FUN Relationships

အပျိုကြီးနှင့် သူ၏ခရပ်ရှ်များ

အပျိုကြီးတို့က မစွံသာမစွံတာ အဲလေ မစွံတာ ဘယ်ဟုတ်မလဲ မထားတာ.. မထားတာ။ ဒီလို အပျိုကြီးဆိုတဲ့ဂုဏ်ပုဒ်ရအောင် ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရလဲ မေး။

 

အမလေး… နာမည်ကလည်းနော် ရုပ်ရှင်ကားနာမည်လိုလို ဘာလိုလိုနဲ့။ မသိရင် ရုပ်ရှင်ရိုက်နေတာကျနေတာပဲ။ ဟုတ်တယ်လေ။ အပျိုကြီးတို့က မစွံသာမစွံတာ အဲလေ မစွံတာ ဘယ်ဟုတ်မလဲ မထားတာ.. မထားတာ။ ဒီလို အပျိုကြီးဆိုတဲ့ဂုဏ်ပုဒ်ရအောင် ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရလဲ မေး။ အနောက်ကနေ ရည်းစားစကားပြောဖို့ ကပ်လိုက်လာတဲ့ ကောင်လေးတွေကို မျက်ခြေပြတ်အောင် လမ်းကို ဘယ်လိုမြန်အောင်လျှောက်ရတယ်၊ ရည်းစားစကားပြောမယ့်ကောင်လေးတွေကို အပြတ်ငြင်းထုတ်နိုင်အောင် မျက်နှာကို ရှစ်ခေါက်ချိုးဘယ်လိုထားရမယ်၊ ဘယ်လိုဖိန့်လုံးတွေနဲ့ ငြင်းထုတ်ပစ်ရမယ် စတဲ့ စတဲ့ စကေးတွေကို ကျွမ်းကျင်ထားမှ ဒီအပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ရတာလေ၊ ဟုတ်ဘူးလားနော့။ အဲဒါကို သူများတွေက အပျိုကြီးလို့များ လွယ်လွယ်ခေါ်ကြရင် အပျိုကြီးတစ်ယောက်ဟာ ဘယ်လိုတောင် ဆွေ့ဆွေ့ခုန်သလဲဆိုတာလေ။

Related Article >>> သက်တူရွယ်တူ(၂၀)ကျော်တွေကြား အပျိုကြီးလို့ခေါ်ခံရတဲ့ အကြောင်းအရင်း(၆)ချက်

ဒီလို လာသမျှငြင်းဆိုတဲ့ အပျိုကြီးမှာလည်း ကျဆုံးခန်းလေးတွေ ရှိသေးပါ့။ နာမည်ကိုက အပျိုကြီးနှင့် သူ၏ခရပ်ရှ်များ ဆိုပါမှပဲ။ ပထမဆုံးတစ်ယောက်က အပျိုကြီး အထက်တန်းလောက်မှာ စခွက်တဲ့ ခွက်လေး။ အပျိုကြီးက အဲ့အချိန်မှာ သူက သူများတွေကိုသာ ငြင်းတယ်၊ အဲ့ကောင်လေးကျ ကြိတ်ခိုက်နေတာဗျား။ လာသမျှငြင်းတဲ့ အပျိုကြီးရဲ့ ခွက်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတော့ အပျိုကြီး ခွက်တာ မလွန်ဘူးပေါ့လေ။ မုန့်စားကျောင်းလွှတ်ပြီဆိုရင် ကောင်လေးရဲ့ ခုံပေါ်မှာ အသည်းပုံသကြားလုံးတွေ သွားထားရတာနဲ့ ဘာနဲ့၊ ချစ်တယ်ဆိုတဲ့ စာတိုလေးတွေကို ရေးရေးပြီး တင်ထားရတာနဲ့။ အပျိုကြီးတို့ ကျောင်းသူဘဝတုန်းက ၁၅၀၀တန်ဖုန်းတွေ မပေါ်သေးဘူးဆိုတော့ အပျိုကြီးခမျာ ဖေ့စဘုတ်ပေါ် တက်ဖီးလ်ခွင့်လည်း မရှိဘူးလေ။ အဲ့တော့ အပျိုကြီးက လုပ်ချင်တိုင်း လုပ်ခဲ့တာပေါ့လေ။ အဲ… အပျိုကြီးရဲ့ကံကလည်း ကောင်းပါတယ်။ ကောင်လေးက သူနဲ့ တွဲမလားလို့ လာပြောတယ်ဗျ။ ဘဝဆက်တိုင်း ကိုယ်ကပဲ သူများကို ခွက်ပါရစေ ဆိုတဲ့ ဆုတောင်းမှားပါလာတဲ့ အပျိုကြီးဟာ မာနကြီးစွာနဲ့ပဲ သူ့ခွက်လေးကို ခေါင်းခါခဲ့ပါတယ်တဲ့။ ဒါက အပျိုကြီးရဲ့ ခွက်နံပါတ်တစ်။

အပျိုကြီးတို့က ရည်းစားသာမထားဖူးတာ အချစ်ဇာတ်လမ်းတွေက ကိုရီးယားကား အရှုံးပေးရမယ်။ သူ့ခွက်နံပါတ်နှစ်ကကျ သူ့သူငယ်ချင်းကောင်လေးတဲ့။ အပျိုကြီးက ခွက်နံပါတ်တစ်ကို အသေရရ အရှင်ရရ ခွက်နေတဲ့အချိန်မှာ အဲ့သူငယ်ချင်းလေးက အပျိုကြီးကို ခွက်နေတာတဲ့လေ။ ပြောပါတယ် အပျိုကြီးတို့များ စွံတာဆိုတာ။ ကောင်လေးက အပျိုကြီးကို ပထမတစ်ခါ ဖွင့်ပြောတော့ အပျိုကြီးတို့က ဟိုး စတော့ပ် ဆိုပြီး သူငယ်ချင်းစည်းလေးနဲ့ ပိတ်လိုက်တယ်။ ဒီကောင်လေးကကျ နည်းနည်းဇွဲကြီးတယ်။ အမှတ်သည်းခြေမရှိ ဒုတိယတစ်ခေါက် ဖွင့်ပြောတယ်။ ဆုတောင်းမှားလာတဲ့ အပျိုကြီးဟာ ကောင်လေးကို အနီကတ်ပြလိုက်ရော။ ကောင်လေးဘက်က တပ်ခေါက်သွားရှာပါတယ်။ အစက အပျိုကြီးမှ အပျိုကြီး တမ်းတမ်းစွဲဖြစ်နေတဲ့ ကောင်လေးဟာ ဘယ်လောက်မှမကြာလိုက်ပါဘူး ကောင်မလေး ရသွားရှာတယ်။ အပျိုကြီးတို့များ ယူတတ်ရင် တရားတွေချည်းနော်… အဟင်း။ အဲ့တော့မှ အပျိုကြီးခမျာ လွတ်သွားတဲ့ငါး ကြီးသဟဲ့ဆိုပြီး ပြန်လိုက်ဖို့တောင် မကြိုးစားရသေးပါဘူး အဲ့ကောင်လေးက သူ့ကောင်မလေးကို အရမ်းချစ်ရှာတာဆိုတဲ့ လက္ခဏာတွေ မြင်လိုက်ရပြီး နောက်ပြန်ဆုတ်လိုက်ရရှာတယ်။ အဲဒါကြောင့် ဆုတောင်းကောင်းဖို့ အရေးကြီးတယ်ပြောတာ။

Related Article >>> အပျိုကြီးဆိုပြီး အထင်သေးရင်မှားမယ်ကွဲ့

ကဲ… အခုက ခွက်နံပါတ်သုံး။ ဒီတစ်ယောက်က နည်းနည်းထူးဆန်းတယ်။ အပျိုကြီးက အချစ်ဆိုတာ ပူလောင်မှုတွေပါပဲဆိုပြီး တရားမှတ်နေချိန်မှာမှ သူ့ဆီတန်းတန်းမတ်မတ်ရောက်လာတာ။ တကယ်တော့ မြှားနတ်မောင်က အိပ်ရာကနေ ကယောင်ကတမ်းနဲ့ ထလာပြီး ယောင်ပြီး မြားပစ်မိလို့ အပျိုကြီးကို စိုက်သွားရှာတာ။ ကောင်လေး ချိန်းသမျှကို ငြင်းလွှတ်တယ်လေ။ ဟိုက သူ့ကို စိတ်မဝင်စားဘူးလို့ အထင်မှားပြီး အပျိုကြီးကို ဘိုင့်ဘိုင်လိုက်ရော။ တကယ်တော့ အပျိုကြီးက အချက်ပြtiming လွဲတာလေးရယ်ပါ။

အဲလို ခွက်တိုင်းလွဲ ဆုတောင်းနဲ့ ပြည့်နေတဲ့ ချိန်ပါအပျိုကြီးဟာ အခုတော့ တစ်ယောက်တည်းပဲ နေတော့မယ် စင်ဂယ် အစ်စ် သယ် ဘတ်စ် လို့ ကြုံးဝါးပြီး ကိုရီးယားမင်းသား၊ တရုတ်မင်းသား၊ အင်္ဂလိပ်မင်းသား၊ အမေရိကန်မင်းသား၊ ထိုင်းမင်းသားအကုန်ကို ထိုင်ခွက်နေလေရဲ့။ 😀

Windy ( For Her Myanmar )

Windy
Windy လို့ ခေါ်လို့ရပါတယ်။ အသက်က ၂၂။For Her Myanmar မှာ အသစ်ဝင်လာတဲ့ စာရေးသူပါ။ပေ့ခ်ျမှာ ရသစာလေးတွေ ရေးပြီးတင်ပေးနေပါတယ်။ဝါသနာက စာဖတ်တာ။ စာဆိုရင် ရသစာတွေအဖတ်များတယ်။ စာအုပ်နဲ့ပတ်သတ်ရင် ဒိုင်ခံဆွေးနွေးပေးပါသေးတယ်

Leave a Reply

Your email address will not be published. Required fields are marked *