ရှူး … တိုးတိုး …. စကားမ​ပြောရ၊ မုန့်​မစားရ၊ အီးမ​ပေါက်​ရ။

နန္ဒာ​လေးနော်​ .. ထွေလာနဲ့တင် ​ခိုက်​လွန်းလို့ ရုံတောင်​ မတင်​​သေးဘူး .. စိတ်​ကူးနဲ့ကြည့်ပြီးတာ ၄၆ခါရှိပြီ 😀 

ပြီးခဲ့တဲ့ စ​နေတုန်းက နန္ဒာ​လေး အစ်​မတစ်​ဝမ်းကွဲနဲ့အတူ ရုပ်​ရှင်​သွားကြည့်ဖြစ်တယ်​​ပေါ့​နော်​။ ဇာတ်​ကားက​တော့ ထွေလာ ထွက်​တည်းက ​နှစ်​​ယောက်​လုံး သေမလိုကြည့်ချင်​နေခဲ့တဲ့ကား​ .. “A Quiet Place” ။ တကယ်​တမ်းကြည့်ပြီး​တော့လည်း ​မျှော်​လင့်ထားခဲ့သလိုပဲ ဇာတ်​လမ်းပုံစံ​ကော၊ သရုပ်​​ဆောင်​​တွေ​ကော၊ တစ်​ခန်းနဲ့တစ်​ခန်းချိတ်​ဆက် ​ပြီး ပြသွားတာ​တွေ​ကော၊ ​နောက်​ ရုတ်​တရက်​​ခြောက်​လှန့်​တဲ့ အခန်း​တွေ​ကော အားလုံးသ​ဘောကျမိတဲ့ကားမို့ review ​လေး ​ဝေမျှ​ပေးချင်​ပါတယ်​ ​ယောင်းတို့​ရေ။

ထွေလာကြည့်ဖူးတဲ့သူ​တွေဆိုရင်​​တော့ သိမယ်​ .. ဇာတ်​လမ်းအ​ကြောင်းအရာက ကမ္ဘာ​မြေ​ပေါ်ကို ဘယ်​တုန်းက ဘယ်​လို​ရောက်​လာမှန်းမသိတဲ့ အ​ကောင်​ကြီး​တွေရဲ့ရန်​ကလွတ်အောင်​ ရုန်းကန်​ရှင်​သန်​​နေရတဲ့ မိသားစုတစ်​စုအ​ကြောင်းကို ရိုက်​ပြထားတာ​ပေါ့​နော်​။ အဲဒီထူးဆန်းတဲ့ အရုပ်​ဆိုးဆိုး​ကောင်​ကြီး​တွေမှာ ထူးထူးဆန်းဆန်း အသံကို အရမ်းတုံ့ပြန်​နိုင်​တဲ့ အာရုံခံအင်္ဂါမျိုးရှိတာကြောင့် ပစ္စည်းလွတ်​ကျတာလိုမျိုး အသံ​တွေမ​ပြောနဲ့ .. စကား​ပြောရင်​​တောင်​ အရမ်း​ဝေးတဲ့​နေရာက​နေ အာရုံခံပြီး ချက်​ချင်း​ရောက်​လာတတ်​တာမို့ သရုပ်​​ဆောင်​​တွေအကုန်​ လက်​ဟန်​​ခြေဟန်​ (sign language)၊ မျက်​နှာအမူအရာ​တွေနဲ့ပဲ ဇာတ်​ကားအစအဆုံးနီးပါး သရုပ်​​ဆောင်​သွားတာပါ။ ဒါ​ကြောင့်​ ဒီဇာတ်​လမ်းက ကြည့်ဖူးသမျှကား​တွေထဲမှာ စကား​ပြောအနည်းဆုံးပါတဲ့ ကားတစ် ​ကားဖြစ်​မှာပါ (မစ်​စတာဘင်းနဲ့ ချာလီချက်​ပလင်​ကား​တွေမပါ)။ အဲဒီအတွက်​လည်း စာတမ်းထိုး​ပေးထားတာမို့ တစ်​ချို့ အင်္ဂလိပ်​စကားကို တစ်​ခါတည်း နား​ထောင်​ရုံနဲ့ သိပ်​နားမလည်​တဲ့ သူ​တွေအတွက်​လည်း အဆင်​​ပြေသွားတာ​ပေါ့​နော်​။

Related Article >>> ၂၀၀၃ခုနှစ်က တဝါးဝါး ပွဲကျခဲ့ရတဲ့ မိသားစုရုပ်ရှင်များ

လာပါပြီ .. စကားမ​ပြောရ၊ မုန့်​မစားရ၊ အီးမ​ပေါက်​ရဆိုတာ​လေး… နန္ဒာတို့ ညီအစ်​မ​တွေက​တော့ ရုပ်​ရှင်​ကြည့်ရင်​ မုန့်​ကိုအနည်းဆုံး​လေးငါးမျိုး ဝယ်​ပြီး​တော့မှ ရိက္ခာအပြည့်​အစုံနဲ့ စားလိုက်​ဝါးလိုက်​ ရုပ်​ရှင်​​လေးကြည့်​လိုက်လုပ်​တတ်​တဲ့သူ​တွေပါ။ ဒီတစ်​​ခေါက်​ “A Quiet Place” ကိုလည်း ခါတိုင်းရုပ်​ရှင်​​တွေကြည့်နေကျအတိုင်း အာလူး​ကြော်​​တွေ၊ ​ရေညှိ​တွေ၊ အချဉ်​ထုပ်​​တွေဝယ်​ပြီး သွားကြည့်​တာ​ပေါ့​နော်​။ ရုပ်​ရှင်​လည်း​စ​ကော ခါတိုင်းလိုပဲ မုန့်​​တွေထုတ်​စားကြတာ ..

အဲ့ဒီမှာ ဇာတ်​လမ်းကလည်း ဘာသံမှမထွက်​ (အသံရှူသံ​လောက်​​လေးပဲကြားရ) တစ်​ရုံလုံးကလည်း တိတ်​ဆိတ်​​နေတာဆို​တော့ ကိုယ်​​တွေတစ်​​နေရာတည်းကွက်ပြီး “ဂျွတ်​ ဂျွတ်​ ဂျွတ် ဂျွတ်​” အသံ​တွေမြည်​​နေတာရယ်​။ အာနဲ့ မုန့်​ထုပ်​​လေးအသာပြန်​ထည့်ပြီး အ​အေး​လေး ထုတ်​​သောက်​​တော့လည်း ပိုက်​က​နေ အ​အေးစုပ်​လိုက်​တဲ့ ​ရှောခနဲ စွပ်​ခနဲအသံ​တွေပါကြား​နေရပြန်​ရော။ အဲ့​တော့ ​ယောင်းတို့ထဲမှာ A Quiet Place သွားကြည့်မယ့်သူ​တွေများရှိကြရင်​ ​ယောင်​လို့​တောင်​ မုန့်​​တွေသယ်​မသွားကြပါနဲ့လို့ ။ ​မဟုတ်​ရင်​ တစ်​ရုံလုံး ငြိမ်​သက်​တိတ်​ဆိတ်​​နေတဲ့ အ​နေအထားမှာ ကိုယ့်တစ်​​နေရာတည်းကွက်​ပြီး အသံ​တွေထွက်​​နေရင်​ သူများ​တွေအတွက်​ အ​နှောင့်အယှက် ​ဖြစ်​နိုင်​တာမို့ပါ​နော်​။ (နောက်​ဆုံး ရုပ်​ရှင်​ကြည့်ရင်း တစ်​ခုခုမစားရရင်​ မ​နေနိုင်​တဲ့ ကိုယ်​​တွေမှာ ငုံး​ဥ​လေး​တွေပဲ အသာကြိတ်​ခဲ့ရပါ​ကြောင်း)

ပွင့်ပွင့်လင်းလင်း​ပြောရရင်​ ဒီကားက Jump scare (ရုတ်​တရက်​ ခုန်​ဝင်​လာတဲ့ ​ခြောက်​လှန့်​မှု)​ တွေများပါတယ်​။ A Quiet Place ဆိုတဲ့အတိုင်း လုံးဝတိတ်​ဆိတ်​​နေရာက​နေ ဝုန်းခနဲဒိုင်းခနဲ အသံကြီး​တွေထွက်​လာပြီး ​ခြောက်​တဲ့ sound scare (အသံနဲ့​ခြောက်​တာ) ​တွေက​တော့ ပိုများတာ​ပေါ့​နော်​။ (ဘာပဲဖြစ်​ဖြစ်​ အ​ခြောက်​ခံရတာ တန်​တယ်​လို့​တော့ ​ပြောလို့ရပါတယ်​)

Spoiler ​တွေချသလိုဖြစ်​မှာစိုးလို့ ဇာတ်​လမ်းအ​သေးစိတ်​​တော့ နန္ဒာမ​ပြောပြ​တော့ဘူး​နော်​။ ကိုယ်​တိုင်​သွားကြည့်ပြီးမှ ဆုံးဖြတ်​ကြပါ .. တကယ်​ပဲ အချိန်​​ရော​ငွေ​ရောအကုန်​ခံပြီး ကြည့်​ဖို့တန်​ရဲ့လားဆိုတာ။

နန္ဒာ့အမြင်​မှာ​တော့ ဒီဇာတ်​ကား​က Horror Movie တစ်​ခုဆိုတာထက်​ပိုပါတယ်​။ အသည်းတယားယားနဲ့ ကြည့်ရမယ့်အပြင်​ တ​ချို့အခန်း​တွေမှာဆို ကိုယ်​ပါ ဇာတ်​​ကောင်​​တွေနဲ့ ​ရော​ယောင်​ပြီး အသက်​​တောင်​​ကောင်း​ကောင်း မရှူရဲတာရှိတယ်​၊ တစ်​ချို့အခန်း​လေး​တွေမှာ အားမလိုအားမရဖြစ်​ပြီး ​ဒေါသထွက်​ရတာ​လေး​တွေလည်း ရှိမယ်​၊ တစ်​ချို့အခန်း​လေး​တွေမှာ စိတ်​မ​ကောင်းဖြစ်​ရမယ်​၊ မျက်​ရည်​ဝဲရမယ်​​ပေါ့​နော်​။ အားအရဆုံးအပိုင်းက​တော့ ​နောက်​ဆုံး အဲ့အ​ကောင်​ကြီး​တွေရဲ့ အားနည်းချက်​ကို သိသွားကြပြီး ပြန်​တိုက်​ခိုက်​ကြတဲ့အပိုင်းပါ။ နန္ဒာ​ပြောဖို့ ​မေ့ခဲ့တာ .. အဲ့အ​ကောင်​ကြီး​တွေက နား​တော်​​တော်​ပါး​ပေမဲ့ အမြင်​အာရုံနဲ့ အနံ့ခံအာရုံ​တော့ ချို့ယွင်း​နေကြတယ်​ (အာ့​တွေပါ အ​ကောင်းအတိုင်းရှိရင်​လည်း လူသား​တွေမျိုးတုံးဖို့ပဲရှိ​တော့တယ်​)။ အားသာချက်​က​တော့ နားပါးတယ်​၊ အရမ်းမြန်​တယ်​၊ အ​ကောင်​ကြီးသလို အင်​အားလည်းကြီးတယ်​​ပေါ့​နော် ​။

နန္ဒာအကြိုက်​ဆုံးအခန်းက​တော့ က​လေး​မွေးတဲ့အခန်းပါ။ မင်းသမီးကိုကြည့်​​နေရင်း ကိုယ်​ပါ ရူးမလိုဖြစ်​​နေတာ။ တိတ်​ဆိတ်​​နေရာက​နေ ရုတ်​တရက်​ ရုတ်​တရက်​ အသံအကျယ်​ကြီး​တွေ ထွက်​ထွက်​လာတတ်​​တော့ ကိုယ့်မှာ ရုပ်​ရှင်​ကြည့်သာ ကြည့်နေရတယ်​။ စိတ်​ကမ​ဖြောင့်ဘူး။ နားကို နည်းနည်းဖွဖွ​လေး အုပ်​ထားတာ။ နို့မို့ရင်​တုန်​တုန်​သွားတာ လူပါထိုင်​ခုံ​ပေါ်က ကြွကြွသွားလို့ရယ်​။ ​(ကိုယ့်နောက်​မှာ ထိုင်​​နေတဲ့သူကို​တော့ အားနာမိ)

ခြုံငုံပြီး​ပြောရရင်​ A Quiet Place ကို နန္ဒာအရမ်းကြိုက်​ပါတယ်​ (ကြိုက်​လွန်းလို့ ရုံမှာ သုံးခါသွားကြည့်ခဲ့ရတဲ့ Train To Busan ​လောက်​မဟုတ်​​ပေမယ့်လို့) ။ ပြီး​တော့ အဲ့ကားထဲက အလတ်​​ကောင်​​လေးကို Wonder မှာတည်းက အရမ်းချစ်​တာဆို​တော့ “​ပျော်​ပြီ​လေ” ​ပေါ့​နော်​။ ဘာပဲဖြစ်​ဖြစ်​ ​ကြည့်ရတာအရမ်းတန်​တယ်​၊ မိုက်​တယ်​လို့ ခံစားမိတဲ့ကား​လေးမို့ ရုံမချ​သေးခင်​ ​ယောင်းတို့ရဲ့ ခိုခို​ဒွေ၊ ​မှောင်​​မှောင်​​လေး​တွေနဲ့ သွားကြည့်ဖြစ်​​အောင်​ကြည့်ကြဖို့ တိုက်​တွန်း​လိုက်​ပါတယ်​လို့ စ်​။ (မသိဘူး .. ကိုယ့်​​ဘေးကအတွဲက​တော့ အ​သေရို​နေကြတာပဲ .. ​ကောင်​မ​လေးက​ကြောက်​လို့ ​ကောင်​​လေးက ဖက်​ထား​ပေး .. အဟိဟိ) ကဲ .. ​တော်​​သေးပြီ​နော်​။

Nandar ( For Her Myanmar )

No Comments Yet

Comments are closed