FUN

အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၄)

ထူးဆန္းစြာပင္ ပထမဆံုး ဖုန္းေျပာသည့္ညမွာပင္ ဧက အိပ္မက္ဆိုးမ်ားမမက္ဘဲ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ခဲ့သည္။

“ဒါက ဟန္နီ႔အတြက္ ကိုယ့္ရဲ့လက္ေဆာင္”

ဧက က စကၠဴလက္ေဆာင္ထုပ္ကေလးကို ဟန္နီ႔ဘက္သို႔ တြန္းေရႊ႔႕လိုက္သည္။ ဟန္နီက ဘာလဲဆိုေသာပံုစံႏွင့္ မ်က္လံုးပင့္ျပသည္။ ဧက က “ဖြင့္ၾကည့္ေလ” ဟုေျပာလိုက္သည္။

လက္ေဆာင္ထုပ္ကိုဖြင့္ေနေသာ ဟန္နီ႔ကိုၾကည့္ရင္း ဧက ၾကည္ႏူးမိသလိုခံစားရသည္။ သူ႔ဘဝတြင္ တစ္စံုတစ္ေယာက္ကို တခုတ္တရ လက္ေဆာင္ေပးတာမ်ိဳး မရွိခဲ့။ လူမႈေရးအရေပးရေသာလက္ေဆာင္မ်ားေတာ့ ရွိဖူးသည္။ ဟန္နီ႔ အတြက္ ေပးေသာ လက္ေဆာင္ကိုေတာ့ ဧက ကိုယ္တိုင္အထူးတလည္ ေရြးခ်ယ္ဝယ္ယူထားျခင္းျဖစ္သည္။

“ေရေမႊးလား”

ဟန္နီက ကတ္ထူဘူးေလးထဲက စိန္တံုးပံုစံ ပုလင္းခၽြန္ေလးကိုဆြဲထုတ္လိုက္ကာ နမ္းၾကည့္ေနသည္။

“ေရေမႊးဆိုတာ အဲ့လိုဘူးအျပင္က နမ္းရတာမဟုတ္ဘူး ဆြတ္ၾကည့္ေလ”

“အဟင္း ဟန္နီက ဘူးကို သေဘာက်လို႔ပါ”

“ဘူးပဲ မဟုတ္ဘူး၊ အထဲကေရေမႊးကလည္း သေဘာက်စရာပဲ ဆြတ္ၾကည့္ေလ လာဗင္ဒါအနံ႔ … ကိုယ္အႀကိဳက္ဆံုး အနံ႔ပဲ”

ဟန္နီက ေရေမႊးကို လက္ေကာက္ဝတ္မွာ ဆြတ္လိုက္ၿပီး အနံ႔ေမႊးၾကည့္လိုက္သည္။

“အင္း မဆိုးပါဘူး ေက်းဇူးတင္ပါတယ္ ေန႔လယ္စာအတြက္ေရာ၊ လက္ေဆာင္အတြက္ေရာ”

“ရပါတယ္ ဟန္နီ ကိုယ္က အခုထိအားနာေနတုန္းပဲ”

“အားနာစရာမလိုေတာ့ပါဘူး ဒီေရေမႊးေလးနဲ႔ေက်ၿပီလို႔သေဘာထားလိုက္ပါ .. ဟန္နီ ဒါကိုအရမ္းသေဘာက်ပါတယ္”

“အရမ္းသေဘာက်တယ္ဆိုလို႔ေက်းဇူးတင္ပါတယ္ ဟန္နီ.. ဟန္နီနဲ႔ကိုယ္နဲ႔ပိုရင္းႏွီးသြားသလိုခံစားရတယ္ ဒီထက္လည္း ပိုၿပီး ရင္းႏွီးခ်င္ပါတယ္”

ဧက က ထိုစကားကို အၿပံဳးအရယ္မရွိဘဲ ဟန္နီ႔မ်က္နွာကို ေသခ်ာၾကည့္ၿပီး ေျပာလိုက္ေသာေၾကာင့္ ဟန္နီ႔ေက်ာရိုး တစ္ေလွ်ာက္စိမ့္ခနဲခံစားလိုက္ရၿပီး လက္ဖ်ားေလးေတြေအးစက္ကာ ေမြးညွင္းကေလးမ်ားပင္ ေထာင္သြားသလိုခံစားလိုက္ ရသည္။ ဧက၏ မ်က္လံုးမ်ားကိုဆက္ၿပီးရင္မဆိုင္ခ်င္ေတာ့တာေၾကာင့္ မ်က္ႏွာလႊဲလိုက္ကာ ေရေမႊးဘူးေလးကိုသာ ပြတ္သပ္ ကစားေနလိုက္သည္။

==========================

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း- ၃)

အိပ္ေနရာကအသက္ရွဴၾကပ္ေသာေၾကာင့္ လူးလြန္႔ကာ အိပ္ရာခင္းမ်ားကို ဆြဲဆုပ္ထားမိသည္။ ရင္ဘတ္ထဲမွာ က်ပ္တည္းစြာ ခံစားရရင္း ေခၽြးမ်ားပင္ ရႊဲနစ္လာသည္။ အိပ္မက္လိုလို တကယ့္အျဖစ္အပ်က္လိုလို္ႏွင့္ ပံုရိပ္မ်ားကို ဧက ခပ္ဝါးဝါး ျမင္လာရသည္။ ဧကေရွ႕တြင္ ကေလးတစ္ေယာက္ငိုေနသည္။ လူႀကီးႏွစ္ေယာက္ ရန္ျဖစ္ေနသည္။ အားေကာင္းေမာင္းသန္ လူတစ္ေယာက္က ပိန္ပိန္ႏြဲ႕ႏြဲ႕မိန္းမသားတစ္ေယာက္ကို လက္ျပန္လႊဲကာ ရိုက္ခ်လိုက္သည္။ “အား” ဟု အသံနက္ႀကီးႏွင့္  ေအာ္မိကာ ဧက အိပ္မက္မွ လန္႔ႏိုးလာသည္။

တစ္ကိုယ္လံုး တုန္ယင္ကာ ႏွလံုးမ်ား တဆတ္ဆတ္ခုန္ေနသည္။ အိပ္ရာေဘးစားပြဲေပၚမွ ေရခြက္ကိုလွမ္းယူလိုက္စဥ္ ေရခြက္ကလက္နဲ႔တိုက္မိၿပီး “ခြမ္း” ကနဲက်ကြဲသြားသည္။ ဧက ကုတင္ေပၚမွဆင္းလိုက္ကာ နာရီကိုၾကည့္လိုက္ေတာ့ အခ်ိန္က မနက္ ၄နာရီ..

ေဆာင္းဝင္ခါစအခ်ိန္ျဖစ္တာမို႔ အနည္းငယ္ေအးစိမ့္မႈကိုခံစားရသည္။ ဧကသည္ ငယ္စဥ္ ကတည္းက ေအးစက္လွေသာ ေဆာင္းရာသီကိုမုန္းမိသည္။ ထိုေဆာင္းရာသီတြင္ပင္ အေဖေရာအေမကပါ ဧကကိုအၿပီးအပိုင္ ထားရစ္ခဲ့သည္။ အေဖႏွင့္အေမတို႔ မရွိသည့္အခ်ိန္မွစ၍ ညစဥ္ညတိုင္း ဧကအိပ္မက္ဆိုးမ်ား မက္တတ္သည္။ သို႔ေသာ္ ထိုအိပ္မက္မ်ိဳးမမက္ဘဲ ႏွစ္ၿခိဳက္စြာအိပ္ခဲ့ရသည္မွာ ၂ လခန္႔ရွိေနခဲ့ၿပီး အခုညမွျပန္မက္ျခင္းျဖစ္သည္။

ဒီညမအိပ္ခင္ ဟန္နီႏွင့္ ဖုန္းမေျပာမိခဲ့။ ဖုန္းမေျပာရျခင္းမွာ ဟန္နီက night scene ရွိေနေသာေၾကာင့္ ဧက က ေျပာခ်င္လ်က္ႏွင့္ မေျပာလိုက္ရျခင္းျဖစ္သည္။ ဟန္နီ႔ကို ေရေမႊးလက္ေဆာင္ေပးၿပီးသည့္ေန႔မွစ၍ ညစဥ္ညတိုင္း ဟန္နီႏွင့္ ဖုန္္းေျပာျဖစ္သည္။ ထူးဆန္းစြာပင္ ပထမဆံုး ဖုန္းေျပာသည့္ညမွာပင္ ဧက အိပ္မက္ဆိုးမ်ားမမက္ဘဲ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ခဲ့သည္။ ထို႔ေၾကာင့္ပင္ ဧကရဲ့ဟန္နီ႔အေပၚရစ္တြယ္မႈမ်ားက ပို၍ခိုင္မာခဲ့သည္။ အိပ္မက္ဆိုးေၾကာင့္ ဟန္နီ႔ကိုပိုၿပီး သတိရသလုိျဖစ္ကာ ဟန္နီ႔ဖုန္းကို ေခၚၾကည့္လိုက္သည္။ သံုး ေလး ခါေလာက္ျမည္ေနၿပီးမွ…

“ဟဲလို ကိုဧက”

“ဟန္နီ ကိုယ္ အခု ဟန္နီ႔ကိုေတြ႔ခ်င္တယ္ ဟန္နီဘယ္မွာလဲ”

“ဟန္နီအခုေလးတင္ အိမ္ျပန္ေရာက္တာ မနက္မွေတြ႔မယ္ေလ”

“ကိုယ္ဟန္နီ႔အိ္မ္ကိုလာခဲ့မယ္ အိမ္လိပ္စာေျပာ”

“မဟုတ္ဘူးေလ ဘာေတြအဲ့ေလာက္အေရးၾကီးေနတာလဲ”

“ကိုယ္အခုဟန္နီနဲ႔ေတြ႔ရမွျဖစ္မယ္ ဟန္နီမေျပာရင္ ကိုယ္ တျခားသူေတြကို ဖုန္းဆက္ၿပီး လိုက္ေမးမွာေနာ္”

“အဲ့လုိေတာ့ လိုက္မေမးပါနဲ႔ ေျပာမယ္ ဟန္နီ႔အိမ္က ….”

“Ok ကုိယ္အခုပဲလာခဲ့မယ္”

ဧကဖုန္းကိုခ်လိုက္ၿပီးတာႏွင့္ ကားေသာ့ကိုယူကာ ကားပါကင္ကိုဆင္းလာခဲ့သည္။ ဒီအခ်ိန္ဟန္နီ႔ကိုမေတြ႔ရလွ်င္ သူ႔စိတ္မၿငိမ္မႈမ်ား ေပ်ာက္ကင္းႏိုင္မည္မဟုတ္။

============================

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း – ၂)

“တီ တီ”

ကားဟြန္းသံႏွစ္ခ်က္ေလာက္ဆက္တိုက္ၾကားေသာ္လည္း ဟန္နီအိပ္ရာထဲက မထမိ။ စားပြဲေပၚမွဖုန္းျမည္လာမွ အိိပ္ခ်င္မူးတူးျဖင့္ထကာ ေကာက္ကိုင္ၾကည့္လိုက္ေတာ့ ဧက ျဖစ္ေနသည္။

“ဟဲလို ကိုဧက”

“ဟန္နီ ကိုယ္အိမ္ေရွ႕ေရာက္ေနၿပီ ထြက္လာခဲ့ေနာ္”

“ဟင္ တကယ္ႀကီးလား ေနဦးေနာ္ လာမယ္”

ဟန္နီသည္ ရႈပ္ပြေနေသာဆံပင္ကိုလက္ျဖင့္အနည္းငယ္သပ္ခ်ကာ ညဝတ္အက်ႌကို ၾကည့္ေကာင္းေအာင္ ဆြဲဆန္႔ၿပီး  ေအာက္ထပ္သို႔ေျပးဆင္းခဲ့သည္။ ဟန္နီျပန္မေရာက္မခ်င္း မအိပ္ဘဲေစာင့္ေနေသာမာမီက အခုေတာ့ နွစ္ၿခိဳက္စြာအိပ္ေပ်ာ္ ေနၿပီျဖစ္ေသာေၾကာင့္သာ ေတာ္ေတာ့သည္။ မဟုတ္ရင္ စစ္ေဆးေရးအဝင္ခံေနရဦးမည္။ မနက္ ၅ နာရီထိုးခါနီးျဖစ္ေသာ ေၾကာင့္ ေကာင္းကင္က တိမ္ျဖဴ တိမ္ညိဳမ်ားျဖင့္ ယွက္ေထြးေနသည္။ ဟန္နီျခံတံခါးကိုအေျပးဖြင့္လိုက္သည္။

ဧကသည္ ဟန္နီထဲကထြက္လာသည္ကို ကားေပၚကထိုင္ၾကည့္ေနမိသည္။ ဟန္နီ႔ကိုျမင္လုိက္ရသည္ႏွင့္ သူ႔စိတ္ထဲ မွာေျပာမျပတတ္ေအာင္ကို ေႏြးေထြးသလိုခံစားရသည္။ ဟန္နီ႔ရဲ့ ဂရုတစိုက္ေျပာတတ္ေသာစကားေလးမ်ားေၾကာင့္လည္း သူ႔နွလံုးခုန္သံမ်ား ပူေႏြးလာတတ္သည္။ ေသခ်ာပါသည္။ ဟန္နီသာ မရွိလွ်င္ သူ႔ဘဝအဓိပၸာယ္မဲ့သြားေတာ့မည္။ ဟန္နီ႔ကို လက္လႊတ္ဆံုးရႈံးလိုက္ရလွ်င္ သူေသသြားႏိုင္သည္။ ဧကသည္ ကားတံခါးကိုဖြင့္ဆင္းလိုက္သည္။ ဟန္နီက ျခံတံခါးကိုတြန္း ဖြင့္ကာထြက္လာရင္း…

“ကိုဧက ဘာေတြဒီေလာက္အေရးႀကီး…”

ဟန္နီ႔စကားမဆံုးလိုက္ခင္ ဧက က ဟန္နီ႔ကိုယ္ေလးကိုတင္းၾကပ္စြာဖက္ထားလိုက္သည္။ ဟန္နီသည္ အံ့ၾသမႈ တုန္လႈပ္မႈ ရင္ခုန္စိတ္လႈပ္ရွားမႈမ်ားစုေပါင္းကာ ဘာမွဆက္မေျပာႏိုင္ဘဲ ျဖစ္ေနသည္။ ဧက က တင္းၾကပ္သထက္ ပိုတင္းၾကပ္ေအာင္ တိုးဖက္လိုက္ေတာ့မွ ဟန္နီသတိဝင္လာသည္။ အသက္ရႈလို႔မဝ ျဖစ္လာသည္။ ထို႔ေၾကာင့္ ဟန္နီ႔လက္မ်ားျဖင့္ ဧကရဲ့ ကိုယ္ကို ႀကိဳးစားၿပီး တြန္းဖယ္လိုက္သည္။

“ဟန္နီ အသက္႐ွဴလို႔ မရဘူး”

“ေဆာရီး ဟန္နီ… ကိုယ္ဟန္နီ႔ကို အရမ္းသတိရလို႔ပါ…”

“မနက္အေစာႀကီး အိမ္ေရွ႕ကို လာတာ အဲ့ဒါေျပာဖို႔လား? ဟန္နီက အရမ္းအေရးႀကီးတဲ့ ကိစၥမ်ားရွိသလားလို႔”

“ရွိတယ္ အဲ့ဒီထက္အေရးႀကီးတာရွိတယ္”

“ေၾသာ္ အင္း ေျပာေလ”

“ကိုယ္ ဟန္နီ႕ကိုခ်စ္တယ္…ဘယ္ကတည္းကလဲ..ဘာေၾကာင့္လဲဆိုတာေတြလည္းမေမးပါနဲ႔.. အဲ့ဒါေတြအတြက္ ကိုယ့္မွာအေျဖမရွိဘူး… ဒီလိုမနက္ေစာေစာ ဟန္နီ႔ကို သတိရလြန္းလို႔ ေျပးလာခဲ့တာနဲ႔တင္ ကိုယ္ဟန္နီ႔ကို ခ်စ္တယ္ဆိုတာ ယံုေပးပါ စဥ္းစားပါရေစလို႔ေတာ့ မေျပာပါနဲ႔ တကယ္ေတာ့ စဥ္းစားတယ္ဆိုတာ ဦးေႏွာက္ကို သံုးၿပီးေရြးခ်ယ္တာေလ ကိုယ္က ဟန္နီ႔ရဲ႕ႏွလံုးသားထဲကေန စစ္မွန္တဲ့ ခံစားမႈနဲ႔ေရြးခ်ယ္တာကိုလိုခ်င္တာ ဟန္နီ႔စိတ္ထဲမွာ ကိုယ့္ကို ၾကည္ျဖဴတယ္ မၾကည္ျဖဴ ဘူးဆိုတာ စဥ္းစားစရာမလိုေအာင္ ရွင္းလင္းတဲ့ အေျဖရွိၿပီးသားလို႔ ကိုယ္ခံစားမိတယ္ ဟုတ္ရဲ့လား”

ဟန္နီသည္ ဧက၏ စကားအရွည္ႀကီးကို နားေထာင္ၿပီးေနာက္ ေခါင္းညိတ္ရမလို ေခါင္းခါရမလို ဘာလုပ္လုိ႔လုပ္ရမွန္း မသိေအာင္ျဖစ္ေနရၿပီး ဧက ကိုသာ အၾကာႀကီး စိုက္ၾကည့္ေနမိသည္။ ဧက၏ နက္ရႈိင္းေသာမ်က္၀န္းမ်ား၏ ဆြဲငင္ျခင္းကို ခံရၿပီးေနာက္ ေခါင္းညိတ္မိလိုက္သလား မသိ။ ဧက က “ဝမ္းသာလိုက္တာ ဟန္နီရယ္” ဟုတဖြဖြေျပာရင္း ဟန္နီ႔ကို ေနာက္ထပ္ တစ္ႀကိမ္ ေပြ႔ဖက္ထားလိုက္ေတာ့သည္။

ညိမ္း (UCSY)

<<< Unicode >>>

ထူးဆန်းစွာပင် ပထမဆုံး ဖုန်းပြောသည့်ညမှာပင် ဧက အိပ်မက်ဆိုးများမမက်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။

“ဒါက ဟန်နီ့အတွက် ကိုယ့်ရဲ့လက်ဆောင်”

ဧက က စက္ကူလက်ဆောင်ထုပ်ကလေးကို ဟန်နီ့ဘက်သို့ တွန်းရွှေ့လိုက်သည်။ ဟန်နီက ဘာလဲဆိုသောပုံစံနှင့် မျက်လုံးပင့်ပြသည်။ ဧက က “ဖွင့်ကြည့်လေ” ဟုပြောလိုက်သည်။

လက်ဆောင်ထုပ်ကိုဖွင့်နေသော ဟန်နီ့ကိုကြည့်ရင်း ဧက ကြည်နူးမိသလိုခံစားရသည်။ သူ့ဘဝတွင် တစ်စုံတစ်ယောက်ကို တခုတ်တရ လက်ဆောင်ပေးတာမျိုး မရှိခဲ့။ လူမှုရေးအရပေးရသောလက်ဆောင်များတော့ ရှိဖူးသည်။ ဟန်နီ့ အတွက် ပေးသော လက်ဆောင်ကိုတော့ ဧက ကိုယ်တိုင်အထူးတလည် ရွေးချယ်ဝယ်ယူထားခြင်းဖြစ်သည်။

“ရေမွှေးလား”

ဟန်နီက ကတ်ထူဘူးလေးထဲက စိန်တုံးပုံစံ ပုလင်းချွန်လေးကိုဆွဲထုတ်လိုက်ကာ နမ်းကြည့်နေသည်။

“ရေမွှေးဆိုတာ အဲ့လိုဘူးအပြင်က နမ်းရတာမဟုတ်ဘူး ဆွတ်ကြည့်လေ”

“အဟင်း ဟန်နီက ဘူးကို သဘောကျလို့ပါ”

“ဘူးပဲ မဟုတ်ဘူး၊ အထဲကရေမွှေးကလည်း သဘောကျစရာပဲ ဆွတ်ကြည့်လေ လာဗင်ဒါအနံ့ … ကိုယ်အကြိုက်ဆုံး အနံ့ပဲ”

ဟန်နီက ရေမွှေးကို လက်ကောက်ဝတ်မှာ ဆွတ်လိုက်ပြီး အနံ့မွှေးကြည့်လိုက်သည်။

“အင်း မဆိုးပါဘူး ကျေးဇူးတင်ပါတယ် နေ့လယ်စာအတွက်ရော၊ လက်ဆောင်အတွက်ရော”

“ရပါတယ် ဟန်နီ ကိုယ်က အခုထိအားနာနေတုန်းပဲ”

“အားနာစရာမလိုတော့ပါဘူး ဒီရေမွှေးလေးနဲ့ကျေပြီလို့သဘောထားလိုက်ပါ .. ဟန်နီ ဒါကိုအရမ်းသဘောကျပါတယ်”

“အရမ်းသဘောကျတယ်ဆိုလို့ကျေးဇူးတင်ပါတယ် ဟန်နီ.. ဟန်နီနဲ့ကိုယ်နဲ့ပိုရင်းနှီးသွားသလိုခံစားရတယ် ဒီထက်လည်း ပိုပြီး ရင်းနှီးချင်ပါတယ်”

ဧက က ထိုစကားကို အပြုံးအရယ်မရှိဘဲ ဟန်နီ့မျက်နှာကို သေချာကြည့်ပြီး ပြောလိုက်သောကြောင့် ဟန်နီ့ကျောရိုး တစ်လျှောက်စိမ့်ခနဲခံစားလိုက်ရပြီး လက်ဖျားလေးတွေအေးစက်ကာ မွေးညှင်းကလေးများပင် ထောင်သွားသလိုခံစားလိုက် ရသည်။ ဧက၏ မျက်လုံးများကိုဆက်ပြီးရင်မဆိုင်ချင်တော့တာကြောင့် မျက်နှာလွှဲလိုက်ကာ ရေမွှေးဘူးလေးကိုသာ ပွတ်သပ် ကစားနေလိုက်သည်။

==========================

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း- ၃)

အိပ်နေရာကအသက်ရှူကြပ်သောကြောင့် လူးလွန့်ကာ အိပ်ရာခင်းများကို ဆွဲဆုပ်ထားမိသည်။ ရင်ဘတ်ထဲမှာ ကျပ်တည်းစွာ ခံစားရရင်း ချွေးများပင် ရွှဲနစ်လာသည်။ အိပ်မက်လိုလို တကယ့်အဖြစ်အပျက်လိုလိုနှင့် ပုံရိပ်များကို ဧက ခပ်ဝါးဝါး မြင်လာရသည်။ ဧကရှေ့တွင် ကလေးတစ်ယောက်ငိုနေသည်။ လူကြီးနှစ်ယောက် ရန်ဖြစ်နေသည်။ အားကောင်းမောင်းသန် လူတစ်ယောက်က ပိန်ပိန်နွဲ့နွဲ့မိန်းမသားတစ်ယောက်ကို လက်ပြန်လွှဲကာ ရိုက်ချလိုက်သည်။ “အား” ဟု အသံနက်ကြီးနှင့် အော်မိကာ ဧက အိပ်မက်မှ လန့်နိုးလာသည်။

တစ်ကိုယ်လုံး တုန်ယင်ကာ နှလုံးများ တဆတ်ဆတ်ခုန်နေသည်။ အိပ်ရာဘေးစားပွဲပေါ်မှ ရေခွက်ကိုလှမ်းယူလိုက်စဉ် ရေခွက်ကလက်နဲ့တိုက်မိပြီး “ခွမ်း” ကနဲကျကွဲသွားသည်။ ဧက ကုတင်ပေါ်မှဆင်းလိုက်ကာ နာရီကိုကြည့်လိုက်တော့ အချိန်က မနက် ၄နာရီ..

ဆောင်းဝင်ခါစအချိန်ဖြစ်တာမို့ အနည်းငယ်အေးစိမ့်မှုကိုခံစားရသည်။ ဧကသည် ငယ်စဉ် ကတည်းက အေးစက်လှသော ဆောင်းရာသီကိုမုန်းမိသည်။ ထိုဆောင်းရာသီတွင်ပင် အဖေရောအမေကပါ ဧကကိုအပြီးအပိုင် ထားရစ်ခဲ့သည်။ အဖေနှင့်အမေတို့ မရှိသည့်အချိန်မှစ၍ ညစဉ်ညတိုင်း ဧကအိပ်မက်ဆိုးများ မက်တတ်သည်။ သို့သော် ထိုအိပ်မက်မျိုးမမက်ဘဲ နှစ်ခြိုက်စွာအိပ်ခဲ့ရသည်မှာ ၂ လခန့်ရှိနေခဲ့ပြီး အခုညမှပြန်မက်ခြင်းဖြစ်သည်။

ဒီညမအိပ်ခင် ဟန်နီနှင့် ဖုန်းမပြောမိခဲ့။ ဖုန်းမပြောရခြင်းမှာ ဟန်နီက night scene ရှိနေသောကြောင့် ဧက က ပြောချင်လျက်နှင့် မပြောလိုက်ရခြင်းဖြစ်သည်။ ဟန်နီ့ကို ရေမွှေးလက်ဆောင်ပေးပြီးသည့်နေ့မှစ၍ ညစဉ်ညတိုင်း ဟန်နီနှင့် ဖုန်းပြောဖြစ်သည်။ ထူးဆန်းစွာပင် ပထမဆုံး ဖုန်းပြောသည့်ညမှာပင် ဧက အိပ်မက်ဆိုးများမမက်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။ ထို့ကြောင့်ပင် ဧကရဲ့ဟန်နီ့အပေါ်ရစ်တွယ်မှုများက ပို၍ခိုင်မာခဲ့သည်။ အိပ်မက်ဆိုးကြောင့် ဟန်နီ့ကိုပိုပြီး သတိရသလိုဖြစ်ကာ ဟန်နီ့ဖုန်းကို ခေါ်ကြည့်လိုက်သည်။ သုံး လေး ခါလောက်မြည်နေပြီးမှ…

“ဟဲလို ကိုဧက”

“ဟန်နီ ကိုယ် အခု ဟန်နီ့ကိုတွေ့ချင်တယ် ဟန်နီဘယ်မှာလဲ”

“ဟန်နီအခုလေးတင် အိမ်ပြန်ရောက်တာ မနက်မှတွေ့မယ်လေ”

“ကိုယ်ဟန်နီ့အိမ်ကိုလာခဲ့မယ် အိမ်လိပ်စာပြော”

“မဟုတ်ဘူးလေ ဘာတွေအဲ့လောက်အရေးကြီးနေတာလဲ”

“ကိုယ်အခုဟန်နီနဲ့တွေ့ရမှဖြစ်မယ် ဟန်နီမပြောရင် ကိုယ် တခြားသူတွေကို ဖုန်းဆက်ပြီး လိုက်မေးမှာနော်”

“အဲ့လိုတော့ လိုက်မမေးပါနဲ့ ပြောမယ် ဟန်နီ့အိမ်က ….”

“Ok ကိုယ်အခုပဲလာခဲ့မယ်”

ဧကဖုန်းကိုချလိုက်ပြီးတာနှင့် ကားသော့ကိုယူကာ ကားပါကင်ကိုဆင်းလာခဲ့သည်။ ဒီအချိန်ဟန်နီ့ကိုမတွေ့ရလျှင် သူ့စိတ်မငြိမ်မှုများ ပျောက်ကင်းနိုင်မည်မဟုတ်။

============================

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း – ၂)

“တီ တီ”

ကားဟွန်းသံနှစ်ချက်လောက်ဆက်တိုက်ကြားသော်လည်း ဟန်နီအိပ်ရာထဲက မထမိ။ စားပွဲပေါ်မှဖုန်းမြည်လာမှ အိပ်ချင်မူးတူးဖြင့်ထကာ ကောက်ကိုင်ကြည့်လိုက်တော့ ဧက ဖြစ်နေသည်။

“ဟဲလို ကိုဧက”

“ဟန်နီ ကိုယ်အိမ်ရှေ့ရောက်နေပြီ ထွက်လာခဲ့နော်”

“ဟင် တကယ်ကြီးလား နေဦးနော် လာမယ်”

ဟန်နီသည် ရှုပ်ပွနေသောဆံပင်ကိုလက်ဖြင့်အနည်းငယ်သပ်ချကာ ညဝတ်အင်္ကျီကို ကြည့်ကောင်းအောင် ဆွဲဆန့်ပြီး အောက်ထပ်သို့ပြေးဆင်းခဲ့သည်။ ဟန်နီပြန်မရောက်မချင်း မအိပ်ဘဲစောင့်နေသောမာမီက အခုတော့ နှစ်ခြိုက်စွာအိပ်ပျော် နေပြီဖြစ်သောကြောင့်သာ တော်တော့သည်။ မဟုတ်ရင် စစ်ဆေးရေးအဝင်ခံနေရဦးမည်။ မနက် ၅ နာရီထိုးခါနီးဖြစ်သော ကြောင့် ကောင်းကင်က တိမ်ဖြူ တိမ်ညိုများဖြင့် ယှက်ထွေးနေသည်။ ဟန်နီခြံတံခါးကိုအပြေးဖွင့်လိုက်သည်။

ဧကသည် ဟန်နီထဲကထွက်လာသည်ကို ကားပေါ်ကထိုင်ကြည့်နေမိသည်။ ဟန်နီ့ကိုမြင်လိုက်ရသည်နှင့် သူ့စိတ်ထဲ မှာပြောမပြတတ်အောင်ကို နွေးထွေးသလိုခံစားရသည်။ ဟန်နီ့ရဲ့ ဂရုတစိုက်ပြောတတ်သောစကားလေးများကြောင့်လည်း သူ့နှလုံးခုန်သံများ ပူနွေးလာတတ်သည်။ သေချာပါသည်။ ဟန်နီသာ မရှိလျှင် သူ့ဘဝအဓိပ္ပာယ်မဲ့သွားတော့မည်။ ဟန်နီ့ကို လက်လွှတ်ဆုံးရှုံးလိုက်ရလျှင် သူသေသွားနိုင်သည်။ ဧကသည် ကားတံခါးကိုဖွင့်ဆင်းလိုက်သည်။ ဟန်နီက ခြံတံခါးကိုတွန်း ဖွင့်ကာထွက်လာရင်း…

“ကိုဧက ဘာတွေဒီလောက်အရေးကြီး…”

ဟန်နီ့စကားမဆုံးလိုက်ခင် ဧက က ဟန်နီ့ကိုယ်လေးကိုတင်းကြပ်စွာဖက်ထားလိုက်သည်။ ဟန်နီသည် အံ့သြမှု တုန်လှုပ်မှု ရင်ခုန်စိတ်လှုပ်ရှားမှုများစုပေါင်းကာ ဘာမှဆက်မပြောနိုင်ဘဲ ဖြစ်နေသည်။ ဧက က တင်းကြပ်သထက် ပိုတင်းကြပ်အောင် တိုးဖက်လိုက်တော့မှ ဟန်နီသတိဝင်လာသည်။ အသက်ရှုလို့မဝ ဖြစ်လာသည်။ ထို့ကြောင့် ဟန်နီ့လက်များဖြင့် ဧကရဲ့ ကိုယ်ကို ကြိုးစားပြီး တွန်းဖယ်လိုက်သည်။

“ဟန်နီ အသက်ရှူလို့ မရဘူး”

“ဆောရီး ဟန်နီ… ကိုယ်ဟန်နီ့ကို အရမ်းသတိရလို့ပါ…”

“မနက်အစောကြီး အိမ်ရှေ့ကို လာတာ အဲ့ဒါပြောဖို့လား? ဟန်နီက အရမ်းအရေးကြီးတဲ့ ကိစ္စများရှိသလားလို့”

“ရှိတယ် အဲ့ဒီထက်အရေးကြီးတာရှိတယ်”

“သြော် အင်း ပြောလေ”

“ကိုယ် ဟန်နီ့ကိုချစ်တယ်…ဘယ်ကတည်းကလဲ..ဘာကြောင့်လဲဆိုတာတွေလည်းမမေးပါနဲ့.. အဲ့ဒါတွေအတွက် ကိုယ့်မှာအဖြေမရှိဘူး… ဒီလိုမနက်စောစော ဟန်နီ့ကို သတိရလွန်းလို့ ပြေးလာခဲ့တာနဲ့တင် ကိုယ်ဟန်နီ့ကို ချစ်တယ်ဆိုတာ ယုံပေးပါ စဉ်းစားပါရစေလို့တော့ မပြောပါနဲ့ တကယ်တော့ စဉ်းစားတယ်ဆိုတာ ဦးနှောက်ကို သုံးပြီးရွေးချယ်တာလေ ကိုယ်က ဟန်နီ့ရဲ့နှလုံးသားထဲကနေ စစ်မှန်တဲ့ ခံစားမှုနဲ့ရွေးချယ်တာကိုလိုချင်တာ ဟန်နီ့စိတ်ထဲမှာ ကိုယ့်ကို ကြည်ဖြူတယ် မကြည်ဖြူ ဘူးဆိုတာ စဉ်းစားစရာမလိုအောင် ရှင်းလင်းတဲ့ အဖြေရှိပြီးသားလို့ ကိုယ်ခံစားမိတယ် ဟုတ်ရဲ့လား”

ဟန်နီသည် ဧက၏ စကားအရှည်ကြီးကို နားထောင်ပြီးနောက် ခေါင်းညိတ်ရမလို ခေါင်းခါရမလို ဘာလုပ်လို့လုပ်ရမှန်း မသိအောင်ဖြစ်နေရပြီး ဧက ကိုသာ အကြာကြီး စိုက်ကြည့်နေမိသည်။ ဧက၏ နက်ရှိုင်းသောမျက်ဝန်းများ၏ ဆွဲငင်ခြင်းကို ခံရပြီးနောက် ခေါင်းညိတ်မိလိုက်သလား မသိ။ ဧက က “ဝမ်းသာလိုက်တာ ဟန်နီရယ်” ဟုတဖွဖွပြောရင်း ဟန်နီ့ကို နောက်ထပ် တစ်ကြိမ် ပွေ့ဖက်ထားလိုက်တော့သည်။

ညိမ်း (UCSY)

Leave a Reply

Your email address will not be published. Required fields are marked *