ရာသီခွင်အလိုက် တွေးတတ်ကြတဲ့ ပေါက်တတ်ကရလေးများ

ကဲ.. ဗေဒင် အလကားဟောပေးမယ်..။ ယုံတာ မယုံတာနောက်ထားပြီး တစ်ချက်ကြည့်ကြည့်လိုက်.. အက်ဒမင့်အတွက်တော့ Aries ကမှန်တယ်လို့ ပြောရမယ်..

 

အဲ.. ယောင်းရေ တစ်ခုတော့ ကြိုပြောထားမယ်.. အက်ဒမင် ဟောတာမဟုတ်ဘူးနော်.. ချောင်းရိုက်ခြင်းသည်းခံပါရန်

Aries (March 21 – April 19)

ဘဝကို ပျော်ပျော်ရွှင်ရွှင်နေတတ်ပေမဲ့ သေခြင်းတရားကို အမြဲတွေးတောနေတဲ့အကျင့်ရှိသူတွေတဲ့.. ကျောင်းသွားတဲ့လမ်းမှာ၊ အလုပ်သွားတဲ့လမ်းမှာ၊ အခုနေများ ငါသေသွားရင် ဘယ်လိုဖြစ်မလဲ ဆိုပြီး တော်တော်လေးတွေးတတ်ကြပါတယ်တဲ့..။ ကွေးသောလက်မဆန့်မီ တို့ နေ့မြင်ညပျောက်တို့လိုမျိုး ကိုယ်လည်း အလွယ်တကူသေသွားနိုင်တာပဲဆိုပြီး ဘယ်လိုမျိုးသေနိုင်မလဲ.. ဘယ်နေရာမှာ သေမလဲ.. သေပြီးရင် ဘယ်လိုဖြစ်သွားမှာလဲ စတဲ့ သေခြင်းနဲ့ပတ်သက်တာတွေကို အမြဲစဉ်းစားနေတတ်ပါတယ်… ဘေးပတ်ဝန်းကျင်ကလူတွေ ဘယ်လိုသေသွားနိုင်သလဲဆိုပြီး စဉ်းစားတာထက် ကိုယ့်ကိုယ်ကိုနဲ့ သေခြင်းတရားကို ဆက်စပ်တွေးကြတာများပါတယ်.. ဒါပေမဲ့ အဆုံးစီရင်ချင်တဲ့စိတ်တော့ မရှိကြပါဘူးတဲ့..

Taurus (April 20 – May 20)

Stalker တွေပါတဲ့.. Facebook က page တစ်ခုခုပဲဖြစ်ဖြစ်၊ instagram မှာပဲဖြစ်ဖြစ် တစ်ခုခု စိတ်ဝင်စားစရာတွေ့ပြီဆိုရင် ဟိုးအရင့်အရင်ပို့စ်တွေအထိပါ ရေဆုံးမြေဆုံးလိုက်ရှာတတ်ပါတယ်.. အထူးသဖြင့် ခရပ်ရှ်လေးတွေ အကောင့် နဲ့ ရည်းစားဟောင်းတွေ အကောင့်မျိုးပေါ့.. ဒါမှမဟုတ် လုံးဝသူစိမ်းတစ်ယောက်ရဲ့ အကောင့်ကိုလည်း လျှောက်မွှေတတ်တာမျိုး ဖြစ်နိုင်ပါသေးတယ်.. ဒီရာသီခွင်ဖွားတွေဟာ သစ္စာတရားကို တအားတန်ဖိုးထားကြတာကြောင့် ကိုယ့်နောက်ကွယ်မှာ သူတို့ဘာလုပ်သလဲဆိုတာကို မျက်ခြေမပြတ်စောင့်ကြည့်ချင်တာလည်း ပါပါတယ်.. သစ္စာဖောက်ခံရတာကို သိပ်မုန်းတဲ့လူမျိုးတွေပါ..

Related Article >>> ရာသီခွင်အရ မိန်းမကို အချစ်တတ်ဆုံးယောကျာ်းများ

Gemini (May 21 – June 20)

ယုံလွယ်အောင် မုသာဝါဒအပြောကျွမ်းတယ်လို့ ပြောကြတယ်.. မုသားမပါလင်္ကာမချောဆိုပေမဲ့ တစ်ခါတစ်လေကျ ပျင်းလို့ လိမ်ပြောကြပါသတဲ့.. ဒါပေမဲ့ သူလိမ်လိုက်တဲ့အကြောင်းအရာကို လူတွေယုံအောင် သိမ်းသွင်းနိုင်စွမ်းရှိပါတယ်.. ကြီးကြီးမားမား မဟုတ်တဲ့ကိစ္စလေးတွေကို ဇာတ်လမ်းထွင်ပြီး ပြောတတ်ကြပြီး အဲ့လိုနည်းနဲ့ပဲ အပေါင်းအသင်းဝင်ဆံ့ဖို့ ကြိုးစားတတ်ကြတယ်.. တစ်ခါတစ်ခါကျတော့လည်း ကိုယ်ဒီလိုလိမ်လိုက်ရင် သူယုံသွားမလားဆိုပြီး စမ်းကြည့်ကြတာလည်း ရှိပါတယ်..

Cancer (June 21 – July 22)

စိတ်ခံစားမှုပြင်းထန်လွန်းသူတွေပါ.. ချစ်သူရှိပြီဆိုရင် အဲ့တစ်ယောက်ကိုပဲ ဘဝတစ်ခုလုံးလို့ ထင်မှတ်ပြီး ချစ်တတ်ကြသလို သစ္စာဖောက်ခံရပြီဆိုရင်တော့ အမုန်းကြီးမုန်းပြီး ကိုယ်ခံစားရတာထက် တစ်ဖက်သူကို ပိုပြီးခံစားရအောင် နည်းမျိုးစုံနဲ့ လုပ်ပြတတ်ပါတယ်.. အဲ့နေရာမှာ အတိုင်းအတာမရှိပါဘူး.. ကိုယ် တတ်နိုင်သလောက် တတ်နိုင်တဲ့နေရာကနေ သစ္စာဖောက်သွားတဲ့ချစ်သူကို အလူးအလဲခံစားရအောင် ထိုးနှက်မဲ့သူတွေပါတဲ့..။

Leo (July 23 – August 22)

သူများတွေရဲ့ အရေးပေးမှုကို အရမ်းလိုချင်ပါတယ်.. အဲ့ဒါကြောင့် မကြာခဏဆိုသလို ကိုယ့်နာရေးအသုဘအကြောင်းကို ပုံဖော်လေ့ရှိကြပါတယ်.. ဘာလို့လဲဆိုတော့ အသုဘနာရေးဆိုတာက ကိုယ့်ကို အရေးပေးပြီးလုပ်တဲ့အရာတစ်ခုလို့ ယူဆလို့ပါ.. ဘယ်သူအရင်ဆုံး ကိုယ့်ကို သတင်းမေးလာမလဲ.. ဘယ်သူက ဝမ်းနည်းအပူဆွေးဆုံးဖြစ်မလဲ.. ဘယ်သူက အကျယ်ဆုံး ငိုမလဲ.. အဲ့လိုမျိုး စိတ်ကူးတတ်ကြပါတယ်.. အသုဘမှာ ဘယ်သူကတော့ ဘယ်လိုစကားပြောလိမ့်မယ်.. ဘယ်သူကတော့ ကိုယ် လောကမှာမရှိတော့ဘူးဆိုပြီး ယူကြုံးမရဖြစ်လိမ့်မယ်.. အဲ့လို အသေးစိတ်အချက်တွေကိုပါ ထည့်တွေးလေ့ရှိကြပါတယ်တဲ့..

Virgo (August 23 – September 22)

အဟမ်း.. နေ့ဘက်မှာဆိုရင်တော့ အပြစ်ကင်းပေမဲ့ ညဘက်မှာဆိုရင်တော့ မဟုတ်တာတွေ လျှောက်စဉ်းစားတတ်တယ်တဲ့..။ အဲ့လိုစဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကို ရှက်ပြီး အဲ့အကျင့်ဖျောက်ဖို့ကြိုးစားပေမဲ့ ဖျောက်မရပါဘူးတဲ့နော်..

Libra (September 23 – October 22)

လူမဆန်ဆုံးလုပ်ရပ်တွေကို တအားစိတ်ဝင်စားပါသတဲ့..။ ကွင်းဆက်လူသတ်မှုလိုမျိုး အမှုအခင်းတွေကို အမြဲရှာဖွေဖတ်နေတတ်ပြီး ကြောက်စရာကောင်းတာတွေကိုပဲ စဉ်းစားနေတတ်ပါသတဲ့.. တကယ်တော့ အဲ့ဒါက သူတို့မှာ တရားမျှတလိုစိတ်တအားရှိလို့ပါတဲ့.. ဒါပေမဲ့ တခြားလူအမြင်မှာ စိတ္တဇလူသတ်သမားလို့ ထင်ရလောက်အောင် အမှုအခင်းတွေအကြောင်းကို စိတ်ဝင်စားသူတွေပါ..

Related Article >>> ရာသီခွင်များရဲ့ အချစ်ဒဿနနဲ့ သူတို့ရဲ့ ဘဝလက်တွဲဖော်များ

Scorpio (October 23 – November 21)

အဆိပ်ပြင်းတဲ့ အတွေးပိုင်ရှင်တွေပါတဲ့.. အကောင်ပေါက်သေးသေးလေးတွေကို လက်ထဲမှာ ကိုင်ထားမိရင် ဖျစ်ညှစ်လိုက်ချင်စိတ်တွေ တဖွားဖွား၊ ကလေးလေးတစ်ယောက် မိဘတွေနဲ့အဝေးမှာ တစ်ယောက်တည်းဆော့နေတာမြင်ရင် “ဪ ပြန်ပေးဆွဲလို့လွယ်လိုက်ပုံများ” လို့တွေးမိတာမျိုး.. ဘာရယ်မဟုတ် ကောင်မလေးတစ်ယောက်ကို လမ်းမှာတွေ့ရင် “ငါ သူ့ကို လမ်းမပေါ်တွန်းလိုက်ရင်” ဆိုတဲ့ အတွေးမျိုး ဝင်တတ်ကြပါတယ်.. ဒါပေမဲ့ ဘယ်တော့မှတော့ အတွေးတွေကို အကောင်အထည်မဖော်တတ်ပါဘူး..

Sagittarius (November 22 – December 21)

ဒီရာသီခွင်ဖွားတွေကတော့ ခံစားမှုမရှိသူတွေပါတဲ့.. စိတ်ခံစားမှုတွေဖြစ်လာရင် သက်တောင့်သက်သာမရှိဘူးလို့ ခံစားရတာကြောင့် တအားကြီး သံယောဇဉ်မတွယ်အောင်နေတာမျိုး ဖြစ်တတ်ပါတယ်.. သွေးအေးတယ်ပဲဆိုမလား.. သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆုံးသွားတယ်ဆိုပါတော့.. အဲ့သူငယ်ချင်းကို ကိုယ်က အကြောင်းကြားပေးရမယ်ဆိုရင် သူတို့ဘယ်လိုခံစားရမလဲမတွက်ပဲ “နင့်အဖေ ဆုံးသွားပြီ” လို့ ခပ်ပြတ်ပြတ်ပြောပစ်လိုက်တာမျိုးပါ.. သူတို့ ပူဆွေးနေတာကိုလည်း နားမလည်ပေးနိုင်ပါဘူးတဲ့.. ရင်ထဲမှာ ဗလာသပ်သပ်ပါပဲ..။

Carpricorn (December 22 – January 19)

မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရဲ့ သေဆုံးမှုတွေကို စိတ်ကူးတတ်ကြတယ်.. အဓိကကတော့ ရိုးရိုးစိတ်ကူးတာမဟုတ်ပဲ ကိုယ်က သူတို့ကို ဘယ်လိုသတ်ပြီး လွတ်အောင်ပြေးမလဲ ဆိုတာကို စိတ်ဝင်စားကြတာပါ.. ဒါပေမဲ့ တကယ် အန္တရာယ်မပြုပါဘူး.. ဒီတိုင်းလေးပဲ သူတို့က ဘယ်လောက်ဉာဏ်ကောင်းတာမို့ ဘယ်သူမှမသိပဲ ထွက်ပြေးနိုင်တယ်ဆိုတာက သူတို့ကိုပျော်စေတာပါ..

Aquarius (January 20 – February 18)

ဒီရာသီဖွားတွေကတော့ ရင်းနှီးရတဲ့တစ်ယောက်ယောက် သေဆုံးသွားရင် တခြားသူတွေကို ကိုယ် ဘာပြောမလဲဆိုတာ တွေးနေတတ်ပါတယ်.. အမြဲ အတွေးနွံနစ်နေတတ်ပါတယ်.. တကယ်တော့ သူတို့ အဲ့လိုတွေးတာက သေစေလိုတဲ့ဆန္ဒကြောင့် မဟုတ်ပဲနဲ့ တစ်နေ့နေ့အဲ့လိုဖြစ်ခဲ့ရင် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်အောင်လို့ ကြိုတင်ပြီး ဖြည်းဖြည်းချင်း ပြင်ဆင်နေတဲ့သဘောပါ..

Related Article >>> ၂၀၁၇ မှာ ရာသီဖွားတို့ ကံကြမ္မာ

Pisces (February 19 – March 20)

ကိုယ်ထိခိုက်နာကျင်မှာကို ကြောက်ပေမဲ့ ဟီးရိုးလုပ်ချင်ကြသူတွေပါတဲ့.. အကယ်၍များ ကိုယ့်ကျောင်း၊ အလုပ်နေရာကို ဓားပြဝင်တိုက်ခဲ့ရင်၊ လူသတ်သမားနဲ့ ထိပ်တိုက်တိုးရင်၊ အဲ့လိုမျိုး စဉ်းစားပြီး ကိုယ်က ဘယ်လို သူများတွေကို ကယ်တင်ပေးမဲ့အကြောင်း စိတ်ကူးယဉ်လေ့ရှိပါတယ်.. ဒါပေမဲ့ ပါးစပ်ကတော့ ဘယ်တော့မှ ထုတ်မပြောပါဘူးတဲ့လေ..။

ကဲ… ယောင်းတို့ရဲ့ အတွေးလေးတွေနဲ့ ယောင်းတို့ရာသီနဲ့ ကိုက်လားမကိုက်လား ပြောပြခဲ့ဦးနော်.. 😉

Su Myat ( For Her Myanmar )

No Comments Yet

Comments are closed