FUN

ရုပ်ရှင်ကြည့်ကြမယ်။

ရာသီဥတုအေးအေးနဲ့ ခေါက်ဆွဲလေးပြုတ်ပြီး ရုပ်ရှင်ကြည့်ရအောင်…….

ဒီတစ်ပတ် ယောင်းတို့ရုပ်ရှင်ကြည့်ဖို့ Rinမကြာသေးခင်က ကြည့်ဖြစ်တဲ့ ရုပ်ရှင်လေးတွေ ပြောပြချင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ့် ဇာတ်ကားလေးတွေ ရွေးထားတယ်နော်။ တစ်ချို့လည်း ကြည့်ပြီးသားဖြစ်မယ်။ တစ်ချို့လည်း ခုမှ ကြည့်ဖူးလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် ကြည့်ပြီးသွားလည်း ထပ်ကြည့်ချင်နေမယ့် ရုပ်ရှင်တွေပေါ့။


(၁) Arthur Christmas
Christma အကြိုညမှာ ထောင်ပေါင်းများစွာသော နတ်မှင်စာလေးတွေဟာ ခရစ်စမတ်ဘိုးဘိုးကြီးရဲ့ လက်ဆောင်ထုပ်တွေကို အပြီးသတ်ပြင်ဆင်ကြရပါတယ်။
Malcolmလို့ခေါ်တဲ့ လက်ရှိ Santaဟာ သူ့ရဲ့ နတ်မှင်စာတွေနဲ့အတူ ခေတ်မှီယဉ်ပျံကြီးတွေသုံးပြီး ကမ္ဘာတဝှမ်းက ကလေးတွေဆီ လက်ဆောင်ပစ္စည်းတွေ အချိန်မီ အရောက်ပို့လေ့ရှိပါတယ်။ Malcolmမှာ Steveနဲ့ Arthurဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။ သားအကြီးဖြစ်တဲ့ Steveကတော့ ဖခင် လက်ဆောင်ပစ္စည်းတွေ ပို့ဖို့ ကူညီပေးပါတယ်။ ရှပ်ပြာပြာနိုင်တဲ့ Arthurကတော့ Santaဆီကို ရေးပို့လာတဲ့ ကလေးတွေရဲ့ စာတွေကို မြတ်မြတ်နိုးနိုး ပြန်ဖြေတဲ့တာဝန်ယူထားပါတယ်။ တနေ့မှာ ဂျာမနီမှာ လက်ဆောင်သွားပို့နေရင် ကလေးငယ်က ရုတ်တရက်နိုးလာပြီး Malcolmကို မြင်လုနီးပါး ဖြစ်သွားပါတယ်။ ဆန်တာနဲ့ နတ်မှင်စာတွေဟာ ပြန်လည်ထွက်ခွာဖို့ လုပ်နေတဲ့အချိန်မှာပဲ လက်ဆောင်ပစ္စည်းတစ်ခု ကျကျန်ခဲ့ပါတယ်။  အင်္ဂလန်မှာရှိတဲ့ ကလေးမလေးအတွက် စက်ဘီးလေးပေါ့။
Arthurကလည်း သူမထံ လက်ဆောင်ရစေရမယ်လို့ ကြင်နာစွာ စာပြန်ထားခဲ့တယ်လေ။သူမရဲ့ စက်ဘီးလေး ကျကျန်ခဲ့တာကို ဘယ်သူမှ သတိမထားမိကြဘူးပေါ့။
Arthurက ကလေးမလေးရဲ့ လက်ဆောင်ကို သွားပြန်ပေးဖို့ အကြံပေးတယ်လေ။ ဒါပေမယ့် သူ့ရဲ့ အစ်ကို Steveကတော့ အရေးမကြီးဘူးဆိုပြီး ကန့်ကွက်ပါတယ်။ ဒီတော့ Arthur ကလည်း သူကိုယ်တိုင် ပြန်ပေးဖို့ ကြိုးစားတော့တာပေါ့..

ယောင်းတို့ရေ ရှပ်ပြာပြာနိုင်တဲ့ Arthurတစ်ယောက် အင်္ဂလန်က ကလေးမလေးဆီ ဘယ်လို အရောက်သွားကြမလဲ?
ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးကနေ ခရစ်စမတ်ရဲ့ အရသာကို အပြည့်အဝခံစားရမှာပါသေချာပါတယ်…
Arthur Christmasကို ကြည့်ဖူးတဲ့ ယောင်းတို့လည်း နောက်တစ်ခါ ထပ်ကြည့်ရအောင်နော်။

Related Article >>> ကာတွန်းခရေဇီတွေ ကြည့်သင့်တဲ့ ဂျပန်ကာတွန်းရုပ်ရှင်(၃)ကား


(၂) Baywatch
ဖလော်ရီဒါရဲ့ မြစိမ်းရောင် ပင်လယ်အော်တစ်ခုမှာ Mitchနဲ့ သူ့ရဲ့ ကမ်းခြေစောင့်အဖွဲ့ဟာ ကမ်းခြေနဲ့ ပင်လယ်အော်ကို ကာကွယ်စောင့်ရှောက်နေကြပါတယ်။ Mitchဟာ  ကယ်ဆယ်မှုပေါင်း ၅၀၀လောက် လုပ်ဆောင်ခဲ့တဲ့ လူသန်ကြီးပေါ့။ ဒါကြောင့်လည်း ကမ်းခြေမှာလာရောက် လည်ပတ်သူတွေနဲ့ ကမ်းခြေစောင့်အဖွဲ့သားတွေက Mitchကို ချစ်ခင်လေးစားကြတယ်။ တစ်နေ့မှာ Mitchထုံးစံအတိုင်း ကမ်းခြေတလျှောက် ကင်းလှည့်နေရင်း မူးယစ်ဆေးအထုပ်ငယ် တစ်ထုပ် သောင်တင်နေတာ တွေ့လိုက်ရတယ်။ Victoria Leedsဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးပိုင်တဲ့ clubနားမှာပေါ့။

Mitchတို့ရဲ့ ကမ်းခြေစောင့်အဖွဲ့ကို အသစ်ရောက်လာတဲ့သူကတော့ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ရေကူးချန်ပီယံဟောင်း Matt Brodyပဲ ဖြစ်ပါတယ်။ Brodyဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်မှုတွေ ပျောက်ကွယ်နေသူရှင့်။ သူဟာ ရေကူးပြိုင်ပွဲတစ်ခုမှာ အမှားအကြီးကြီး လုပ်ခဲ့တယ်လေ။ ဒီလိုနဲ့ Mitchတို့ ကမ်းခြေကို ရောက်လာတာပေါ့။

ယောင်းတို့ရေ ရေကူးချန်ပီယံ Brodyနဲ့ ကမ်းခြေရဲ့ super hero Mitch တို့ အဆင်ပြေနိုင်ပါ့မလား?
သူတို့နှစ်ယောက်ကြားက အလွဲတွေကို ဟာသမြောက်စွာ ရိုက်ကူးထားတာလည်း ယောင်းတို့ မြင်တွေ့ရမှာပါ။
မူးယစ်ဆေးဝါးမှုကိုလည်း မေ့ထားလို့မရဘူးနော်။
Mitchနဲ့ Brodyသူတို့ချစ်တဲ့ ကမ်းခြေကို မသမာသူတွေ လက်ထဲက ဘယ်လို ကယ်တင်ကြမလဲ?
ဒါကလည်း စိတ်ဝင်စားစရာ အပိုင်းပေါ့။

Baywatchဟာ 2017မှာ ထွက်ရှိထားပြီး ရုပ်ရှင်မင်းသားချော Zac Efronနဲ့  လူသန်ကြီး The Rockတဖြစ်လဲ Dwayne Johnsonတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
(ဒီမှာလည်း ရုံတင်သွားပါတယ်)
ဒါ့အပြင် Bollywood မင်းသမီးချော Priyanka Chopara ကိုလည်း ဒီရုပ်ရှင်ထဲမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူမ ဘယ်အခန်းက ပါဝင်မလဲ ဆိုတာကိုတော့ ကိုယ့်ဘာ့သာ ကြည့်လိုက်တော့နော်။

Related Article >>> ဟောင်းနေပေမယ့် ကောင်းနေဆဲ ရုပ်ရှင်ဇာတ်ကားများ


(၃) Table 19
Eloiseဆိုတဲ့ ကောင်မလေးဟာ ချစ်သူသက်တမ်း နှစ်နှစ်အကြာမှာ သူမချစ်သူဆီကနေ စာတစ်ကြောင်းနဲ့ လမ်းခွဲခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာ သူငယ်ချင်းရဲ့ သတို့သမီးအရန်အဖြစ်မှလည်း နှုတ်ထွက်ခဲ့တယ်။ အကြောင်းကတော့ ရည်းစားဟောင်းနဲ့ မျက်နှာချင်းဆိုင်ရမှာ စိုးလို့ပါ။ Eloiseရည်းစားဟောင်းကလည်း အဲ့မင်္ဂလာပွဲမှာ အရေးပါတဲ့သူလေ။ သူက သတို့သမီးရဲ့ တစ်ဦးတည်းသော မောင်ပေါ့။ Eloiseတစ်ယောက် မင်္ဂလာပွဲ မတက်တော့ဘူးလို့ ဆုံးဖြတ်ပြီးမှ စိတ်ပြောင်းသွားပြီး မင်္ဂလာပွဲတက်ဖို့ ဖြစ်လာတယ်။ သူမထိုင်ရမယ့် စားပွဲခုံ နံပါတ်ကတော့ ၁၉ပေါ့။ ဒီစားပွဲခုံဟာ မင်္ဂလာပွဲရဲ့ အပယ်ခံတွေကို ထားတဲ့ နောက်ဆုံးနေရာက စားပွဲဖြစ်တယ်။ သူမအပြင် ဒီခုံမှာ ထိုင်ဖို့ ဖိတ်ခံရတဲ့ သူတွေလည်း ရှိပါတယ်။ သူတို့ကတော့ သတို့သမီးရဲ့ ငယ်ငယ်ကနာနီ အဖွားအို၊ ဘုဆတ်ဆတ် စားသောက်ဆိုင်ပိုင်ရှင် လင်မယား၊ ရည်းစားအရှာထွက်လာတဲ့ လူငယ်တစ်ယောက်နဲ့ ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။

မင်္ဂလာပွဲမှာ ချစ်သူဟောင်းကို ရည်းစားအသစ်လေးနဲ့ တွေ့မြင်လိုက်ရတဲ့ Eloise …..
သူမရင်ထဲ ဘယ်လိုရှိမလဲ?

သူမတို့နှစ်ဦး ဘာကြောင့် ပြတ်ခဲ့ရတာလဲ?
သူမနဲ့ တဝိုင်းထဲ အတူထိုင်နေတဲ့ သူစိမ်းတွေရဲ့ ပြဿနာကရော ဘာတွေဖြစ်မလဲ?

ယောင်းတို့ရေ မင်္ဂလာပွဲတက်တဲ့အခါ ငါကဖြင့် ဘယ်နေရာ ထိုင်ရတာဟဲ့ဆိုပြီး feelတက်တတ်ကြပါတယ်။
ပွဲတစ်ခုမှာ အခုမှသိတဲ့ သူစိမ်းတွေပေမယ့် မိတ်ဆွေရင်းချာတွေလို ရင်းနှီးသွားတတ်ပါတယ်။
Pitch perfectမင်းသမီးချော Anna Kendrick အဓိကသရုပ်ဆောင်ထားတဲ့ Table 19က ဒီခံစားချက်တွေကို ပေါ်လွင်အောင် ပြသပေးမှာပါနော်.. 
အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်ယောင်းတို့ရေ။ ဒါ့အပြင် Table 19ဟာ dramaသက်သက်မဟုတ်ဘူးနော် ဟာသတွေပါလို့ ယောင်းတို့ ရယ်နေရမှာ သေချာတယ်။

Rinပြောသွားတဲ့ ဇာတ်ကားတွေထဲမှာ Rinကတော့ Baywatchကို အကြိုက်ဆုံးပါရှင့်။ ယောင်းတို့ရော ဘာအရင်ကြည့်မို့ စဉ်းစားထားလဲ?

Stay Pretty!
Rin (For Her Myanmar)

Rin
Rinကစာရေးရတာဝါသနာပါပါတယ်။ အထူးသဖြင့် ရင်တွင်းဖြစ်တွေ ရေးရတာကို ပိုခုံမင်ပါတယ်။ ဒါကြောင့် ရင်ထဲကခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြီး ချစ်ရတဲ့ ယောင်းတို့ဆီကိုယူဆောင်ပေးတက်ပါတယ်။ Rinက အပြင်မှာစကားပြောအလွန်မြန်ပြီး စကားအရမ်းများပါတယ်။ ကာတွန်းကားမကြည့်ရရင် ထမင်းစားမဝင်တဲ့ ကလေးလူကြီးတစ်ယောက်ပါ။ A leo but sometimes a moody kitty!
http://162.144.75.152/~forhermy

Leave a Reply

Your email address will not be published. Required fields are marked *