ဇာတ်သိမ်းမကောင်းခဲ့သော ဇာတ်လမ်းတစ်ပုဒ် (၉)

“မိုးအောင်… နင် ငါနဲ့လာအိပ်ပါလား။”

“မိုးအောင်… ငါ့ကို ထပ်ထည့်ပေးဦး။”

“နင်မူးနေပြီ ကဗျာ။ တော်လိုက်တော့နော်။”

“ငါဘာပြောထားလဲမိုးအောင်။ ဒီည ငါအမှောက်သောက်မယ်။ နင်မတားပါနဲ့ ဆိုတာကို ဘာလို့ ဝင်ရှည်နေရတာလဲ။”

“မဟုတ်ပါဘူးဟာ… နင် အမူးလွန်သွားရင် မနက်ကျ ခေါင်းကိုက်နေလိမ့်မယ်။ ရုံးတက်ရမှာ မဟုတ်ဘူးလား။”

“မတက်ဘူးဟာ။ ငါ ခွင့်ယူထားတယ်။ အဲဒါဆို ဆက်သောက်လို့ရပြီမလား။”

“နင်ကတော့ဟာ တကယ်ပြောမရတော့လည်း သောက်ဟာ။”

“ဟဲဟဲ ငါ့တပည့်ကြီးက ဒီလိုလိမ္မာရမှာပေါ့။”

“အောင်မယ်… ငါ့ကိုများ တပည့်ကြီးလေး ဘာလေးနဲ့ သေချင်လို့။”

“ဟားဟားဟား မိုးအောင် နင်ငါ့ကို နာအောင် မလုပ်ရက်ပါဘူးဟာ။ ငါ့ကို နင် ဘယ်လောက်ချစ်တယ် ဆိုတာ ငါအသိဆုံးပဲဟာ မိုးအောင်ရယ်။”

ကဗျာ့အသံမှာ ပြောနေရင်းနဲ့ တိမ်ဝင်သွားသည်။

“နင် သိတယ်ဆိုရင်လည်း ငါ့စကားနားထောင်လေဟာနော်။ ဒီတစ်ခွက်ပြီးရင် ထပ်မသောက်နဲ့တော့နော်။”

“အေးပါဟာ။ နင်မသောက်စေချင်ရင် ငါ မသောက်တော့ပါဘူး။”

ခွက်ထဲက လက်ကျန်ကို ကဗျာက တရှိန်ထိုး မော့ချလိုက်သည်။

“ကုန်သွားပြီနော် မိုးအောင်။ ငါတော်လိုက်တော့မယ်။”

“အေး နင်က ဒီလိုကျတော့လည်း လိမ္မာသား။”

“အောင်မယ်… သေချင်လို့။ ငါအိပ်တော့မယ်ဟာ။ နင် ပန်းကန်တွေသိမ်းလိုက်ဦး။”

“အေး အေး အိပ်တော့လေ။ ငါ ပန်းကန်တွေသိမ်းပြီးမှ ခြင်ထောင်လာချပေးမယ်။ အခုတော့ ဒီတိုင်းပဲ အိပ်နှင့်။ စောင်တော့ခြုံထား။”

“အေးပါ။ ငါ့ကိုစိတ်ချစမ်းပါ။ နင်သာ သေချာသိမ်း။”

ကဗျာမှ အမိန့်တွေပေးရင်း ထိုင်ခုံမှတစ်ဆင့် ခုတင်ပေါ်သို့ ခုန်တက်သွားသည်။ ကဗျာ ခုတင်ပေါ် တက်သွားတော့ သူလည်း သိမ်းစရာရှိသည်များကို သိမ်းရသည်။ ဆေးစရာရှိသည်များကို ဆေးရသည်။ မနက်မှ ထမလုပ်ချင်။ နောက်ပြီး မနက်အစောပိုင်းမှာ စာသင်ချိန်တစ်ချိန်ရှိနေသေးသည်။ ထို့ကြောင့် ညတည်းက တစ်ခါတည်း သန့်ရှင်းစရာရှိသည်များ သန့်ရှင်းရမည်။ အားလုံးပြီးသွားတော့ အခန်းထဲပြန်ဝင်ကာ ကဗျာ့ကို ခြင်ထောင်ထောင်ပေးဖို့ ခုတင်ပေါ်တက်လိုက်သည်။

ခုတင်ပေါ်တက်လိုက်သည့် သူ့အသံကြောင့် ကဗျာအနည်းငယ် နိုးသွားသည်ထင်သည်။ လူးလှိမ့်သံကို နားမထောင်ပါဘဲ ကြားလိုက်ရသည်။

“မိုးအောင်… နင် ငါနဲ့လာအိပ်ပါလား။”

Related Article >>> ဇာတ်သိမ်းမကောင်းခဲ့သော ဇာတ်လမ်းတစ်ပုဒ် (၈)

ကြားလိုက်ရသော ကဗျာ့စကားကြောင့် သူ့နားပင်မယုံနိုင်အောင်ဖြစ်သွားရသည်။ ကဗျာ့ကို လှည့်ကြည့်တော့ မျက်လုံးအဝိုင်းသားနဲ့ သူ့ကို ရယ်ရင်းကြည့်နေသည်။

“နင် ဘာပြောလိုက်တယ် ကဗျာ။”

“ငါ့ဘေးမှာ လာအိပ်ပါလားလို့။ ငါတစ်ယောက်တည်း မအိပ်ရဲလို့။”

“ဖြစ်… ဖြစ်ပါ့မလားဟ။”

“ဘာလို့မဖြစ်ရမှာလဲ။ နင်က ဘာကိုကြောက်နေတာလဲ။”

“ဘာမှတော့ မကြောက်ပါဘူး။ ဒါပေမဲ့ တစ်ခုခုဖြစ်မှာ…”

“အမယ်လေး မိုးအောင်ရယ် နင်တော်တော်ရယ်ရတဲ့ကောင်ပဲ။ ယောက်ျားလေးနှင့် မိန်းကလေး နှစ်ယောက်အတူ တစ်ခုတင်ထဲမှာ ဒီတိုင်းအိပ်ရုံနဲ့ ဘာမှဖြစ်သွားတာမှ မဟုတ်တာဟ။ ကြံကြံဖန်ဖန်တွေ လျှောက်တွေးပြီး စိုးရိမ်မနေစမ်းပါနဲ့။”

“ငါက နင့်ကို အားနာလို့။”

“အားနာမနေနဲ့ဟာ။ အခု ငါက အရင်ဆုံး နင့်ကို တောင်းဆိုတာ ဟုတ်ပြီလား ကိုယ်တော်။”

ဒီလိုနဲ့ ခြင်ထောင်ထောင်ပြီးချိန်မှာတော့ ကဗျာ့ဘေးကို သူရောက်သွားသည်။

“ခေါင်းခဏကြွပေးဦး။”

“ဘာလုပ်မလို့လဲ။”

“ငါ့လက်မောင်းပေါ် ခေါင်းအုံးပြီးအိပ်။”

“တစ်ညလုံးဖြစ်ပါ့မလားဟ။ မနက်ကျ နင် လက်နာနေဦးမယ်။ စာသင်ရဦးမှာမလား။”

“ရပါတယ်ဟာ ဘာမှမဖြစ်ပါဘူး။ ဒီလောက်တော့ အေးဆေးပါ။”

“ဒါပဲနော်။ မနက် နင့်လက်နာနေရင် ငါ့အပြစ်မဟုတ်ဘူးနော်။”

“အေးပါ ကဗျာရယ်၊ အိပ်မယ့် အရေးသာ အိပ်ပါ။ မနက်အစောပိုင်း ငါစာသင်ရဦးမှာဟ။”

“အေး အေး။ ငါလည်း အိပ်ချင်နေပြီ။”

ဒီလိုနဲ့ ကဗျာ တစ်ယောက် သူ့လက်မောင်းပေါ် ခေါင်းအုံးရင်း နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။ ကဗျာအိပ်သွားတော့ ကဗျာ့ခါးကို သူဖက်လိုက်ပြီး သူ့ဘက်နားကပ်စေရန် ဆွဲခေါ်လိုက်သည်။ ကဗျာကလည်း အလိုက်သင့်ပင် ပါလာပြီး သူ့ကို ပြန်ဖက်သည်။ ကဗျာ့ မျက်လုံးလေးများ ပြန်ပွင့်လာပြီး သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက်…

ထို့နောက်တွင်တော့ ကဗျာ့နှုတ်ခမ်းဖူးလေးကို ဘာမှမပြောတော့ဘဲ နမ်းလိုက်သည်။ ကဗျာသည် မရုန်းပါ။ သူ့အနမ်းများကို ပြန်လည်ကာတုံ့ပြန်ရင်း တဖြည်းဖြည်းနှင့် ကြီးစိုးလာသော အမှောင်ထုအောက်တွင် ဘာသားနှင့်မှ ထုထားသည်မဟုတ်သော ပုထုဇဉ်လောကီလူသား ၂ ယောက်သည် ချစ်ခြင်းမေတ္တာကို အရင်းခံ၍ ဖြစ်တည်လာသော တဏှာရာဂစိတ်နှင့် စိတ်၏စေရာနောက်ကို လိုက်သွားဖြစ်ကြတော့သည်။

တစ်ညလုံး မအိပ်ဖြစ်ကြတော့ဘဲ မနက် ၃ နာရီထိုးကာနီးမှ နှစ်ယောက်သား အိပ်ပျော်ကြသည်။ alarm ပေးထားသော နာရီသည် ၆ နာရီအတိတွင် တာဝန်ကျေပြွန်စွာ ထမြည်တော့ မထချင်ဘဲ အိပ်ရာမှ သူထလိုက်ရသည်။ လက်မောင်းကို ခေါင်းအုံးရာမှ သူ့ရင်ခွင်ထဲသို့ ရောက်နေပြီဖြစ်သော ကဗျာ့နဖူးလေးကို သူ ဖွဖွလေး နမ်းလိုက်သည်။

“နိုးပြီလား မိုးအောင်။”

“အင်း။ ငါစာသွားသင်ရဦးမယ်။ နင် အိပ်ချင် ဆက်အိပ်လေ။ ပြန်လာမှ နင့်အတွက် တစ်ခုခုဝယ်လာခဲ့မယ်။ ဘာစားချင်လဲ။”

“နင်တို့ လမ်းထဲ ပဲပြုတ်လာတယ်မလား။ ငါ ထမင်းကြော် ထားလိုက်မယ်လေ။”

“အင်း အဲဒါလည်းကောင်းတာပဲ။ ပဲပြုတ်က ၇ နာရီကျော်လောက်မှ လာတာဟ။ နင် မနိုးရင် ငါ့ကို ဖုန်းဆက်လိုက်လေနော်။ ငါက ၉ နာရီလောက်ဆို စာသင်တာပြီးပြီ။”

“အေးပါ။ ငါ အဲဒီလောက် မအိပ်ပါဘူးဟ။”

“အခုတော့ ဆက်အိပ်လိုက်ဦးဟာ။ အစောကြီးရှိသေးတယ်။ ငါသွားရင်တော့ သော့ထပိတ်ပေးဦး။”

“အေး အေး။ နင်ရေချိုးပြီးမှ သွားနော်။”

“အေးပါ။ ငါအခုရေသွားချိုးတော့မလို့။”

“သြော်… ပြီးရော ပြီးရော။ မြန်မြန်ချိုးဦးနော် မိုးအောင်။”

“ဟုတ်ကဲ့ပါဗျာ။”

ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ကုတင်ပေါ်မှာ သူဝတ်ဖို့ အင်္ကျီနှင့် ပုဆိုးကို အဆင်သင့် တွေ့လိုက်ရသည်။

“ကဗျာ… ဒါက ဘာအတွက်လဲဟင်။”

“နင် ဝတ်ဖို့ ငါထုတ်ပေးထားတာ ဘယ်လိုလဲ အဆင်ပြေရဲ့လား။”

“အရမ်းအဆင်ပြေတာပေါ့ဟ။ နင်က အရမ်းလိမ္မာပြီး အရမ်းချစ်ဖို့ကောင်းတာပဲ။”

“အဲ့ဒါကို အခုမှသိလား။”

“မဟုတ်ပါဘူး။ သိတာကြာပါပြီ။”

“အပိုတွေ။ မြန်မြန်အဝတ်လဲပြီး စာသွားသင်တော့။ ငါလည်းအိပ်ချင်ပြီ။”

“အေး အေးအခု အဝတ်လဲတော့မယ်။ ငါ့ကို ချောင်းမကြည့်နဲ့နော်။”

“ကောင်စုတ်… နင်ကပဲပြောရတယ်ရှိသေး။”

သူ အဝတ်အစားကိုမြန်မြန်လဲလိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် ထိုင်နေသော ကဗျာ့ဆီသွားပြီး နဖူးလေးကို ငုံ့ကာနမ်းလိုက်သည်။

“အရမ်းချစ်တာပဲ ကဗျာ။”

“တော်ပြီ စာသွားသင်တော့။ ဒါပဲ။”

အဲ့ဒီတုန်းက ကဗျာ သူ့အိမ်မှာလာနေသွားတဲ့ ၃ ရက်တာကာလလေးဟာ တကယ့်ကို ပျော်စရာ အမှတ်တရများအပြည့်နဲ့။ အချိန်အားဖြင့်တော့ သုံးရက်တာ ကာလလေးဟာ တကယ့်ကို တိုတိုလေးပါပဲ။ ဒါပေမဲ့ အဲ့ဒီ သုံးရက်ကပဲ သူ့ဘဝမှာ အပျော်ရွှင်ဆုံး နေ့ရက်တွေ ဖြစ်ခဲ့သည်။ သြော်… အဲ့ဒီတုန်းကတော့ နှစ်ဦးလုံး ပျော်လို့ရွှင်လို့…။

Moe (YUFL)

No Comments Yet

Comments are closed