လခွမ်း…ပြေးဟ

“ဟိဟိ..အစ်ကို့ကို မှတ်မိလား”

“ငင်..ဘယ်သူလဲ။အဲ..အော်သိပြီး။ မနေ့က ကားမှတ်တိုင်မှာ ညီမလက်စာမိသွားတဲ့ အစ်ကိုမဟုတ်လား”

ကျွန်တော့်ဘ၀မှာ သူမကိုစတွေ့တဲ့နေ့ကပေါ့။ အဲ့ဒီ့နေ့က မိုးရွာနေတယ်။ ရွာတာမှ ရွာချင်မရွာချင်နဲ့ တစ်ပေါက်နှစ်ပေါက်ချင်းဆီရွာနေတာပေါ့လေ။ ထီးမပါတဲ့ကျွန်တော်တစ်ယောက်လည်း လက်ထဲက အရေးကြီးတဲ့စာရွက်စာတမ်းတချို့ကြောင့်သာ နီးစပ်ရာဘတ်စ်ကားမှတ်တိုင်မှာ မိုးဝင်ခိုလိုက်ရတယ်။ မဟုတ်ရင်တော့ ဒီမိုးလောက်က ကျွန်တော့်အတွက်အပျော့ပါ။

ခဏကြာတော့ ကားတစ်စီးရောက်လာပြီး မှတ်တိုင်ကသူအကုန်လုံးနီးပါးတက်သွားကြပါတော့တယ်။ မသိရင် ခရီးစုထွက်ကြသလားပဲ။ အေးပေါ့..မြို့ထဲရောက်မယ့်ကားကိုး။ ကျွန်တော်လည်း မဆီမဆိုင်ဝေဖန်လိုက်၊ ကားမှတ်တိုင်လာတဲ့ စကီအလန်းလေးတွေကို ငမ်းလိုက်နှင့် အလုပ်ရှုပ်နေသည့်ကြားထဲမှ…

“ဖျန်း”

ကျွန်တော်ချာချာယမ်းသွားတယ်။ ပြောရရင်တော့ ပါးအချခံရတယ်ပေါ့။ ငမ်းနေရင်း ဘယ်ကမှန်းမသိ အဗျင်းခံလိုက်ရတာတော့ မတန်ပါဘူး ခင်ဗျား။ ကျွန်တော်လည်း စိတ်တိုသွားပြီး လက်လာရာအရပ်ကို လှည့်ကြည့်လိုက်တော့…

အားပါးပါး..လှလိုက်တဲ့ သူမ..မြန်မာဝတ်စုံလေးနဲ့ ကျစ်ဆံမြီးလေးကျစ်လို့။ အသားလေးကလည်း ဖြူဝင်းပြီး သွေးကြောလေးတွေတောင်မြင်နေရတယ်။ နှုတ်ခမ်းလေးက အုတ်နီခဲပွတ်ထားတဲ့အတိုင်း ရဲနေလို့။ ပါးကလေးကလည်း ဂွမ်းဆို့ထားသလားပဲ။ မျက်တောင်ရှည်ရှည်၊ မျက်ခုံးခပ်ထူထူ၊ နှာတံစင်းစင်းနဲ့ ၀တ်မှုံရွှေရည်နဲ့ အေးမြတ်သူကို နုတ်နုတ်စင်းရောနယ်ထားသလားပဲ။ ကျွန်တော်ကတော့ ၀ီစကီမသောက်ပဲ ယစ်မူးနေလေရဲ့။ အို..ဒီစကီလေးရဲ့အလှက ၀ီစကီလိုပါလား။

“အို..အစ်ကို ဆောရီးနော်။ သူငယ်ချင်းနဲ့ စကားပြောရင်း လက်လွန်သွားလို့ပါ။”

ဟုတ်လည်းဟုတ်ပါတယ်။ အခုတောင် လက်တရမ်းရမ်းနဲ့ စကားပြောနေတာ။ နောက်တစ်ခါ အဗျင်းခံရမှာစိုးလို့ ကျွန်တော်တောင်ခေါင်းရှောင်မိသေး။

“အဟဲဟဲ..ရပါတယ်ခင်ဗျ။ မတော်တဆပဲကို။”

ကျွန်တော် စကားအရောတ၀င်လုပ်ဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် သူမစကားများချက်က ကမ်းကုန်တယ်။ ဘေးက သူ့သူငယ်ချင်းတောင် မျက်လုံးပေကလပ် ပေကလပ်နဲ့ ကျောင်းအုပ်ကြီး အမှာစကားနားထောင်နေတဲ့ အတိုင်း။ သူမပြောမယ်ကြံရင်လည်း မယ်မင်းကြီးမက ပေးမပြော။ ကျွန်တော်အရောဝင်ဖို့ အခွင့်မသာပေမယ့်လည်း သူမကိုရအောင် လိုက်ရမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။

မည်သို့မည်ပုံလိုက်ရင်ကောင်းမလဲလို့ တွေးပူအကြံအိုက်နေချိန်မှာ သူမဖုန်းမြည်လာလေရဲ့။ မိုးတိတ်သွားပေမယ့်လည်း ကျွန်တော့်မှာ ဖွန်ကြောင်မည့်အလုပ်နဲ့ မအားမလပ်တာကြောင့် သူမစကားသံကိုသာ နားစွင့်နေလေရဲ့။

“နွေးမာ..အေးကမ။ သြော်..ငါ့နာရီမေ့ကျန်ခဲ့တာများ။ အေး..လာပေးချင်ရင် ရတယ်လေ။ ငါအမြဲတမ်းလို မနက်ခင်း ၇နာရီလောက် ကန်တော်ကြီးမှာ လမ်းလျှောက်မှာပဲ။  နင့်အိမ်နဲ့လည်းနီးတယ်။ အဲ့ဒီ့ကိုလာပေးပေါ့။အာ..မိုးမရွာလောက်ပါဘူး။ ရွာလည်းငါက လျှောက်မှာပဲကို။ ခုကငါသင်တန်းသွားမှာမို့ လာမယူနိုင်ဘူး။ အိုခီနော်။ နက်ဖန်တွေ့မယ်။ တာ့တာ။"

ကံတရားက ကျွန်တော့်ဘက် မျက်နှာသာပေးနေတာပါ။ကျွန်တော်တောင် မမေးပဲ သူမကိုနောက်တစ်ခါ ဆုံရမယ့်နေရာနဲ့အချိန်တောင်သိသွားပြီပဲ။ ပျော်တိတိပျော်ပေါ့။

ကျွန်တော်လည်း အဲ့ဒီ့နေ့ညက ဇီးကွက်မလုပ်နိုင်တော့။ စောစောအိပ်ခါမှ အချောလေးနဲ့ တွေ့ဖို့စောစောနိုးနိုင်မပေါ့။ ရယ်စရာကောင်းတာက နေဖင်ထိုးတဲ့အထိ အိပ်နေကျကျွန်တော့ (၅)နာရီတောင် မထိုးသေးပဲ နိုးချေပြီမို့ အမေတောင် နေမကောင်းဘူးလား မေးယူနေတယ်။

မထူးဘူးဆိုပြီး ကျွန်တော်လည်းရေမိုးချိုး၊ ရှိသမျှရေမွှေးပေါင်းစုံကောက်ဆွတ်ပြီး၊ အသစ်စက်စက်ဝတ်စုံအသစ်ကိုလဲလိုက်လေရဲ့။ ၆နာရီခွဲတာနဲ့ ကျွန်တော်တစ်ချိုးတည်းဆင်းပြေးတော့တယ်။

ဟောဟဲဟောဟဲ..

နောက်ကျသွားမှာစိုးလို့ပြေးသွားရတာ။ ဟိုရောက်တော့ ကျွန်တော့်ခမျာ ချွေးတစီးစီးနဲ့ ဆွတ်ထားတဲ့ရေမွှေးတောင် ဆီချေးနဲ့ရနေပြီ။ငင့်။ ထားလိုက်ပါတော့လေ။ အရေးကြီးတာ သူမကိုလိုက်ရှာဖို့။ တောင်ကြည့်မြောက်ကြည့်နှင့် ကိုယ်လက်လှုပ်ရှားနေသူတွေကြားက ကိုယ်တစ်ယောက်တည်း ဟိုလူ့ကြည့်လိုက် ဒီလူ့ကြည့်လိုက်နဲ့ ဘေးကအစ်မကြီးတောင် သင်္ကာမကင်းဖြစ်ပြီး သူ့အိတ်ကြီးကို ပိုက်ထားလေရဲ့။

မောကလည်းမော..ငတိမကိုလည်း ရှာမတွေ့တာနဲ့ အနီးနားကအလှပန်းပင်နားခဏ မတ်တပ်ရပ်အမောဖြေလိုက်တယ်။

“ရွှီးရှုးးးးး”

ရုတ်တရက် ခြေဖမိုးပေါ် နွေးနွေးထွေးထွေးအရည်တစ်ခု ထိတွေ့လာသည်။ ကျွန်တော်ငုံ့ကြည့်လိုက်တော့။

အားလားလား..ခွေးတစ်ကောင်။ အမွေးဖြူဖြူ အမြီးနံ့တံ့တံ့နဲ့ သကောင့်သားက သေးပန်းပြီး လျှာထုတ်ပြနေလေရဲ့။ ကျွန်တော်ဆိုသည်မှာလည်း ခွေးမြင်ရင် အယ်လာဂျစ်ထတတ်တဲ့သူ။ ခုလိုကျွန်တော့်ခြေထောက်ပေါ် သေးလာပေါက်တာကတော့ ဒင်းတော်တော်လွန်ချေပြီ။ ဒေါသနှစ်ထပ်ကွန်းဆင့်ပြီး ဒင်းကို စိတ်ရှိရှိ ခြေနဲ့ကန်လွှတ်လိုက်တယ်။ သူ့ခမျာသေးတန်းလန်းနဲ့ ဂိန်ခနဲ အော်ပြေးလို့။

“ဟူး..တော်ပါပြီ။ အိမ်ပြန်တာပဲကောင်းမယ်ထင်တယ်။”

သေးရွှဲရွဲစိုနေတဲ့ ခြေထောက်တစ်ဖက်နဲ့ ထော့နင်းထော့နင်းလျှေက်နေတဲ့သကာလ…

“ဟီးဟီး.. နွေးမာရေ..ကျေးဇူးပါ။ မနေ့တုန်းက နာရီကျန်ခဲ့လို့ မာမီ့ဆီမှာတောင် ဆူခံရသေး….”

ဟော..သူမအသံပဲ။ သဲကန္တာရမှာ ရေသံကြားရသလိုပဲ ကျွန်တော့်ရဲ့မျက်နှာ လင်းလက်လို့။ အသံကြားရာလှည့်ကြည့်လိုက်တော့ ကျစ်ဆံမြီး ဘေးနှစ်ဖက်ကျစ်ပြီး တီရှပ်အနီ၊ အားကစားဘောင်းဘီနဲ့ လန်းနေသော သူမ။ ထုံးစံအတိုင်း လက်တရမ်းရမ်းနဲ့ စကားပြောနေလေရဲ့။ ကျွန်တော်လည်း ချဉ်းကပ်ချင်ပေမယ့် သူ့သူငယ်ချင်း ငတိမရှိနေတော့ ချောင်းကြည့်ရုံမှတပါး..

ကံကောင်းထောက်မစွာနဲ့ ငါးမိနစ်ကြာတော့ ငတိမထွက်သွားလေတယ်။ သူမလည်း လမ်းလျှောက်ဖို့ လှည့်အထွက် ကျွန်တော်ချောင်းရာကနေထွက်လာပြီး သူမအနောက်ကမီအောင်လိုက်ကာ စကားပြောဖို့ဟန်ပြင်လိုက်တယ်။

“အဲ..ညီမ”

“ရှင်.. ”

“ဟိဟိ..အစ်ကို့ကို မှတ်မိလား”

“ငင်..ဘယ်သူလဲ။အဲ..အော်သိပြီး။ မနေ့က ကားမှတ်တိုင်မှာ ညီမလက်စာမိသွားတဲ့ အစ်ကိုမဟုတ်လား”

“အင်း၊ ဟုတ်တယ်၊ ဟိဟိ၊ အစ်ကိုက ဒီမှာလမ်းလျှောက်နေကျ သိလား၊ အာ့ညီမကိုတွေ့လိုလာနှုတ်ဆက်တာ။ ဟိဟိ”

ပန်းခြံဆိုလျှင် အတွဲချောင်းတဲ့ကိစ္စကလွဲပြီး မသွားတတ်တဲ့ကျွန်တော် အခုတော့သူမရဲ့ အထင်ကြီးမှုခံချင်တော့ ဗြောင်ရွှီးပစ်လိုက်တယ်။ သူမကလည်း အားနာတတ်တဲ့အပြုံးနဲ့…

“ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ်၊ ဒါဆိုညီမသွားလိုက်ဦးမယ်နော်။”

လျင်လိုက်တဲ့ ငတိမ၊ ကျွန်တော့်ရည်ရွယ်ချက်ကို လုံးစေ့ပတ်စေ့ သိပြီးပတ်ရှောင်သွားမှန်း သိသာလေရဲ့။ ကိုယ်တွေလည်းရတဲ့ အခွင့်အရေးလက်လွှတ်မခံနိုင်တော့ အရှုံးမပေးပဲ ဆက်ဖွန်ကြောင်ဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါနဲ့ သူမအနောက်လိုက်တော့တာပေါ့။

ဒါပေမယ့် သူမတစ်ခုခုကိုလိုက်ရှာနေသလိုပဲ..ကုန်းလိုက်ကွလိုက် ဟိုကြည့် ဒီကြည့်နဲ့ ကျွန်တော်လည်း အရောဝင်ချင်စိတ်ကလွန်လေတော့ ယောင်ပြီး..

“ညီမတစ်ခုခုပျောက်နေတာလား၊ အစ်ကိုပါလိုက်ရှာပေးမယ်” ဆိုပြီး ရှိသမျှခြုံပုတ်တွေ လိုက်နှိုက်နေလေရဲ့။ ဟိုကအဖတ်တောင်မလုပ်။ တစ်နေရာလည်းရောက်ရော..

“ဟော..တွေ့ပြီ”

သူမတွေ့ပြီဆိုတော့ ကျွန်တော်လည်း အားရ၀မ်းသာနဲ့ ပြေးအကြည့်…

“ဟစ်ပီလေးရေ..ဒီမှာ အစ်ကိုကြီးအသစ်ကို နှုတ်ဆက်လိုက်ပါဦး”

ကျွန်တော်မျက်နှာတွေ ပူထူသွားတယ်။ ထူမှာပေါ့။ သူမပေါင်ပေါ်က ကျွန်တော့်ကို ဒေါသခဲအလုံးလိုက်နဲ့ မာန်ဖီနေတဲ့ ခွေးကလေး။ ကျွန်တော့်ကန်ချက်ကြောင့် သေးတန်းလန်းနဲ့ ပြေးသွားတဲ့ခွေးကလေး။ သူမပေါင်ပေါ်ထိုင်နေရင်းက ကျွန်တော့်ကိုလည်းမြင်ရော မာန်ဖီအံခဲပြီး ၀ုန်းခနဲပြေးဆင်းလာတာ။

“လခွမ်း..ပြေးဟ”

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ခြေသလုံးပေါ်ကခွေးကိုက်ရာလေးကြောင့် နောက်တစ်နေ့ကစပြီး ကျွန်တော်ဖွန်ဆက်မကြောင်တော့ပါ။

Christina (For Her Myanmar)

No Comments Yet

Comments are closed