FUN Knowledge

ကြောင်နက်လေးတွေက ယူဆောင်လာပေးနိုင်တဲ့ ကံကောင်းခြင်းလက်ဆောင်များ

ဘာလဲ ကြောင်အနက်တွေ့တိုင်း ကံဆိုးမယ်၊ ကံဆိုးမယ်နဲ့.. ဘယ်ရမလဲ.. ကြောင်နက်လေးတွေအတွက် ရှေ့နေလုပ်လိုက်ပြီ.. 😛 

ယောင်းတို့ရေ… ကြောင်နက်တွေက ကံဆိုးခြင်းတွေကို ယူလာပေးတယ်တဲ့.. ပြောကြတာပေါ့နော်… တို့ မြန်မာမှာဆိုလည်း အဆိုရှိတယ်လေ… အလောင်းတွေ ဘာတွေပေါ် ကြောင်နက် ခုန်ကျော်ရင် ဖုတ်ဝင်တယ်ဆိုလား ဘာလား ပြောကြတယ်ဆိုတော့ ဒါလည်း မကောင်းဘူးလို့ ယူဆလို့ ရတာပေါ့နော်… တချို့နိုင်ငံတွေမှာဆို လမ်းမှာ ကြောင်နက် ဖြတ်သွားရင်တောင်မှ ကံမကောင်းဘူး ဘာညာဆိုတာ ရှိတော့ ချစ်စရာ ကြောင်မဲမဲလေးတွေ ခမျာ မျက်နှာငယ်ရတာပေါ့… တကယ်ဆိုတော့ သူတို့လေးတွေမှာ အပြစ်မရှိရှာဘူးလေ.. အကြောင်းပြချက်ရယ်လို့လည်း မည်မည်ရရမရှိဘဲ သူတို့ကို မြင်တိုင်း ကံဆိုးတယ်ချည့် တွေးနေတော့ ဘယ့်နှယ်လုပ်မတုန်း.. အဲ့တော့အက်ဒ်မင်က ခု သူတို့လေးတွေအတွက် ရှေ့နေလုပ်ပါရစေ… လုပ်ဆို လုပ်လို့ရတဲ့ အကြောင်းကလည်း ရှိတာကိုး… ကြောင်နက်ကလေးတွေကိုမြင်ရင် ကံကောင်းတယ်လို့ ယူဆကြတဲ့ နိုင်ငံနဲ့ ရိုးရာတွေကလည်း ရှိနေသေးတာကိုး… ဆိုတော့ ဘယ်နိုင်ငံတွေမှာ ကြောင်နက်လေးတွေကို ဘယ်လို ကံကောင်းတယ်လို့ ယူဆကြတယ်ဆိုတာ ကြည့်ကြရအောင်…

၁။ ကြောင်နက်တွေက လက်ထပ်ခြင်းအတွက် ကံကောင်းခြင်းလက်ဆောင်တစ်ခုပါ။

ဒါကတော့ အင်္ဂလိပ် လူမျိုးတွေ ယုံကြည်တာပေါ့နော်… လက်ထပ်နေတဲ့ မိန်းကလေးတစ်ယောက်ကို လက်ဖွဲ့အဖြစ် ကြောင်နက်လေး တစ်ကောင်ကို ပေးလိုက်မယ်ဆိုရင် သူ(မ) ရဲ့ အိမ်ထောင်ရေးကို ကံကောင်းစေပါတယ်တဲ့.. လက်ထပ်ပြီးစ စုံတွဲတွေဆို သူတို့အိမ်မှာ ကြောင်နက်လေး ရှိရင် မိစ္ဆာဓာတ်တွေကို ကြောင်ကလေးက ဖယ်ရှားနိုင်ပြီး သက်ရှည်ကျန်းမာ ပျော်ရွှင်စွာနဲ့ တစ်သက်တာလုံး နေထိုင်သွားနိုင်တယ်လို့ ဆိုပါတယ်။ UK နိုင်ငံရဲ့ ဒေသအများစုမှာတော့ ကြောင်နက်ရဲ့ အရောင်ဟာ ကံကောင်းစေတဲ့ အရောင်လို့ ယူဆကြပါတယ်။

လက်ထပ်ပြီး ကိုယ့်အိမ်နဲ့ကိုယ် ခွဲနေမယ့် အိမ်ထောင်ဦးစုံတွဲလေးတွေဆိုရင်တော့ အိမ်အသစ်မှာ ကြောင်နက်လေးတွေနဲ့ နေသင့်တယ်နော်… ပြောမယ်ဆို ဒီအယူအဆက ဂျပန်မှာလည်း ရှိပါတယ်။ တကယ်လို့များ ဘာချို့ယွင်းချက်မှ မရှိဘဲ အပျိုကြီးဖြစ်နေတယ်ဆိုရင် (အပျိုကြီးလုပ်ချင်လို့ လုပ်နေသူတွေမပါ) ကြောင်နက်ကလေးတွေက ဒီအပျိုကြီးတွေအတွက် သင့်လျော်တဲ့ အမျိုးသား၊ ခင်ပွန်းလောင်းတွေကို ရှာဖွေပေးနိုင်ပါတယ်တဲ့.. အောင်သွယ်တော်လေးတွေပေါ့.. (အမှန်တော့ အဲ့ကံကို ရစေတယ်လို့ ပြောတာပါ)

Related Article >>> ယောင်းတို့ မသိသေးတဲ့ ပူစီလေးတို့ရဲ့ လျှို့ဝှက်ချက်

၂။ ကြောင်နက်ကလေးတွေက အိမ်ကို အန္တရာယ်ကင်းစေသလို သီးနှံတွေကိုလည်း ဖြစ်ထွန်းစေပါတယ်။

အမယ်…ကြောင်နဲ့ သီးနှံဖြစ်ထွန်းတာနဲ့ ဘာဆိုင်တာ ကျလို့နော်.. တကယ်တော့ သူတို့အယူက ကြောင်နက်ကလေးတွေဟာ မိစ္ဆာဓာတ်တွေကို အဝေးကို မောင်းထုတ်နိုင်တာကြောင့် နဲ့ သူတို့တွေက ကံကောင်းခြင်းတွေကို ယူဆောင်ပေးလာတာကြောင့်ပါတဲ့။ ကြောင်နက်ကလေးတွေကို ပျော်ရွှင်စိတ်ချမ်းသာပြီး အန္တရာယ်ကင်းအောင် ထားမယ်ဆိုရင် သူတို့ကလည်း ယောင်းကို ပျော်ရွှင် စိတ်ချမ်းမြေ့စေမှာ ကျိန်းသေပါပဲတဲ့။ သူတို့လေးတွေက အပေါ်မှာ ပြောခဲ့သလို မကောင်းဆိုးရွားတွေကို အဝေးကို နှင်နိုင်တယ်ဆိုတော့လည်း ကိုယ့်အတွက် ကံကောင်းခြင်းတွေပဲ ရောက်လာတော့မှာပေါ့…

မကောင်းဆိုးရွားဆိုကာမှ ကြောင်နက်တွေက နတ်ဘုရားတွေနဲ့ ဆက်စပ်နေတာကိုလည်း သိကြမှာပေါ့နော်.. ဟိုးရှေး အီဂျစ်တွေဆိုရင် ကြောင်တွေကို နတ်ဘုရားအဖြစ်ကိုးကွယ်ပြီး အရမ်းကို ကြောက်ကြတာတွေ စာအုပ်ထဲမှာ ဖတ်ဖူးကြမှာပေါ့.. နောက် Thor တို့ရဲ့ Norse ဒဏ္ဍာရီမှာလည်း အလှအပ၊ချစ်ခြင်းနဲ့ စိုက်ပျိုးရေး (ဖြစ်ထွန်းခြင်း၊ သန္ဓေအောင်ခြင်း) ရဲ့ နတ်ဘုရားမဖြစ်တဲ့ Freya (ဖရေရာ)ဟာ ကြောင်နက် နှစ်ကောင်ဆွဲတဲ့ လှည်းကို စီးပါတယ်တဲ့။ ဒီတော့ ဒီနတ်ဘုရားမရဲ့ အခွင့်အရေးပေးတာကို လိုချင်တဲ့ လယ်သမားတွေဟာ သူ့လှည်းက ကြောင်တွေအတွက် နို့တွေ ဆက်ရပါတယ်တဲ့။ အဲဒီအခါမှ ဖရေရာက ဒီလယ်သမားတွေရဲ့ စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်ဖို့ ကောင်းချီးပေးတယ်လို့ ဆိုပါတယ်။

၃။  ကြောင်နက်ကလေးတွေက သင်္ဘောသားတွေအတွက် အန္တရာယ်ကင်းတဲ့ ခရီးစဉ်ဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။ 

အင်္ဂလိပ်လူမျိုး သင်္ဘောသားတွေဟာ Matagot (ဝိဥာဉ်က တိရစ္ဆာန်ယောင်ဆောင်ထားတဲ့ ပုံ.. များသောအားဖြင့် ကြောင်နက် ဖြစ်တတ်ပါတယ်) တွေကို အိမ်မှာထားလေ့ရှိကြပါတယ်။ အကြောင်းကတော့ ဒီလိုပါ။ ကြောင်နက်တွေက သင်္ဘောသားတွေ အိမ်ကို အေးအေးချမ်းချမ်းပြန်ရောက်ဖို့ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးနိုင်တဲ့အပြင် ချမ်းသာခြင်းကိုလည်း ဆောင်ယူလာပေးနိုင်တယ်မဟုတ်လား? ဒါပေမဲ့ ကြောင်နက်တွေမွေးတဲ့အခါမှာ ကုန်ကျစရိတ်က မနည်းလှဘူးလေ.. ဒါကြောင့် ဒီပုံလေးတွေကို အိမ်မှာ ထားထားကြတာပါတဲ့။

Related Article >>> ကြောင်လေးတွေကို အသည်းကွဲစေတဲ့အပြုအမူတွေ

ကဲ.. ဒီလောက်ဆိုရင်တော့ ကြောင်နက်ကလေးတွေက ကံကောင်းခြင်း၊ ချမ်းသာခြင်းနဲ့ လုံခြုံအေးချမ်းခြင်းတွေကို ယူဆောင်လာပေးနိုင်တယ်ဆိုတာ သိကြပြီပေါ့နော်… ဒါတွေအပြင် နိုင်ငံအသီးသီးမှာ ကြောင်နက်လေးတွေ ယူဆောင်လာတဲ့ ကံကောင်းခြင်းနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆကြတယ်ဆိုတာ ထပ် ကြည့်ရအောင်နော်…

(က) အာရှနိုင်ငံ အများစုမှာတော့ ကြောင်နက်တွေဟာ ကံကောင်းခြင်း လက်ဆောင်တွေ ယူလာပေးတယ်လို့ ယူဆကြပါတယ်။

(ခ) အင်္ဂလန်မှာလည်း ကြောင်နက်တွေက ကံကောင်းစေတာပါပဲ။ ဒါပေမဲ့ ယော့ခ်ရှိုင်းယားမှာတော့ ကြောင်နက်တွေက ကံဆိုးစေပါတယ်တဲ့။

(ဂ) စကော့တလန်မှာတော့ ကြောင်နက်တစ်ကောင်က ရုတ်တရက် ကိုယ့်အိမ် တံခါးဝကို ရောက်လာတဲ့အခါ ဒါဟာ နောင်အနာဂတ်မှာ ချမ်းသာလာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါသတဲ့။

(ဃ) ၁၈ ရာစုနဲ့ ၁၉ ရာစုကြား ဥရောပ မြောက်ပိုင်းမှာတော့ တံငါသည်တွေရဲ့ ဇနီးတွေဟာ သူတို့အမျိုးသားတွေ အိမ်ကို အန္တရာယ်ကင်းကင်း ပြန်ရောက်လာနိုင်ဖို့နဲ့ ငါးတွေ အများကြီး ဖမ်းမိဖို့ ကြောင်နက်တွေ လိုက်ရှာပြီး မွေးကြပါတယ်လို့ ဆိုပါတယ်။

(င) ရှေးအီဂျစ်တွေကတော့ ကြောင်နက်တွေကို ဘတ်စ် Bast လို့ခေါ်တဲ့ ကံကောင်းခြင်း နတ်ဘုရားမ အနေနဲ့ ကိုးကွယ်ကြပါတယ်..

ကဲ.. ယောင်းတို့ရော.. ဘယ်လိုထင်လဲ? ကြောင်နက်လေးတွေ မွေးချင်စိတ် ပေါ်လာပြီလား? မွေးပြီးရင် ဒါမှမဟုတ် ရှိထားပြီးရင်လည်း အက်ဒ်မင့်ကို ပြဦးနော်…

References : Castster , Care 2 

Libra (For Her Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *