FUN Review

အရမ်းရိုတဲ့ကာတွန်းလေးတွေ

အရုပ်လှလှ ဇာတ်လမ်းကောင်းကောင်း ကာတွန်းလေးတွေ တူတူဖတ်ကြရအောင် ယောင်းတို့ရေ

ယောင်းတို့ရေ webtoon/webcomic လို့ပြောလိုက်ရင် ယောင်းတို့နဲ့ စိမ်းနေမယ်မထင်ဘူးနော်။ စာအုပ်ထုတ်တာမဟုတ်ဘဲ အွန်လိုင်းမှာပဲတင်ထားတဲ့ ကာတွန်းလေးတွေဖြစ်တဲ့ webtoon တွေကို အလကားဖတ်လို့ရမယ့် website ကလေးတွေ အကြောင်းကိုလဲ အက်ဒမင်တစ်ခါသား ပြောပြဖူးထားတယ်ဆိုတော့လေ။

Webtoon ကလေးတွေက ဟာသလေးတွေ၊ အချစ်ကလေးတွေကနေ၊ ဖိုက်တင်တွေ၊ သရဲနဲ့ သည်းထိတ်ရင်ဖိုတွေထိ အမျိုးအစားအမျိုးမျိုးရှိပြီး ဇာတ်လမ်းဇာတ်အိမ်ကလည်း ခိုင်မာတာမို့ တော်တော်များများက သဘောတကျဖတ်ကြပါတယ်။ Cheese in the Trap တို့လို webtoon ကနေ ဒရာမာပြန်ရိုက်တဲ့ ဇာတ်လမ်းတွေကလဲ အောင်မြင်တယ်လေ။

ရိုမန့်တစ်ဖြစ်တဲ့ ကာတွန်းလေးတွေဆိုလဲ ရိုရုံတင်မကဘူး ဇာတ်လမ်းကောင်းကောင်းနဲ့ နောက်တစ်ပတ် မြန်မြန်ရောက်ပါတော့လို့ မျှော်ရလောက်အောင် ဆွဲဆောင်မှုရှိတယ်ရော။ အခု အက်ဒမင်က အဲ့လိုဆွဲဆောင်မှုကောင်းတဲ့ ရိုမန့်တစ်ကာတွန်းလေး ၂ခုအကြောင်း ယောင်းတို့ကိုပြောပြမယ်နော်။

Related article >>> ငယ်ငယ်တုန်းက အသည်းတစ်ခြမ်းကာတွန်းကားများ

1) Winter Wood

Winter Wood

လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက လောကဓာတ်ပညာရှင်ကြီး တစ်ယောက်က လူသေတွေရဲ့ အစိတ်အပိုင်းတွေကို ဆက်စပ်ပြီး အသက်သွင်းပေးထားတဲ့ လူလို့ခေါ်ဖို့ခက်မယ့် လူတစ်ယောက် (သို့) Winter။ အခုခေတ်မှာ သူ့ကိုရှာတွေ့ပြီး စမ်းသပ်မှုတွေလုပ်နေတဲ့ ဓာတ်ခွဲခန်းကနေ ထွက်ပြေးလာပေမဲ့ သူလွတ်လာတာဟာ ဓာတ်ခွဲခန်းခေါင်းဆောင် အမျိုးသမီးရဲ့ စမ်းသပ်ချက်နောက်တစ်ခုဆိုတာ သူမသိခဲ့။ ဓာတ်ခွဲခန်းခေါင်းဆောင်ရဲ့ သူငယ်ချင်း Jane ကတော့ ဒါတွေကိုဘာမှမသိရှာဘဲ Winter ကို သူ့အတွက် ဝတ္ထုကောင်းကောင်း တစ်ပုဒ်ပေးမယ့် စိတ်ဝင်စားစရာ လူတစ်ယောက်လို့ပဲ သိထားပြီး သူ့အိမ်မှာ လက်ခံထားပေးလိုက်တယ်။

လူတစ်ယောက်လို ခံစားချက်၊ နာကျင်မှုတွေ မရှိတဲ့ Winter ဟာ Jane ဆီက သစ်စေ့လေးကို သူ့ရင်ထဲထည့်လိုက်ပြီးနောက် တကယ့်လူတစ်ယောက်လို ခံစားတတ်လာတယ်။ အဲ့ဒီကနေပြီး Jane ကို ချစ်လာမိပါတော့တယ်။

Winter တစ်ယောက် ဓာတ်ခွဲခန်းရဲ့ အရိပ်မဲကြီးအောက်က လွတ်နိုင်မလား။ သူ့လိုလူကရော တစ်ယောက်တည်းရှိတာ ဟုတ်ရဲ့လား။ ဖြူစင်လွန်းတဲ့ Winter တစ်ယောက် ကောက်ကျစ်တဲ့လောကကြီးရဲ့ အန္တရာယ်တွေကို ကျော်လွှားပြီး သူချစ်တဲ့ Jane နဲ့ ပျော်စရာ အဆုံးသတ်ကို ရပါ့မလားဆိုတာ…

2) Siren’s Lament

Siren’s Lament

Lyra ဆိုတာ ရှက်တတ်တဲ့ မိန်းမလှလေးတစ်ယောက်ပါ။ မိသားစုဆိုလို့ နေမကောင်းတဲ့ အဖွားတစ်ယောက်ပဲ ရှိပြီး ပန်းဆိုင်ကလေး ဖွင့်ထားရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူလေးပေါ့။ အချစ်ဆုံးသူငယ်ချင်းရဲ့ အစ်ကိုဖြစ်သူ Shon ကို တစ်ဖက်သတ်ချစ်နေပေမဲ့လဲ Shon မှာ ချစ်သူရှိပြီးသား ဖြစ်နေတာကြောင့် ကြိတ်ခံစားနေရပါတယ်။ တစ်ညမှာ နာကျင်မှုတွေသက်သာအောင် ပင်လယ်သွားကြည့်ရာကနေ ရေထဲပြုတ်ကျသွားတဲ့ Lyra ဟာ သာယာလွန်းတဲ့သီချင်းသံနဲ့ အနမ်းတစ်ပွင့်ကို မမျှော်လင့်ဘဲ လက်ခံရလိုက်ပါတယ်။

အဲ့ဒီအချိန်ကနေစပြီး Lyra ရဲ့ ရိုးရှင်းတဲ့ ဘဝကလေး ပြောင်းလဲသွားရပါတော့တယ်။ သူ့ဘဝထဲကို မဖိတ်ခေါ်ဘဲရောက်လာတဲ့ အသားညိုညို ခပ်ချောချောကောင်လေးဟာ ရေသူထီးတစ်ယောက် ဖြစ်နေတဲ့အပြင် Lyra လေးကိုယ်တိုင်ကပါ ရေထဲရောက်တာနဲ့ ရေသူမကလေးအဖြစ် ပြောင်းသွားတဲ့အခါမှာတော့…

ရေသူမကလေး တစ်ပိုင်းဖြစ်သွားတဲ့ Lyra တစ်ယောက် Shon အချစ်ကို ရနိုင်မလား။ တဖြည်းဖြည်း ပျောက်လာတဲ့ မှတ်ဥာဏ်တွေကြောင့် သူ့ရဲ့ လူသားဘဝကိုရော ပြန်ရနိုင်ပါ့မလား။ ရေသူထီးလေး Ian ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒါတွေကိုတော့ ဖတ်နေရင်းနဲ့ အဖြေပေါ်လာမှာဖြစ်ပြီး Lyra၊ Shon နဲ့ Ian တို့တွေဟာ ဆန်းကြယ်တဲ့ ရေကမ္ဘာမှာ အန္တရာယ်ကင်းနိုင်ပါ့မလားဆိုတာကတော့ အပိုင်းသစ်ကလေးတွေ စောင့်ရင်း ဇာတ်လမ်းဆုံးမှ သိနိုင်မယ့်အဖြေတစ်ခုပါပဲ ယောင်းတို့ရေ။

Related article >>> ကြည်နူးပျော်ရွှင်စရာ Studio Ghibli ရဲ့ ကာတွန်းရုပ်ရှင်လေးများ

အက်ဒမင်ပြောပြတာ နားထောင်ပြီး ကာတွန်းလေးတွေ ဖတ်ချင်တယ်ဆိုရင်တော့ ပုံလေးတွေကိုနှိပ်ပြီး ဖတ်ကြည့်ကြပါ ယောင်းတို့ရေ။ အဲ့ဒီ ၂ ခုထဲကမှ Winter Wood က ပြီးသွားပြီဆိုတော့ ကာတွန်းဆရာ အပိုင်းသစ်တင်တာ မစောင့်ချင်တဲ့ ယောင်းတို့အတွက် အကိုက်ပဲ။

Siren’s Lament ကလဲ မပြီးသေးဘူးသာဆိုတာ အပိုင်း ၁၀၅ လောက် ရောက်နေပြီဆိုတော့ တော်တော်နဲ့ အသစ်စောင့်စရာမလိုဘဲ အားရပါးရဖတ်လို့တော့ ရပါတယ်။ နောက်ပြီး ကောင်းခန်းရောက်နေပြီ သိလား။ ယောင်းတို့တွေ စွဲသွားမှာသေချာတယ် (အက်ဒမင့်လိုပဲ)။

ဒီကာတွန်းတွေဖတ်ပြီး ဖီးရလွန်းလို့ ယောင်းတို့ကို သေဖော်ညှိတယ်ပြောလဲ ခံရမှာပဲ ယောင်းတို့ရေ။ ဒါမျိုးအဖီးတစ်လိုင်းဆိုတာ တစ်ယောက်တည်း ကြိတ်ခံစားလို့ကောင်းတာမျိုး မဟုတ်ဘူးမလား။ ချစ်စရာကာတွန်းလေးတွေမို့ ဖတ်စေချင်တာလဲ ပါပါတယ် အဟီး။ တူတူဖီးရအောင်နော်။

Khine (For Her Myanmar)

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *