လေယာဉ်အမှတ် ၄၀၁ ရဲ့ ချောက်ချားဖွယ်ရာ ဖြစ်ရပ်များ

လေယာဉ်စီးနေတုန်း ဒါမျိုး ကြုံလိုက်ရလို့ကတော့ ……

၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ တုန်းက အမေရိကန်နိုင်ငံမှာ စိတ်မကောင်းစရာ အဖြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်က နယူးယောက်ကနေ မီယာမီကို ပျံသန်းလာတဲ့ လေယာဉ်အမှတ် ၄၀၁ ဟာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လာတဲ့ အမှုထမ်းနဲ့ ခရီးသည်ပေါင်း တစ်ရာကျော် သေဆုံးခဲ့ပါတယ်။ တကယ်ကို စိတ်မကောင်းစရာ အဖြစ်ပေါ့..

ပိုဆိုးတာက ဒီဖြစ်ရပ်ဟာ ဒီမှာတင် ရပ်တန့်မသွားခဲ့ပါဘူး။ ဖြစ်ရပုံက လေကြောင်းကုမ္ပဏီဟာ မပျက်စီးဘဲ ကျန်ခဲ့တဲ့ အမှတ် ၄၀၁ လေယာဉ်က အစိတ်အပိုင်းတွေကို တခြားလေယာဉ်တွေမှာ
အစားထိုးပြီး သုံးစွဲခဲ့ပါတယ်။ အဲဒီလိုသုံးစွဲခဲ့ကတည်းက ၄၀၁ ရဲ့ အစိတ်အပိုင်းပါသမျှ လေယာဉ်တွေမှာ ချောက်ချားဖွယ်ရာဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတော့တာပါပဲ။

တစ်ရက်မှာတော့ လေယာဉ်အမှတ် L-1011 က လေယာဉ်မယ်တစ်ဦးဟာ လေယာဉ်ပေါ်မှာ ထူးဆန်းတဲ့လူတစ်ဦးရဲ့ မျက်နှာကို အမှတ်မထင် တွေ့လိုက်ရပါတယ်။ အဲဒီမျက်နှာကို သူကစိုက်ကြည့်နေသလို အဲဒီမျက်နှာကလည်း သူ့ကို ပြန်စိုက်ကြည့်နေပါတယ်။ ကြောက်လန့်သွားတဲ့လေယာဉ်မယ်ဟာ အခြားဝန်ထမ်းတစ်ဦးကို ခေါ်ပြတဲ့အခါ သူကလည်း အဲဒီမျက်နှာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပဲ သူတို့နှစ်ဦးက လေယာဉ်ကအရာရှိတစ်ဦးကို အဖြစ်အပျက်တွေ သတင်းပို့လိုက်ကြပါရော… ဒီတော့ အရာရှိကလည်း လာကြည့်ရတော့တာပေါ့…

လာကြည့်တဲ့ အရာရှိလည်း ဒီမျက်နှာကို မြင်ရပါတယ်။ မြင်ရရုံတင်မက အဲဒါဟာ လေယာဉ်အမှတ် ၄၀၁ ပျက်ကျတုန်းက သေဆုံးသွားတဲ့ လေယာဉ်အင်ဂျင်နီယာ ရီပို ဖြစ်ကြောင်းပါ မှတ်မိလိုက်ပါသေးတယ်။ ရီပိုက သူတို့လေယာဉ်မှာ မကြာခင် မီးလောင်မှုဖြစ်တော့မယ်လို့ ပြောဆိုပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ မကြာပါဘူး လေယာဉ်မှာ မီးလောင်လို့ အရေးပေါ် ဆင်းသက်လိုက်ရပါရောလား…

သေဆုံးသူလေယာဉ်အင်ဂျင်နီယာရဲ့ဝိဉာဉ်ပေါ်ထွက်လာတာ ဒီတစ်ကြိမ်ပဲ မဟုတ်ခဲ့ပါဘူး။ လေယာဉ်မထွက်ခွာမီတုန်းက  လေယာဉ်အင်ဂျင်နီယာတစ်ဦး လေယာဉ်ကို စစ်ဆေးဖို့ပြင်တဲ့အခါ
သူ့နေရာမှာ အခြားလေယာဉ်အင်ဂျင်နီယာတစ်ဦးရှိနေတာကို တွေ့ခဲ့ပါတယ်တဲ့။ အဲဒီအင်ဂျင်နီယာက တခြားသူတော့မဟုတ်ပါဘူး။ ယောင်းတို့မှန်းမိကြသလို သူဟာ ရီယိုပါပဲ။ ရီယိုက လန့်နေတဲ့ လေယာဉ်အင်ဂျင်နီယာကို “မင်းဘာမှ စစ်ဖို့မလိုတော့ဘူး.. အကုန်လုံး ငါစစ်ဆေးပြီးပြီ” လို့ ပြောပြီး ပျောက်ကွယ်သွားပါတယ်တဲ့.. ဝိဉာဉ်ဖြစ်နေတာတောင် တာဝန်ကျေတယ်နော်.. (ဒါမျိုးတွေချည်းပဲ အလုပ်ခန့်ထားရမယ်ဆိုရင်တော့ဖြင့်… 😛 )

နောက်ထပ်ဖြစ်စဉ်တစ်ခုမှာတော့ လေယာဉ်ပျံသန်းနေတုန်း လေယာဉ်ဝန်ထမ်းတွေ
နေ့လယ်စာ စားနေချိန်မှာ လေယာဉ်အတွင်းခန်းက တစ်ဒုန်းဒုန်းထုသံကို ဆက်တိုက်ဆိုသလိုကြားခဲ့ရပါတယ်တဲ့။ နဂိုတည်းက အခြောက်အလှန့်ရှိတယ်လို့ နာမည်ကြီးထားပေမဲ့ မတတ်နိုင်တဲ့အဆုံး သူတို့လည်း ကြောက်ကြောက်နဲ့ပဲ ဖွင့်ကြည့်ရတော့တာပေါ့… အတွင်းခန်းတံခါးကို ဖွင့်ကြည့်လိုက်တဲ့အခါ ရီယို ရဲ့မျက်နှာကို ချောက်ချားဖွယ် တွေ့ခဲ့ရပါတယ်တဲ့…

Related Article >>> မကျွတ်လွတ်နိုင်တဲ့ဝိဉာဉ်များစွာနဲ့ ဖိလစ်ပိုင်သမ္မတအိမ်တော် Malacanang Palace

အခြားလေယာဉ်တစ်စီးမှာတော့ ဒီလိုအဖြစ်မျိုးပါတဲ့… ပထမတန်းခရီးသည်တစ်ဦးဟာ လေယာဉ်ပေါ် တစ်ဦးတည်းရှိနေတုန်း ယူနီဖောင်း အပြည့်အစုံဝတ်ထားတဲ့ လေယာဉ်ကပ္ပတိန်
တစ်ဦးနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ အဲဒီလိုစကားပြောနေရင်းမှာ ခရီးသည်ဟာ သူနဲ့စကားပြောနေသူက လေယာဉ်အမှတ် ၄၀၁ က ကွယ်လွန်သူလေယာဉ်မှုးဘော့ဘ်
ဖြစ်နေမှန်း သတိထားလိုက်မိပါတယ်။ သူနဲ့စကားပြောနေရင်းမှာပဲ လေယာဉ်မှူးဟာထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်တဲ့…

နောက်တစ်ကြိမ်မှာတော့ အဲဒီလေယာဉ်မှာပဲ လေယာဉ်အမှုထမ်းတွေ ကိုယ်တိုင်ကြုံခဲ့ရတာပါ။ ဘော့ဘ် ရဲ့ဝိဉာဉ်ဟာ လေယာဉ်မှူးထိုင်ခုံမှာ ထိုင်နေတာကို တွေ့ရပြီး စစချင်းမှာ ဝန်ထမ်းတွေကလည်း ဝိဉာဉ်ဆိုတာကို သတိမထားမိဘဲ လေယာဉ်မှူး အစစ်ထင်တာကြောင့် အပြန်အလှန်စကားပြောနေခဲ့ပါသေးတယ်။ ပြောနေရင်းပဲ ထူးဆန်းစွာ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရမှ ဝိဉာဉ်ဖြစ်နေတာကို သိကြတာပါ။ လေယာဉ်ဝန်ထမ်းတွေဟာ အဲဒီအချိန်က အလွန်တုန်လှုပ်နေတာကြောင့် အဲဒီနေ့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

လေယာဉ်မှုး ဘော့ဘ် ရဲ့ဝိဉာဉ်ကို ခရီးသည်အတော်များများက မကြာခဏတွေ့ရှိရပြီး ဝေဖန်ပြောဆိုသံတွေ ညံလာတဲ့နောက် လေကြောင်းကုမ္ပဏီက လေယာဉ်အမှတ် ၄၀၁ ရဲ့အစိတ်အပိုင်းတွေအားလုံးကို ဖယ်ရှားခဲ့ပါတော့တယ်။ အဲဒီကတည်းက လေယာဉ်မှူး Bob Loft ကိုရော၊ အင်ဂျင်နီယာ ရီယိုကိုပါ မတွေ့ရတော့ပါဘူးတဲ့။ ဒီ လေယာဉ်အကြောင်းကို ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကစလို့ မှတ်တမ်းရုပ်ရှင်တွေအများကြီး ရိုက်ကူးခဲ့ကြပါသေးတယ်တဲ့ ယောင်းတို့ရေ….

ယောင်းတို့ရော လေယာဉ်စီးနေတုန်း ဒါမျိုးကြုံရင် ဘယ်လိုနေမလဲ ပြောပြပါလား 😛

Sugar Cane(For Her Myanmar)

References : confessionsofatrolleydollylistverse

No Comments Yet

Comments are closed