ယောင်းတို့ရဲ့အားလပ်ရက်လေးကို ပြည့်စုံသွားစေမယ့် ဟာသဇာတ်ကားကောင်းများ

ရုပ်ရှင်အမျိုးအစားအများကြီးထဲမှာမှ ယောင်းတို့ နှစ်သက်လောက်မယ့် ဟာသစွက်တဲ့ရုပ်ရှင်ကားလေးတွေကို လက်တို့ပေးလိုက်ပါတယ်နော်.. 

ယောင်းတို့ရေ၊ ရုပ်ရှင်ကြည့်ရတာ ဝါသနာပါကြလားဟင်။ Amber ကတော့ ရုပ်ရှင်ဆို ဘာလာလာဒေါင်းတတ်သူမို့ amber သဘောကျနှစ်သက်မိတဲ့ ရုပ်ရှင်လေးတွေကို လက်တို့ပေးလိုက်ပါတယ်နော်.. အားလပ်ရက်လေးတွေမှာ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေကြတာပေါ့ယောင်းတို့ရေ…

(1)Confession of a Shopaholic


ဒါလေးက shoppingထွက်တာ ၀ါသနာကြီးတဲ့ယောင်းယောင်းတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။မင်းသမီးကတော့ နာမည်ကြီးမင်းသမီးဖြစ်တဲ့ Isla Fisherဖြစ်ပြီး မင်းသားကတော့ Hugh Dancyဖြစ်ပါတယ်။ ဒါရိုက်တာ P.J.Hogan က ရိုက်ကူးပေးထားပြီး box officeမှာ အမေရိကန်ဒေါ်လာ ၁၀၈.၃မီလီယမ်ဝင်ငွေရထားတဲ့ ကားကောင်းလေးဖြစ်ပါတယ်။ မိန်းကလေးတော်တော်များများလိုပဲ ဒီဇာတ်ကားရဲ့ဇာတ်လိုက်မလေး ရီဘက်ကာဟာ ဈေးဝယ်ထွက်ကြမယ်ဟေ့ဆို နှစ်ခါခေါ်စရာမလိုတဲ့ ကောင်မလေးပါ။ ယောင်းတို့ထဲမှာ ရီဘက်ကာလိုကောင်မလေးတွေ ပါတယ်ဟုတ်။

Related Article >>> လက်မလွှတ်တမ်းကြည့်သင့်တဲ့ romance ရုပ်ရှင် (၃)ကား

ဒါပေမယ့် ပြဿနာကတော့ အကြွေးဝယ်ကတ်တွေအကုန်လုံး အသုံးပြုလိုက်ပြီးနောက်မှာ သုံးစရာပိုက်ဆံကိုမကျန်တော့တာပါပဲ။ အကြွေးရှင်တွေကိုလည်း ရှောင်ရတိမ်းရ လက်ရှိအလုပ်ကလည်း ထွက်လိုက်ရပြီးတဲ့နောက်မှာ သူမဟာ ပိုက်ဆံရဖို့ အလုပ်တစ်ခုခုရှာရပါတော့မယ်။ အစကတော့ ဖက်ရှင်မဂ္ဂဇင်းမှာ လျှောက်ဖို့ရည်ရွယ်ခဲ့ပေမယ့် သူမတကယ်တမ်းအလုပ်ရသွားတဲ့ကုမ္ပဏီကတော့ ငွေကြေးကိုဘယ်လိုခြွေတာရမလဲရေးသားတဲ့မဂ္ဂဇင်း ဖြစ်နေတော့ အဲ့ဒီမှာစတွေ့တာပါပဲ။ ဒီနောက်မှာတော့ သူမဘယ်လိုဆက်လုပ်ရှားမလဲဆိုတာ ဟာသလေးတွေ romance လေးတွေနဲ့ တင်ဆက်ထားတာမို့ အားလပ်ရက်မှာကြည့်မယ့်ဇာတ်ကားစာရင်းထဲ မြန်မြန်သာထည့်ထားလိုက်နော်။

(2)The Intern


ဒီဇာတ်ကားလေးကတော့ အလုပ်နဲ့မိသားစုဘ၀လေးကို မျှတအောင်ကြိုးစားနေတယ့် ယောင်းယောင်းတို့အတွက် အကြံဥာဏ်ကောင်းတွေကို ရစေနိုင်မယ့်ဇတ်ကားလေးပါ။ဂျူလီယာအဖြစ် နာမည်ကြီးမင်းသမီးချော Anne Hathaway၊ ဘန်အဖြစ် မင်းသားကြီး Robert De Niroတို့ သရုပ်ဆာင်ထားပြီး ဒါရိုက်တာကတော့ Nancy Meyersဖြစ်ပါတယ်။ box office မှာ ၁၉၄.၆မီလီယမ်ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၇၀အရွယ်အရွယ် ဘန်ဝှစ်တိတ်ကာဟာ အရင်ကုမ္ပဏီကနေ အငြိမ်းစားယူပြီးနောက်မှာ အိမ်မှာအငြိမ်မနေချင်တာနဲ့ အွန်လိုင်းဖက်ရှင်ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ခဲ့ပါတယ်။

အဲ့ဒီကုမ္ပဏီပိုင်ရှင်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းအောင်မြင်အောင်ကြိုးစားနိုင်တဲ့ အရည်အချင်းရှိတဲ့ ဂျူလီယာဖြစ်ပါတယ်။ ဂျူလီယာဟာ ချစ်ခင်ရတဲ့ ယောက်ျားနဲ့သမီးလေးတစ်ယောက်ရှိတဲ့ မိသားစုဘ၀လေးတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ business womanတွေရဲ့ထုံးစံအတိုင်း အလုပ်ခွင်အတွက် အမြဲစဉ်းစားပေးရတဲ့ဂျူလီယာဟာ မိသားစုဘ၀မှာ ပေါ့လျော့မှုတွေဖြစ်လာပါတယ်။ ဘန်ရဲ့အကြံပေးမှုတွေနဲ့ ဂျူလီယာဟာ balance ဖြစ်အောင်ပြန်လည်ချိန်ညှိနိုင်ပါ့မလားဆိုတာ ဟာသလေးတွေနဲ့ မပျင်းရလေအောင် တင်ဆက်ထားတာမို့ business woman ယောင်းယောင်းတို့ ကြည့်ရှုသင့်ပါတယ်လို့ အကြံပေးပါရစေနော်။


 (3)Hello Stranger


ဒီကားလေးကတော့ ထိုင်းကားလေးတွေကို နှစ်သက်တဲ့ယောင်းတို့အကြိုက်တွေ့မယ့် ကားကောင်းလေးပါ။ မင်းသားကတော့ ATMကားထဲက မင်းသား Chatavit Dhanasevi နဲ့ မင်းသမီးလေးကတော့ Only Only You ဆိုတဲ့အဆိုတော်ကောင်မလေး Nuengthia Sopon ဖြစ်ပါတယ်။ ဒါရိုက်တာ Banjong Pisanthanakun က ရိုက်ကူးပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို မပြောပြခင် ယောင်းတို့ကို မေးစရာလေးရှိပါတယ်နော်..အခုမှစတွေ့တဲ့လူတစ်ယောက်ကို အချိန်အကြာကြီးကတည်းက သိလာခဲ့သလိုမျိုးခံစားဖူးလား ယောင်းတို့ရေ။ ဖြစ်နိုင်ပါတယ်။ စိတ်ခံစားချက်ခြင်း အကျင့်ခြင်း ၀ါသနာခြင်းတူနေခဲ့မယ် ဆိုရင်ပေါ့။ အချိန်အကြာကြီးသိလာခဲ့ပေမယ့်လည်း စိတ်ခြင်းလည်းမနီးစပ် တူတာလဲဘာမှမရှိရင်တော့ တဖြည်းဖြည်းဝေးသွားကြမှာပဲလေ။ ဒါဆိုရင် နာမည်လေးတောင်မသိပဲ ဘယ်မှာနေမှန်းတောင်မသိပဲ ချစ်မိသွားဖို့ကော ဖြစ်နိုင်ပါ့မလား။

Related Article >>> ကာတွန်းခရေဇီတွေ ကြည့်သင့်တဲ့ ဂျပန်ကာတွန်းရုပ်ရှင်(၃)ကား

မြင်မြင်ချင်းချစ်သွားတာ မဟုတ်ဘူး နော်။ ကိုရီးယားကိုအလည်ခရီးထွက်လာတဲ့ ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် ( ကောင်လေးက အမှန်တော့ဆေးထိုးခံရပြီးရောက်လာတာ) ။ အလွဲများစွာနဲ့ ကံကြမ္မာက သူတို့ကို ပေးတွေ့ပြီးတဲ့နောက် အချင်းချင်းရင်ဖွင့်ကြ ဖေးမကြရင်း သံယောဇဉ်ဖြစ်လာတဲ့အခါ ကံကြမ္မာက ထပ်ကျီစယ်ပြန်တယ်။ အလွဲများနဲ့ သူတို့နှစ်ဦးဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြတော့နော်။ ဟာသလေးတွေကလည်း ပါးစပ်မပိတ်နိုင်အောင် ခွီနေရမယ်ဆိုတာ အာမခံတယ်။

 

ဒီဇာတ်ကားလေးသုံးကားကတော့ Amberကြိုက်မိတဲ့ကားလေးတွေပေါ့။ အားလပ်ရက်လေးမှာ စိတ်လည်းအပန်းဖြေရင်း ဇာတ်ကားထဲက ဗဟုသုတလေးတွေလည်း ရယူရင်းနဲ့ ယောင်းတို့ရဲ့အားလပ်ရက်တွေ ပိုပြည့်စုံသွားပါစေနော်။ ယောင်းတို့ကြိုက်နှစ်သက်တဲ့ ဇာတ်ကားလေးတွေရှိရင်လည်း ဝေမျှခဲ့ပါဦး။

Amber(ForHerMyanmar)

No Comments Yet

Comments are closed