သင်ခန်းစာတွေအများကြီး ယူလို့ရနိုင်မယ့် ဘောလိဝုဒ်ဇာတ်ကား ၂ကား

ရုပ်ရှင်ကြည့်ရင်း သင်ခန်းစာတွေ အများကြီးရနိုင်မယ်ဆိုရင်တော့ ဘယ်လောက်တောင် ကောင်းလဲနော်..

ယောင်းတို့ရေ… တစ်ပတ်တစ်ခါ တင်ဆက်ပေးနေကျ ရုပ်ရှင်အညွှန်းကဏ္ဍလေး တင်ဆက်ဖို့ အချိန်ကျရောက်လာပြန်ပါပြီ.. For Her Myanmar ကလုပ်တဲ့ ပွဲတွေကလည်း ဆက်နေတော့ အက်ဒ်မင်လည်း စာမရေးဖြစ်ဘူးဖြစ်နေတာ.. ရုပ်ရှင်လည်း မကြည့်ဖြစ်ဘူးလေ.. အလုပ်တွေက ရှုပ်နေတော့ မနက်မိုးလင်း၊ ညမိုးချုပ်ထိ အလုပ်၊ အလုပ်၊ အလုပ်ပဲ ဖြစ်နေတာဆိုတော့လေ…

ဒါဆို ဒီတစ်ပတ်အတွက် ဘယ်ရုပ်ရှင်တွေ ညွှန်းပေးမလဲ ကြည့်ကြရအောင်နော်..

၁။ English Vinglish

English Vinglish

ဒီဇာတ်ကားလေးကတော့ ကြည့်တတ်ရင် ကြည့်တတ်သလို သင်ခန်းစာတွေ အများကြီး ရနိုင်မယ့် ဇာတ်လမ်းလေးပါ။ ထွက်တာလည်း ကြာခဲ့ပါပြီ။ ဇာတ်လမ်းကတော့ အင်္ဂလိပ်စကားမပြောတတ်တဲ့ အိန္ဒိယက သာမန် အိမ်ထောင်ရှင်မလေး တစ်ယောက်အကြောင်းပါ။ သားသမီးနှစ်ယောက်အမေ သူ(မ)မှာ အင်္ဂလိပ်စကားကို တကူးတကသင်နေဖို့လည်း အချိန်မရှိပါဘူး။ အမျိုးသားဖြစ်သူကလည်း သင်ပေးနေဖို့ အချိန်မရှိတဲ့အပြင် သင်ပေးဖို့လည်း စိတ်ကူးမရှိပါဘူး။ သမီးဖြစ်သူကလည်း အမေကို သင်ပေးဖို့ စိတ်မရှည်တာအပြင် မိခင် အင်္ဂလိပ်စကားမပြောတတ်တာကို နှိမ်ချင်တဲ့သူပါ။ လူရာမသွင်းကြဘဲ ယောက်ျားလုပ်သူကလည်း နှိမ်၊ သမီးလုပ်သူကလည်း နှိမ်ပေမယ့် သူကတော့ ပုံမှန်ပါပဲ.. အိမ်အတွက် လိုအပ်တာ ဖြည့်ဆည်းပေးနေရရင်ကို ဘဝကြီးပြည့်စုံနေပြီလို့ ခံစားနေရသူပေါ့။

ဒါပေမဲ့ လက်တွေ့ဘဝဟာ ဒီလောက်မရိုးရှင်း မပြည့်စုံပါဘူး။ တစ်နေ့မှာတော့ အစ်မဖြစ်သူရဲ့ သမီး မင်္ဂလာဆောင်ကိုသွားဖို့ လန်ဒန်ထိ တစ်ယောက်တည်းခရီးထွက်လာရပါတော့တယ်။ အားကိုးမရှိဘဲ မနေတတ်ခဲ့တဲ့ သူ့အတွက်တော့ အရာအားလုံးက ကြောက်လန့်စရာတွေပေါ့.. ဒီမှာပဲ မဖြစ်မနေ အင်္ဂလိပ်စာ သင်ရဖို့ ဖြစ်လာပါတော့တယ်.. သူ(မ)တကယ်ပဲ အင်္ဂလိပ်လို ပြောနိုင်သွားမှာလား။ သူ(မ)ကို နှိမ်နေကျ ယောက်ျားဖြစ်သူနဲ့ သမီးကရော ဘယ်လို သဘောတွေ ရှိကြသလဲ.. သူ(မ)ရဲ့ အစ်မတွေ၊ တူမတွေကရော ဘယ်လိုသဘောထားကြသလဲ.. ဆိုတာတွေကို ပျင်းစရာတစ်ချက်မကောင်းရအောင် စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာ အပြည့်နဲ့ ရိုက်ကူးထားတာကို တွေ့ရမှာပါ..

ဘယ်လောက်ပဲ ဘဝကြီးက ပြည့်စုံပါပြီလို့ တွေးတွေး မိန်းမတစ်ယောက်က မီးဖိုချောင်ထဲ ကုပ်နေတာနဲ့ တကယ်မပြည့်စုံသွားပါဘူး။ ကိုယ့်တက်လမ်း ကိုယ်ရှာရပါတယ်.. ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းရပါတယ်။ အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းနဲ့ အဆက်ဖြတ်လိုက်လို့မရပါဘူး။ ခင်ပွန်းဖြစ်သူမှာသူ့မိတ်ဆွေ အပေါင်းအသင်း၊ အသိုင်းအဝိုင်းရှိသလို ကိုယ့်မှာလည်း ကိုယ့်အပေါင်းအသင်း၊ ကိုယ့်အသိုင်းအဝိုင်းတွေ ရှိသင့်ပါတယ်။ ကံကြမ္မာဆိုတာက ပြောလို့မရဘူးလေ.. ကိုယ်အားကိုးနေရတဲ့ ကိုယ့်အမျိုးသားက အကြောင်းတစ်စုံတစ်ရာကြောင့် အန္တရာယ်တွေ့ခဲ့သည်ရှိသော်၊ ပြိုလဲခဲ့သည်ရှိသော်၊ ကြားလူကြောင့် အိမ်ထောင်ပျက်စီးခဲ့သည်ရှိသော် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ကြည့်ပြီးတဲ့ ယောင်းတို့လည်း သိပြီးသားဖြစ်မှာပေမယ့် ဒီကားကို ကြည့်ပြီးတဲ့နောက်မှာတော့ အက်ဒ်မင့်အတွေးတွေ ပိုပြီးခိုင်မာလာပါတယ်။ ကိုယ့်ကို အထင်မကြီး၊ လူရာမသွင်းတဲ့ ခင်ပွန်းနဲ့ သားသမီးတွေရှေ့မှာ ခေါင်းငုံ့ပြီး အပြောခံ၊ အဆိုခံ၊ အနှိမ်ခံနေမလား? အိမ်တွင်းမှုလည်း နိုင်နင်းတဲ့အပြင် ခင်ပွန်းဖြစ်သူနဲ့အတူ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ပွဲထုတ်လို့ကောင်းတဲ့ ဂုဏ်ယူစရာကောင်းတဲ့ ဇနီး၊ သားသမီးတွေရှေ့ မျက်နှာပန်းလှမယ့်၊ အထင်တကြီးရှိမယ့် မိခင်အဖြစ် နေမလားဆိုတာတော့ ….

Related Article >>> ရယ်မောရင်း အပန်းပြေမယ့် ရုပ်ရှင်လေးတွေ ကြည့်ရအောင်..

အက်ဒ်မင် လေနည်းနည်းများသွားပြီ။ ရုပ်ရှင်အကြောင်းဆက်သွားကြရအောင်နော်.. နောက်ထပ် အက်ဒ်မင်ညွှန်းပေးချင်တဲ့ ဇာတ်ကားကတော့

၂။ Every Child is special

Every child is special

ဒီဇာတ်ကားကတော့ Amir Khan ရဲ့ နာမည်ကျော်ဇာတ်ကားတစ်ကားပါ။ အလွတ်ကျက်စနစ်နဲ့ ရင်းနှီးပြီး အပြိုင်အဆိုင်ရှိမှ တိုးတက်မယ်၊ ဘယ်တော့ပြိုင်ပြိုင် ၁ပဲ ရရမယ်ဆိုတဲ့ လောကကြီးမှာ ကိုယ်ဝါသနာပါရာတွေကို စွန့်လွှတ်ပြီး မပျော်တဲ့ဘဝထဲ နှစ်မြှုပ်နေရတဲ့အခါ ကမ္ဘာကြီးက ပါရမီရှင်တွေကို ဆုံးရှုံးရတော့တာပါပဲ.. ဒီဇာတ်ကားမှာတော့ ၁၀နှစ်အရွယ်ကလေးတစ်ယောက်ဟာ သူများမတွေးတဲ့ အတွေးတွေတွေးပြီး ဘောင်အပြင်က စဉ်းစားတတ်တဲ့သူပါ။

ပန်းချီပညာမှာလည်း အရွယ်လေးနဲ့မလိုက်အောင် ပါရမီပါခဲ့ပေမယ့် စာမှာတော့ ညံ့ဖျင်းလွန်းလှပါတယ်။ ဆရာတကာကလည်း လက်မြှောက်ထားပြီး မိဘတွေ အထူးသဖြင့် ယှဉ်ပြိုင်ရင် နိုင်တာမှကြိုက်ပြီး နံပါတ် ၁ နေရာကိုပဲ လိုချင်နေတဲ့ဖခင်အတွက်ကတော့ သူက သားဆိုးပါ။ စာပေပညာမှာ ထူးချွန်တဲ့ သားကြီးကတော့ သားလိမ္မာလေးပေါ့။ အရာရာမှာ နှိုင်းယှဉ်ခံရပြီး ကိုယ်ပိုင်နေရာပျောက်ဆုံးလာတဲ့ ၁၀နှစ်သားအရွယ် ကလေးငယ်အတွက် မျှော်လင့်ချက်က ပန်းချီပါ။

ဒါပေမဲ့ သူ့ကို ကျောင်းအိပ်ကျောင်းစားထားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ မျှော်လင့်ချက်အရောင်တွေပါ ပျောက်ဆုံးလာပါတော့တယ်… ကျောင်းအိပ်ကျောင်းစားသွားထားတဲ့အခါမှာရော ဒီကလေးရဲ့ အခြေအနေတိုးတက်လာမှာလား? ပန်းချီပညာမှာ ပါရမီပါတဲ့ ဒီကလေးဟာ ပန်းချီကို တကယ်ပဲ စွန့်လွှတ်လိုက်တော့မှာလား? ရိုးရှင်းတဲ့ အကြောင်းလေးတစ်ခုကို မျက်တောင်မခတ်တမ်း စောင့်ကြည့်ရအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ကားပါ။ အိန္ဒိယကားကြည့်တိုင်း အိန္ဒိယ သီချင်းတွေကို ကျော်ကျော်ချတဲ့ အက်ဒ်မင်တောင် သီချင်းတိုင်းကို မလွတ်တမ်းကြည့်မိတဲ့ ဇာတ်ကားပါ။ သင်ခန်းစာတွေလည်း အများကြီး ရခဲ့တဲ့ ဇာတ်ကားပေါ့။ ယောင်းတို့လည်း ကြည့်မိရင် သဘောကျ နှစ်သက်သွားမယ်ထင်မှာပါ။

ကဲ.. ဒီလောက်ဆို ပိတ်ရက်အတွက်လည်း လုံလောက်ပြီလို့ ထင်ပါရဲ့နော်… ရုပ်ရှင်ကြည့်ပြီး ရုပ်ရှင်ထဲက သင်ခန်းစာတွေ ယူတတ်ကြပါစေ ယောင်းတို့ရေ.. အရာရာတိုင်းကို ကိုယ်လိုက်မှားနေလို့မှ မရတာလေ.. သူများအမှားကနေ ကိုယ့်အတွက် သင်ခန်းစာယူကြမှသာ အမြတ်ကျန်တော့ပေမပေါ့နော်.. စိတ်ချမ်းမြေ့ကြပါစေ ယောင်းတို့ရေ…

Libra ( For Her Myanmar )

No Comments Yet

Comments are closed