Movie Reviews

ဆရာကောင်းတွေရဲ့ အရည်အချင်းကို မြင်သာစေတဲ့ ရုပ်ရှင်ကား (၂)ကား

ဆရာဆိုတာ.. ဒီလိုပါ…

မနက်ဖြန် အောက်တိုဘာလ၊ ငါးရက် ၂၀၁၈က အပြည်ပြည်ဆိုင်ရာ ဆရာများနေ့ပါတဲ့ယောင်းရေ။ ဒီလိုနေ့လေးကိုမရောက်ခင် အက်ဒ်မင်က ယောင်းတို့ကို ဆရာများနေ့အမှတ်တရအနေနဲ့ ဆရာကောင်းတွေဟာ တပည့်တွေအပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင်တယ်ဆိုတာ မြင်သာစေမယ့် ရုပ်ရှင်ကားလေး (၂)ကားကို ညွှန်းပေးချင်ပါတယ်။ အဲဒီရုပ်ရှင်တွေကတော့ အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Hichki ဆိုတဲ့ရုပ်ရှင်နဲ့ ဂျပန် ရုပ်ရှင်ကားလေးဖြစ်တဲ့ Flying Colors ဆိုတဲ့ ရုပ်ရှင်တွေပဲဖြစ်ပါတယ်။

ပထမ ရုပ်ရှင်ဖြစ်တဲ့ Hichki ရုပ်ရှင်ကတော့ ဒီနှစ် ၂၀၁၈ မှာပဲထွက်ရှိခဲ့ပြီး အိန္ဒိယရဲ့ နာမည်ကျော်မင်းသမီး ရာနီး မူကာဂျီး က ခေါင်းဆောင်ကာ ကလေးသရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာတော့ မွေးရာပါရောဂါတစ်ခု ခံစားနေရသူ၊ ကျောင်းဆရာမဖြစ်ချင်လွန်းသူ Naina ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့အစပြုထားပါတယ်။ သူ့ရောဂါက အကြောဆွဲတဲ့ရောဂါလို့ အလွယ်ပြောလို့ရပြီး ဆေးပညာအခေါ်အရ Tourette syndrome လို့ခေါ်တဲ့ဝေဒနာကို ခံစားနေရသူပါ။ သူဟာ စကားကိုဖြောင့်တန်းအောင်ပြောလို့မရဘဲ အကြောဆွဲကာ ပါးစပ်ကနေ ထူးဆန်းတဲ့အသံတွေ ထွက်လာတတ်သူပါ။ ဒီအားနည်းချက်ရှိပေမဲ့ သူကတော့ တစ်နေ့မှာ ဆရာမတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကိုမလျှော့ဘဲ အလုပ်အင်တာဗျူးပေါင်းစုံဖြေနေပါတယ်။

ခက်တာက သူ့အရည်အချင်းကိုသဘောကျပေမဲ့ အကြောဆွဲရောဂါကြောင့် သူ့ကိုအလုပ်မခန့်ကြပါဘူး။ တစ်ရက်တော့ သူ့အတွက် အခွင့်အရေးတစ်ခုပေါ်လာပါတယ်။  နာမည်ကြီးကျောင်းတစ်ခုက သူ့ကိုအလုပ်ခန့်ကြောင်း အကြောင်းကြားလာပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။ ကျောင်းဝန်းကျင်က ဆင်းရဲသားကလေးတွေကို အခြေအနေတစ်ခုကြောင့် နာမည်ကြီးကျောင်းက လက်ခံသင်ကြားပေးနေရပါတယ်။ အဲဒီဆင်းရဲသားကလေးတွေဟာ ဘယ်ဆရာမှ သူတို့အခန်းကိုမသင်ချင်တဲ့ ဆရာမနိုင်နှစ်ဆောင်ပြိုင်လေးတွေပေါ့။ ဒီကလေးတွေကို ကျောင်းထုတ်လို့လည်း မရတဲ့အခါ ကျောင်းအုပ်ကြီးက Naina ကို အခွင့်အရေးပေးတဲ့အနေနဲ့ အလုပ်ခန့်ပြီး စာသင်စေတာပါ။

တကယ်လို့သာ Naina တစ်ယောက် ဒီကလေးတွေကို ပဲ့ပြင်ထိန်းကျောင်းပေးပြီး အောင်မြင်စွာသင်ကြားပေးနိုင်ခဲ့မယ့်ဆိုရင် ကလေးတွေလည်း အကျိုးရှိ၊ Naina လည်း ဆရာမဖြစ်ဖို့သေချာသွားပြီ လို့ဆိုနိုင်ပါတယ်။ ဒီတော့ Naina တစ်ယောက် ရလာတဲ့အခွင့်အရေးကို ဘယ်လိုဆုပ်ကိုင်ပြီး ဆရာမနိုင် နှစ်ဆောင်ပြိုင်လေးတွေကို ဘယ်လို ပညာသားပါပါ ပဲ့ပြင်ဆုံးမပေးမယ်ဆိုတာကို ခံစားကြည့်လိုက်ပါလို့။

Related Article >>> ချစ်ခြင်းမေတ္တာနဲ့ လူသားချင်းစာနာမှုအတွက်ဆို ဒီရုပ်ရှင်(၂)ကားကို ကြည့်ကြည့်ပါ။

နောက်ထပ် ရုပ်ရှင်ကတော့ ဂျပန်ရုပ်ရှင်ဖြစ်တဲ့ Flying Color ဆိုတဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကတော့ Sayaka Kudo ဆိုတဲ့ ဂျပန်ကျောင်းသူလေးတစ်ယောက်ကို အခြေခံဇာတ်အိမ်တည်ထားပါတယ်။ Sayaka ဟာ စာကလွဲရင်အကုန်စိတ်ဝင်စားတယ်ဆိုတဲ့ ကျောင်းသူမျိုးဖြစ်ပြီး ကျောင်းစာတွေထက် အလှအပ၊ ဖက်ရှင်တွေနဲ့ပဲ အချိန်ကုန်နေသူပါ။

ဒီလိုနဲ့ Sayaka တစ်ယောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဖို့ အချိန်နီးကပ်လာချိန်မှာ အရင်လို အချိန်ဖြုန်းမနေစေဖို့ သူ့မိခင်ဟာ Sayaka ကို ကျောင်းတစ်ကျောင်းမှာ အပ်နှံပြီး စာသင်ကြားစေပါတယ်။ အဲဒီအခါ Sayaka တစ်ယောက်ကို သူ့ရဲ့ဆရာသစ် Tsubota Yushitaka က တခြားဆရာတွေနဲ့ မတူစွာ ဘယ်လိုကွဲပြားခြားနားစွာ ဆက်ဆံပြီး ပျိုးထောင်ပဲ့ကိုင်ပုံသွင်းပေးမယ်ဆိုတာကိုတော့ Flying Color ဆိုတဲ့ ရုပ်ရှင်မှာ ကြည့်ရှုနိုင်ကြပါစေလို့။

ကဲ .. အခုတော့ ဆရာများနေ့မှာ အမှတ်တရဖြစ်စေဖို့ ဆရာတွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားကောင်းနှစ်ကားကို ညွှန်းဆိုခဲ့ပါပြီ။ ယောင်းတို့ အားလပ်ချိန်လေးမှာ ဒီကားလေးတွေ ကြည့်ပြီးဖြတ်သန်းနိုင်ကြပါစေလို့။

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *