြီးကြီးနဲ့လုပ်တတ်သူတွေပါ။
    လမ်းတစ်ဝက်နဲ့တင် ဂိတ်ဆုံးမနေတတ်တာ ခေါင်းမာသူတွေပါ။ပတ်ဝန်းကျင်မှာ လည်း ခေါင်းမာသူတွေက သူတို့ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် (တစ်ဖက်သားစိတ်ဆင်းရဲအောင်လုပ် လုပ်) အဆုံးထိ လုပ်တတ်သူတွေပါပဲ။ သူတို့ကို ကြည့်လို က်ရင် တစ်ခါတစ်လေ မြင်ရသူပါ ပူလောင်ပါတယ်။ ဒါပေမဲ့ ခုလက်ရှိအခြေအနေကလည်း ကောင်းတာတစ်ခုကို ခေါင်းမာမာနဲ့ ဆက်လုပ်နိုင်မှသာ နိုင်ငံကြီးက ရှေ့ရောက်တော့မှာမဟုတ်လား။
  • အရာရာကို လွယ်လွယ်နဲ့ အရူံးမပေးတတ်ကြဘူး။
    ခေါင်းမာသူတွေကို ကြည့်လိုက်ပါ “ငါလုပ်ရင် မဖြစ်တာမရှိဘူး”  ဆိုပြီး ကြိမ်းဝါးနေတတ်သူတွေပါ။ အဖွဲ့အစည်းတစ်ခုခုရဲ့ ခေါင်းမာတဲ့ခေါင်းဆောင်ရဲ့ လက်အောက်မှာ လုပ်ဖူးသူဆို ပိုသိမယ် “ဒါမပြီးမချင်း ငါတို့မထဘဲ လုပ်မယ်ဟေ့”လို့သူဖြစ်ချင်တာ သူလုပ်ကိုလုပ်ရမယ် သူပြီးကိုပြီးရမယ်ဆိုတာတွေကြော င့် အလုပ်တွင်တတ်ပါတယ်။ လွယ်လွယ်အရှုံးမပေးတတ်တာကြောင့်လည်း တစ်မျိုးမဟုတ် တစ်မျိုး ဖြစ်အောင် စဉ်းစားရင်း ပိုပြီး တိုးတက်လာတာပေါ့။
  • တွေဝေတုန့်ဆိုင်းခြင်းမရှိ ၊ ဆုံးဖြတ်ချက်ပြတ်သားသူတွေပါ။
    လုပ်မယ်ဆို လုပ်မယ်ပဲ စားမယ်ဆို စားမယ်ပဲ သိပ်ပြီးတွေးမနေဘူး ။ ကိုယ်လုပ်ချင်တာကိုယ်သိတယ် ပြတ်သားတယ်လို့လည်း သူတို့ဘာသာသူတို့ခံယူထားသူတွေပါ ။ စဉ်းစားပါဦးလို့ ပြောကြည့်လိုက်ပါလား “ဘာစဉ်းစားစရာလိုလဲ လုပ်စရာရှိ လုပ်ရမှာပဲ ပြောစရာရှိပြောမှ ရမှာပေါ့” ဆိုတဲ့ စကားအရင်ထွက်လာပြီး တကယ်လည်း အားမနာတတ်သူတွေပါ။ဆုံးဖြတ်ချက်ပြတ်သားတော့လည်း နှစ်ခါမစဉ်းစားရတော့ ခေါင်းပူသက်သာတာပါပဲ။

Related Article >>> အပျိုကြီးဖြစ်မယ့်သူတွေဆိုတာ

ဒါတွေအပြင် ခေါင်းမာခြင်းရဲ့ဆိုးကျိုးတွေ လည်း ရှိပါသေးတယ်။

  • ရှိပြီးသား အတွေးအခေါ်တွေက ဦးနှောက်ကို အမှောင်ဖုံးစေတယ် ဆိုတဲ့ စကားလိုပဲ အတွေးအခေါ်အယူတစ်ခုကို လက်ခံမိရင် ခေါင်းမာသူတွေက သေတဲ့အထိ အဲ့ဒီအတွေးအခေါ်ကို မပြောင်းတတ်ပါဘူး။
    အရာရာတိုင်းဟာ မမှန်နိုင်ပါဘူး ဆိုတာလည်း သိတယ်။သိပေမဲ့ ခေါင်းမာသူတွေကျ တစ်မျိုး…မတူညီတဲ့ အတွေးတစ်ခုကို မဖြစ်သာလွန်းတဲ့ အခြေအနေတစ်ခုမှာသာ လက်ခံချင်လက်ခံထားမယ် ။ သဘောကျလှတယ်မဟုတ်ပါဘူး။ အခွင့်သာတိုင်း ပြန်ငြင်းတတ်ကြသူတွေပါ။ သူတို့သိနေတာဟာ အမှားကြီးလို့ ပြောရင်လည်း ဘယ်သူဘာပြောပြော  ခေါင်းမာသူတွေကတော့ သေတဲ့အထိ သူတို့ယုံကြည်ရာ အတွေးအခေါ် အပြုအမူတွေကို မပြောင်းလဲကြတော့ လူကြားထဲနေရင် လူခွစာဖြစ်နေတတ်ကြပါတယ်။သူတို့ကတော့ သူတို့ဘာသာ မှားတယ်လို့ကို မခံယူတာပါ။
  • အမှားကို သိလည်းပဲခေါင်းမာစွာဆက်လုပ်တတ် ကြတယ်။
    ခေါင်းမာတာကို လက်ခံပါတယ် သူ့ခေါင်းနဲ့သူမာတာပဲ လက်မခံနိုင်စရာအကြောင်းမှ မရှိတာနော။ သူတို့လုပ်နေကိုင်နေတာက ဘယ်သူမှ မထိခိုက်ရင်လည်း ကိတ်စ္စမရှိပေမဲ့ တစ်ဖက်သားကို ထိခိုက်အောင်လုပ်နေတာကိုတော့ ကြည့်ရတာ မြင်ရတာ အတော်ဆိုးပါတယ်။ အဲ့သလို ခေါင်းကြောမာလွန်းသူတွေနားမှာ ချစ်တဲ့သူလည်း မနေနိုင်ဘူး မုန်းတဲ့သူဆို ပို မနေနိုင်တာပေါ့။ အတော်များများရဲ့ လျစ်လျူရှုခံထားရတဲ့သူတွေပေါ့။
  • ခေါင်းမာသူအများစုက အငြင်းသန်ကြတယ်။
    အဲ့ဒါကတော့ အမှန်ပဲ သူတို့ယုံကြည်ရာကိုတော့ နည်းနည်းမှ အထိမခံကြဘူး ။ ကြောင်းကျိုးညီမျှတယ်ဆိုတာ သူတို့ခေါင်းထဲမှာ ပါမလာသလိုပါပဲ။သူတို့စကား သူတို့အပြုအမူ အနေအထိုင်လေးများ အထွန့်သွားတက်လိုက်ရင် ငြင်းကြတော့တာပဲ။ငြင်းတာကတော့ ဘာငြင်းသလဲ မမေးနဲ့ဆိုတာ့ အထဲကပဲ။ဘာပြောပြော အငြင်းသန်သူတွေကတော့ ရွာအပြင်မထွက်ရတောင် အခန်းပြင်တော့ ထွက်သွားရတာပဲ။ကြုံဖူးသူဆို သိကြပါတယ်။ များသောအားဖြင့် ခေါင်းမာသူတွေက လူမူဆက်ဆံရေးမကောင်းဘူးလို့ အထင်ခံကြရတာ များပါတယ်။
  • သေချင်သေပါစေလေ ၊ သတ်ချင်လည်းသတ်ပလိုက်ပါ ငါကတော့ ဒီအယူအဆကို ဘယ်တော့မှ မဖျောက်ဘူးလို့ခံယူထားသူတွေပါ။
    အဲ့ဒီလို ခေါင်းမာမှုတွေကြောင့်ပဲ လူမုန်းများတယ် လူမုန်းများတာကို များလို့များမှန်းမသိနဲ့တကယ့် ဂွစာ တွေပါပဲ။ ခေါင်းမာသူတွေက ဆိုဆုံးမပြောဆိုရခက်ပါတယ်။ပြော လည်း အပိုဖြစ်ရတာမို့ ပိုဆိုးလာသလား မှတ်ရတယ်။ခေါင်းမာသူတွေက အစွန်းနှစ်ဘက်မှာ အမြဲရပ်နေသူတွေပါ။သူတို့ဟာ အကောင်းဆုံးတွေကို လုပ်ဆောင်နိုင်သလို အဆိုးဆုံးအရာတွေကိုလည်း လုပ်ဆောင်တတ်ကြတယ်။

ခေါင်းမာသူတွေက ဟိုးအရင်ကတည်းကလည်း ရှိခဲ့တယ် ခုထိလည်း ရှိနေအုံးမှာပါ။ကောင်းသော ခေါင်းမာခြင်းနဲ့မကောင်းတဲ့နေရာ မှာ ခေါင်းမာတာလေးပဲ ကွဲပြားဖို့လိုပါတယ်။ လူတိုင်းနီးနီးကတော့ ခေါင်းမာသူတွေပါပဲ ။ ကိုယ့်ကိုယ်ကိုယ် အမှန်တိုင်းမြင်ရင်ပေါ့လေ။ကိုယ် က ခေါင်းမာသင့်တဲ့နေရာ ခေါင်းမာမှ တော်ကာကြပါတယ်။ဇွတ် ဒါဆိုမှ ဒါရယ်လို့ ကလေးကလားဆန်တာလား ခေါင်းမာတာလား ကိုယ့်ကိုယ်ကိုယ် ကွဲပြားအောင် ကြည့်တတ်ဖို့တော့ လိုပါတယ်။

ကဲ.. ဘာလုပ်နေလဲ ခေါင်းကြောမာတဲ့ သူငယ်ချင်းတွေကို မန်းရှင်းခေါ်လိုက်တော့လေ…

Wai Zin ( For Her Myanmar )

No Comments Yet

Leave a Reply

Your email address will not be published.