FUN

သစ်ခက်လေးရဲ့ကောင်းကင်ပြာ

“ဒါ ကိုယ်​တို့နှစ်​​ယောက်​အတူ​နေရမယ့်​ အခန်းပဲ”

ခပ်​​အေး​အေး​ပြောရင်း ​ဘေးက သူ​ဖြတ်​​လျှောက်​သွား​တော့ ရ​နေကျပူရှိန်းနံ့သင်းသင်း​ရောတဲ့ သူ့ကိုယ်​သင်းနံ့က ခက်​ နှာ​ခေါင်း​လေးတဝိုက်​ ​ဝေ့ဝဲကျန်​ရစ်​ခဲ့​လေတယ်​။ ခုထက်​ထိ သူ့အခန်းဝမှာ ရပ်​ကြည့့်ရင်း

ခက်​ ခြေတစ်​လှမ်းမှမ​ရွှေ့ဖြစ်​ .. ခက်​ အရင်​အိမ်​​လေးရဲ့ သုံးဆ​လောက်​ရှိမယ့်​ သူ့အခန်းကြီးကို တ​​မေ့တေ​မာ​ငေးကြည့်​ရင်း နှစ်​​ယောက်​အိပ်​အပြာ​ရောင်​ကုတင်​ကြီးကို မျက်​လုံးအ​ရောက်​ .. ဟူး .. ရင်​တုန်​သလိုလို ရင်​ဖိုသလိုလိုနဲ့ …တစ်​အိမ်​လုံးမှာမှ သူနဲ့ ခက်​ နှစ်​​ယောက်​တည်း .. ဒါ့အပြင်​ အခု တစ်ကုတင်​တည်းအိပ်​ကြရမယ့်​ ဆက်​ဆံ​ရေးမျိုးဆိုတဲ့ အသိကဝင်​လာ​တော့ ခက်​ မျက်​နှာ​လေး​နွေးခနဲ။

“ဝင်​ခဲ့​လေ”
“ဟုတ်​ .. ဟုတ်​ကဲ့ ကိုကို”
ကိုကိုဆိုတဲ့နာမ်​စား​လေးကို​တော့ ခက်​ နှုတ်​ခမ်း​လှုပ်​ရုံ​လေး ရွတ်​မိတာပါ။ ကိုကိုများ စိတ်​အ​နှောင့်အယှက်​ဖြစ်​သွား​လေမလား .. တကယ်​​တော့ ကိုကိုနဲ့ ခက်​ က ဒီ​နေ့ပဲ လက်​ထပ်​စာချုပ်​မှာ နှစ်​ဦးသ​ဘောတူ လက်​မှတ်​ထိုးခဲ့ကြတာပါ။ အဟင်း .. ရယ်​စရာ​ကောင်းတာတစ်​ခုက ကိုကိုနဲ့ခက်​ က သိပ်​ချစ်​ကြလို့ အိမ်​​ထောင်​တစ်​ခုကို တည်​​ဆောက်​ခဲ့ကြတာမျိုးမဟုတ်​ဘဲ ​တွေ့တာမှတစ်​လမပြည့်​​သေးခင်​ “ကိုယ့်​ကိုလက်​ထပ်​ချင်​လား သစ်​ခက်​​​ခြယ်​” ဆိုတဲ့ ကိုကိုရဲ့ propose မဟုတ်​​လေတဲ့ စကား​လေးတစ်​ခွန်းမှာ ခက်​ ကိုယ်​တိုင်​က လိုလိုလားလား​ခေါင်းငြိမ့်​ခဲ့မိခြင်းပါ။
Ma ရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​ club မှာ အချိန်​ပိုင်း waitress လုပ်​​နေခဲ့တဲ့ ခက်​ တစ်​​ယောက်​ ကိုကိုနဲ့ ပထမဆုံး​တွေ့ဆုံမှုမှာတည်းက .. ယောကျာ်းပီသပြီး သိပ်ကိုပြီးပြည့်စုံလွန်းတဲ့ ကိုကို့ကို မသိလိုက်​မသိဘာသာ​လေး ခိုးကြည့်​ရင်း ခလုတ်​တိုက်ပြီး ပုလင်းကွဲ လက်​မှာစူးလို့ ဆရာဝန်​ဖြစ်​တဲ့ကိုကိုက ​ဆေးထည့်​​ပေးရင်း ​သိခဲ့ကြတာ .. ရှက်​စ​ရာ​ကောင်းတယ်​ဆို​ပေမယ့်​ ခက်​ မရှက်​မိဘူး ကိုကို။ လူတိုင်းကို ကိုကို ဘယ်​လိုဆက်​ဆံတတ်​လဲဆိုတာ ခက်​ မသိ​ပေမယ့်​ ​မွေးကတည်းက Ma ဆီကလွဲရင်​ ​သူစိမ်းတစ်​​ယောက်​ဆီက နွေး​ထွေးမှု ကြင်​နာမှုဆိုတာမျိုး မရခဲ့ဖူး​လေ​တော့ သစ်​ခက်​ခြယ်​ ဆိုတာ ကိုကိုနဲ့ပတ်​သက်​လာရင်​ အဲ့ဒီအချိန်​တည်းက အရူးအမူးဖြစ်​ခဲ့မိတာ မဆန်းပါဘူး။ ကိုကို့အ​ကြောင်းကို ကိုကို​ပြောပြဖူးတဲ့ ဆရာဝန်​တစ်​​ယောက်​ဆိုတာရယ်​၊ ရန်​ကင်းမှာ​နေတယ်​ဆိုတာရယ်​ကလွဲရင်​ ခက်​ သိတာမရှိခဲ့​။ ကိုကိုကလည်း သိပ်​ပြီး ထူးထူး​ထွေ​ထွေ​ပြောပြဖို့ စိတ်​ကူးမရှိခဲ့ပုံပါ။ ကိုကိုက​တော့ ခက်​ အိမ်​ကိုလည်း​ရောက်​ဖူးတယ်​၊ Ma နဲ့​တွေ့ပြီး​တော့ ​​ရယ်​ရယ်​​မော​မော စကားစမြည်​​ပြောရင်း Ma ရဲ့ ကျန်းမာ​ရေးကို​တောင်​ မကြာခဏလာစစ်​​ပေးဖူး​သေးတယ်​။ ​နောက်​ ခက်​ ရဲ့ တခြားအချိန်​ပိုင်းအလုပ်​တစ်​ခုဖြစ်​တဲ့ စတိုးဆိုင်​ထိ​တောင်​ ကိုကို လာလည်​ခဲ့​ဖူး​သေးတာပဲ။ ခက်​ ဘဝက အိမ်​ရယ်​၊ အချိန်​ပိုင်းအလုပ်​ရယ်​၊ Ma ရယ်​ .. ဒီ​လောက်​ထိ ရိုးစင်း​နေရလားဆိုပြီး​တော့ ကိုကို ပြုံးပြုံး​လေး​ပြောခဲ့ဖူး​တာ​တောင်​ ခက်​ မှတ်​မိပါ​သေးတယ်​ .. အရယ်​အပြုံးနည်းလွန်းတဲ့ ကိုကို့ဆီက စွန့်​ကြဲ​သမျှ အပြုံး​တွေက ခက်​ အတွက်​​တော့ ​ပျော်​ရွှင်​မှု​တွေဆိုတာ ကိုကိုက​တော့ သိမှာမဟုတ်​​ပေမယ့်​ ….
ကိုကိုသိလား .. အတိအကျ မှတ်​ထားတာမျိုးမဟုတ်​ခဲ့​ပေမယ့်​ ခက်​ နဲ့ ကိုကိုလက်​ထပ်​ခဲ့ကြတုန်းက ကိုကိုပြုံးမ​နေခဲ့ဘူးေ​နာ်​ .. ဒါကလည်း ကိုကိုက အရယ်​အပြုံးနည်းတာ​ကြောင့်​ပဲ ​နေမှာပါ​နော်​။ ကိုကို့ဆီက ချစ်​တယ်​ဆိုတာမျိုး မကြားခဲ့ဖူး​ပေမယ့်​ ကိုကို့အစား မိန်းမသားဖြစ်​တဲ့ ခက်​ ကပဲ​ပြော​ရမယ်​ဆိုရင်​​တောင်​ ကိုကို့မျက်​နှာ​လေးကို ကြည့်​ခွင့်​ရ​နေတဲ့အချိန်​တိုင်းမှာ​တော့ ချစ်​တယ်​ဆိုတဲ့စကား​လေးတစ်​ခွန်းကို ကိုကို ငြီး​ငွေ့သွားတဲ့အထိ ခက်​ ​ပြော​နေဦးမှာ။
ကိုကိုမချစ်​လည်း ခက်​ ကိုကို့ကို စိတ်​ပျက်​စရာ​ကောင်း​လောက်​​အောင်​ ချစ်​ပြနိုင်​ပါတယ်​ .. ကိုကို
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
“ဟို .. ဟို​လေ”
“အင်း .. ​ပြော​လေ ခက်​”
ခက်​ အသံ​လေး​ကြောင့်​ ​ကောင်းကင်​ ပေါင်​ပေါ်က Laptop ​လေးကို ​ဘေးအသာချပြီး လှည့်​ကြည့်​မိတယ်​။ ခုမှ ​ရေချိုးပြီးပုံရတဲ့ ခက်​ က​တော့ ​လှမ်း​ခေါ်ထားပြီး မျက်​လုံးချင်းမဆုံဝံ့တာ​ကြောင့်လားမသိ သူထုတ်​​ပေးထားခဲ့တဲ့ အဝါ​ရောင်​ညဝတ်​အင်္ကျီ​လေးရဲ့ လက်​ဖျား​ကအစ​လေးကို ခပ်​တင်းတင်းဆုပ်ကိုင်​ထားရင်း ​ခေါင်း​လေးခပ်​လွှဲလွှဲလုပ်​ပြီး ရပ်​​နေ​လေရဲ့။
ခုမှ ​သေချာကြည့်​မိတယ်​ .. ဒီ​ကောင်​​မလေး ညဘက်​ကြီး ​ခေါင်း​လျှော်​ထားပြီး ​ခြောက်​​အောင်​ကျ သုတ်​မထားပြန်​ဘူး ကြည့်​။
ကောင်းကင်​ ချက်​ချင်းပဲ ထပြီး ခက်​ အနား​ရောက်​လာ​တော့ ​နဂိုတည်းက သူ့ကို ခပ်​ရှိန်​ရှိန်​ဖြစ်​​နေတဲ့ သူမ​လေးရဲ့ ကိုယ်​လုံး​လေးကျုံ့ခနဲ။ အင်း .. ခုထိ​တော့ သူ့ကို ရှိန်​​နေဦးမှာ​ပေါ့​လေ။
“​ခေါင်း​သုတ်​ဦး​လေ”
ပြော​နေရင်းနဲ့ ​ကောင်းကင်​ လက်​​ချောင်းရှည်​ရှည်​​တွေက ​ရေမ​ခြောက်​တ​ခြောက်​ဖြစ်​​နေတဲ့ ခက်​ ဆံပင်​​ပျော့​ပျော့​လေး​တွေကို ဆွဲဖွမိရက်​သား။
“ကိုယ်​သုတ်​​ပေးမယ်​​”
ခေါင်း​လေးငြိမ့်​ပြပြီး ​ကောင်းကင်​ ကို မရဲတရဲ​မော့ကြည့်​လာတဲ့ မျက်နှာ​သေး​သေး​လေးက ပန်းရင့်​​ရောင်​ထလို့။ ခုမှ ရယ်​ချင်​သလိုဖြစ်​လာတာမို့ ​ကောင်းကင်​ ဟက်​ခနဲ တစ်​ချက်​ရယ်​ရင်း ခက်​ ပါး​လေးကို ခပ်​ဖွဖွဆွဲလိုက်​မိ​တော့ မျက်​ကွင်းညိုညို​လေး​တွေနဲ့ အနားသတ်​ထားတဲ့ မျက်​ဆံနက်​နက်​​လေး​တွေက ဂနာမငြိမ်​။ သူ့ကြည့်​ရတာ ချစ်​စရာ​ကောင်းတဲ့ကြွက်​က​လေးတစ်​​ကောင်​နဲ့ တူတာမို့ မ​မျှော်​လင့်​ဘဲ ​ကောင်းကင်​ နှုတ်​ခမ်းတို့ဖွင့်​ဟမိ​လေတယ်​။
“ကြွက်​က​လေးနဲ့တူတယ်​”
ခပ်​ပြုံးပြုံးဆိုရင်း ​ပြောလာတဲ့ သူ့အ​ပြော​အောက်​ မြင်​ရခဲတဲ့ အပြုံးခပ်​ပါးပါးတစ်​ချို့ကို ရင်​ဘတ်​ထဲ အသည်းအသန်​​ကောက်​သိမ်းရင်း ကျရှုံးရသူက ခက်​ ။ ကိုကို့အပြုံးကို ဒီလိုအနီးကပ်​မြင်​ရဖို့ဆိုတာ မလွယ်​ဘူးမဟုတ်လား။
ကောင်းကင်​ က​တော့ သူ့ကိုမျက်​​တောင်​မခတ်​တမ်း ​တ​မေ့တ​မောစိုက်​ကြည့်​​နေတဲ့ မျက်​ဝန်း​လေးတစ်​စုံကို ​​မွှေးပွသဘက်​​လေးတစ်​ထည်​နဲ့ ကာပစ်​လိုက်​ရင်း
“​ခေါင်းမ​ခြောက်​ဘဲအိပ်​ရင်​ ​ခေါင်းကိုက်​မှာစိုးလို့”
ပြီး​တော့ ​ကောင်းကင်​ လက်​​တွေက ခက်​​ခေါင်း​ပေါ်က သဘက်​​လေးကို အသာအယာကိုင်​တွယ်​ပြီး သုတ်​​ပေး​နေရင်း တစ်​ချက်​တစ်​ချက်​ နှာဖျားဝ​လေးဆီကျီစယ်​လာတတ်​တဲ့ ချိုအီအီရှန်​ပူနံ့​လေးကို ဖွဖွ​လေးရှူရှိုက်​မိတာကို​တော့ တဒိန်းဒိန်းခုန်​ရလွန်းလို့ ​ပေါက်​ကွဲမတတ်​ဖြစ်​​နေတဲ့ ရင်​ဘတ်​ကြီးကို ဖိရင်း အသက်​ရှူမှား​နေခဲ့တဲ့ ခက်​ က​တော့ မသိလိုက်​​။
ထို့​နောက်​ နှင်းဆီနံ့ နဲ့  ပူရှိန်းနံ့​ရော​သော ကုတင်​ကြီး​ပေါ်တွင်​ အလယ်​က ဖက်​လုံးတစ်​လုံးခြားပြီး​ အဖြူကို အ​ရောင်​ခပ်​ပါးပါးစွန်းလုဆဲဆဲ အ​နေအထားနဲ့ ခက်​ နှင့်​ ​ကောင်းကင်​ ​တစ်​​ယောက်ကို​တစ်​​ယောက်​ ​ကျော​ပေးရင်း ကြိုးစားအိပ်​စက်​ခဲ့ကြ​လေသည်​။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

” ထက်​​ကောင်းကင်​ .. မင်း အခု ထွက်​ခဲ့စမ်း”
အိမ်​​ရှေ့က တစ်​ခုခုကျကွဲသံနဲ့အတူ သက်​လတ်​ပိုင်း​လူကြီးတစ်​​ယောက်​ရဲ့ ​ဒေါသတကြီး​အော်​ဟစ်​သံ​တွေ​ကြောင့်​ ခက်​ တစ်​​ယောက်​ အ​ယောင်​​ယောင်​အမှားမှားနဲ့ ​ရေ​ဆေးလက်​စ မုန်​ညင်းရွက်​​တွေ လက်​ကကိုင်​ရင်း ​ပြေးထွက်​လာလိုက်​မိတယ်​။ မြင်​လိုက်​ရတဲ့ မြင်​ကွင်းက တကယ့်​ကိုဖရိုဖရဲ .. ဧည့်​ခန်းတစ်​ခုလုံး ​အကျိုးအပဲ့ အပျက်​အစီး​တွေနဲ့ မွစာကြဲလုနီးပါး။ အံ့သြချိန်​​တောင်​မရ​လိုက်​ .. ​ခြေလှမ်းကျဲ​ကြီး​တွေနဲ့ ခက်​ နား​ရောက်​လာပြီး သန်​မာတဲ့လက်​နှစ်​ဖက်​နဲ့ ခက်​ ပခုံး​တွေကို အကြမ်းပတမ်းဖမ်းဆုပ်​လိုက်​တဲ့ ဦး​လေးကြီးတစ်​​ယောက်​​ကြောင့်​ ခက်​ လက်​ထဲက မုန်​ညင်းရွက်​​တွေလည်း ကြမ်းပြင်​ဆီ အလုအယက်​ ကျဆင်းသွား​လေတယ်​။
“အ … ဦး . ဦး​လေး .. လွှတ်​ပါ .. ဘယ်​ သူ”
လက်​​မောင်းနှစ်​ဖက်​စလုံးကို ဆုပ်​ကိုင်​ဖျစ်​ညှစ်​ပြီး လက်​​မောင်းရင်းက ပြုတ်​ထွက်​​တော့မတတ်​ လူတစ်​​ယောက်​လုံး ယိမ်းထိုး​နေ​အောင်​ ဆွဲလွဲလှုပ်​ခါ​နေ​တော့ ခက်​ လည်​ပင်း​အစ်​လာပြီး မျက်​လုံး​တွေပါ ပြာ​ဝေချင်​လာတယ်​ .. ဒါက ဘယ်​လိုအ​ခြေအ​နေမျိုးပါလိမ့်​ .. ဒီဦး​လေးကြီးက​ကော ဘယ်​သူလဲ။
“မင်း သူ့ကို ဘယ်​လိုစည်းရုံးသိမ်းသွင်းလိုက်​တာလဲ .. ​​ဖြေစမ်းပါ”
“အ .. ခဏ​လေး .. ခဏ .. ကျွန်​ .. ကျွန်​​မ ဘာမှ မသိ ..”
“သူ့ကို ခုချက်​ချင်း လွှတ်​လိုက်​ပါ Pa”
အသံနဲ့အတူ ကိုကို့လက်တစ်​ဖက်​က ခက်​ ကိုချုပ်​ကိုင်​ထားတဲ့လက်​​ပေါ် ​ရောက်​လာတယ်​။ ​မော့ကြည့်​မိ​တော့ ကိုကိုက ခက်​ ကို ကြည့်​​မ​နေ .. ကိုကို့ရဲ့ စူးရဲရဲမျက်​လုံး​တွေက ခက်​ ​ရှေ့က ကိုကိုနဲ့ ခပ်​ဆင်​ဆင်​တူတဲ့ ဦး​လေးကြီးဆီ .. ဟင်​ .. ကိုကိုနဲ့ တူတဲ့ ….. ဦး​ ​လေး ကြီး .. မဟုတ်​မှလွဲ​ရော … ကိုကို့ရဲ့ ….
ခုနက ​သွေးပူပြီး လူကလည်းယိမ်းထိုး​နေ​တော့ ​​​သေချာမကြည့်​မိ .. ​သြော်​ .. ကိုကို့မျက်​လုံး​တွေက သူ့အ​ဖေဆီက အ​မွေရထားခဲ့တာပဲ​ .. မျက်​လုံး​တွေ စူးရှပြီး အ​ရောင်​​တောက်​​နေပုံက တကယ့်​ကို ပုံတူကူးချထားတဲ့အတိုင်း။
“မင်း .. အခု ဘယ်​အဆင့်​​ရောက်​သွားပြီလဲ သိလား”
ချက်​ချင်းပဲ ခက်​ ကို လွှတ်​ပြီး ကိုကို့ကို လက်​သီးနဲ့ထိုးချလိုက်​တဲ့ ကိုကို့အ​ဖေ​ကြောင့်​ ခက်​ မျက်​လုံး​လေး​တွေပြူးကျယ်​သွားရင်း အ​နောက်​ကိုယိုင်​ပြီး လည်​ထွက်​သွားတဲ့ကိုကို့ကို တွဲ​ပေးမလို့ပြင်​လိုက်​​ပေမယ့်
“အ​ပေါ်တက်​ပြီး အခန်းထဲမှာ သွား​နေ”
ယိုင်​ထွက်​သွားတဲ့ ခန္ဓာကိုယ်​ကို ချက်​ချင်းပဲပြန်​တည့်​မတ်​ပြီး ခက်​ ကိုမကြည့်​ဘဲ တည်​တည်​ငြိမ်​ငြိမ်​ပြော​လာတဲ့ ကိုကို့ကိုကြည့်​ရင်း ခက်​ မျက်​ရည်​​တွေဝိုင်းလာရတယ်​။ ကိုကို့နှုတ်​ခမ်း​ထောင့်စွန်းက​ပေါက်​ပြီး ​သွေးတစ်​ချို့စီးကျလာတယ်​ .. ခက်​ စိတ်​ပူတယ်ဆို​ပေမယ့်​ ကိုကို့စကားဆို ခက်​ က တ​သွေမတိမ်း အမြဲတမ်း နား​ထောင်​လာခဲ့သူ​မလား။ ​စိတ်​က ကိုကို့အနားအ​ပြေးသွားချင်​​ပေမယ့်​ ​ခြေ​ထောက်​​တွေက​တော့ ကိုကို့အမိန့်​အတိုင်း အ​ပေါ်ထပ်​​လှေကားဆီ စ​ရွှေ့​နေမိတယ်​။ ကိုကိုနာကျင်​​နေချိန်​ မျက်​ရည်​​ပေါက်​​ပေါက်​ကျဖို့​လောက်​ကလွဲပြီး ဘာဆိုဘာမှမလုပ်​​ပေးနိုင်​တဲ့ ခက်​ က ကိုကို့အတွက်​ အသုံးမကျတဲ့ ဒုက္ခအိုး​လေးဖြစ်​​နေပြီလား စဉ်းစားမိ​တော့ မျက်​ရည်​​တွေက ဆည်​ကျိုးသလို ပါးပြင်​​ပေါ် စီးကျလာပြန်​တယ်​။ လက်​ဖဝါး​လေး​တွေနဲ့ မျက်​ရည်​​တွေကို ပွတ်​သုတ်​ရင်း အင့်​ခနဲတစ်​ချက်​ရှိုက်​မိ​တော့
“ကိုယ်​ ခဏ​နေ တက်​ခဲ့မယ်​ .. အခန်းထဲက မထွက်​နဲ့​နော်​ က​လေး”
က​လေးဆိုတဲ့ နာမ်​စား​လေး​ကြောင့်​ ပီတိဖြစ်​သွားတာနဲ့အတူ ဘယ်​က​ရောက်​လာတဲ့သတ္တိ​တွေမှန်းမသိ .. ခက်​ ချက်​ချင်းပဲ ကိုကို့ကို လှည့်ကြည့်​လိုက်​မိရင်း
“ဟုတ်​ကဲ့ ကိုကို”
ကိုကိုဆိုတဲ့ နာမ်​စား​လေးကို စိတ်​ရှိလက်​ရှိ ​ခေါ်ပစ်​ပြီးမှ ခက်​ အ​ပေါ်ထပ်​ကို ​ပြေးတက်​သွားလိုက်​တယ်​။ ​အောက်​ထပ်​က ​လွင့်​ခနဲ ထွက်​လာတဲ့ “​မွေးရကျိုးမနပ်​တဲ့သား” ဆိုတဲ့ ​အော်သံကို ​လစ်​လျူရှုပြီး​တော့​​ပေါ့လေ။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
“အရမ်းနာ​နေလားဟင်​ ကိုကို .. အဲ .. ကို​ကောင်းကင်​”
“က​လေး အဆင်​​ပြေသလို​ခေါ်ပါ”
နှုတ်​ခမ်းက ဒဏ်​ရာ​တွေ​ကြောင့်​ ကိုကို့အပြုံးက အသက်​မဝင်​​ပေမယ့်​လို့ မျက်​ဝန်း​တွေက​တော့ ခါတိုင်းလို ကြင်​နာမှုအပြည့်​နဲ့ ကရုဏာ​ရောင်​​တောက်​နေဆဲ။
ကိုကိုသိလား .. ကိုကို ကြင်​နာတတ်​တယ်​ဆိုတာ ခက်​ သိ​ပေမယ့်​ ခက်​ တစ်​​ယောက်​တည်းအတွက်​ သီးသန့်​ဖြစ်​မယ့်​ မျက်​ဝန်းမျိုးကို ကိုကို့ဆီမှာ မြင်​ချင်​ခဲ့တာပါ။ ခက်​ လိုချင်​တာ အချစ်​​တွေပါ ကိုကို .. သနားတာတစ်​ခုတည်းနဲ့​တော့ ခက် ဘဝအတွက်​ ကိုကိုတာဝန်​ယူ​ပေးစရာမလိုပါဘူး။ အထူးသဖြင့်​ ကိုကို​ဖေ​ဖေ လာသွားပြီး​တော့ သိလိုက်​ရတဲ့ တစ်​ချို့​သောအ​ကြောင်းရာ​တွေ​ကြောင့်​ ခက်​ ကိုကို့အနားမှာ ဆက်​​နေဖို့ ​လိပ်​ပြာမလုံ​တော့ဘူးရယ်​ .. တကယ်​​တော့ ကိုကိုက အ​ကောင်းဆုံးဆိုတာ​တွေနဲ့ပဲ ထိုက်​တန်​တာပါ ကိုကို။ အငယ်​အ​နှောင်းက ​မွေးတဲ့သားဆိုပြီး ​ပုံမှန်​ပိုက်​ဆံ​ထောက်​​​ပေးရုံကလွဲရင်​ တစ်​သက်​လုံး ကိုကို့ကို သားအဖြစ်​၊ မိသားစုဝင်​အဖြစ်​ မသတ်​မှတ်​ခဲ့တဲ့ အ​ဖေတစ်​​​ယောက်​ကို ကိုကိုစိတ်​နာတယ်​ဆိုတာလည်းဖြစ်​သင့်​ပါတယ်​။ ကိုကို့​မေ​မေဆုံးပြီး ပညာ​ရေးထူးချွန်​တဲ့ ကိုကိုလည်း ဆရာဝန်​ဖြစ်​​တော့မှ ​ကောင်းကင်​စံအိမ်​​တော်​ထဲ​ခေါ်သွင်း၊ ထက်​မြက် အဖြစ်​က​နေ ထက်​​ကောင်းကင်​ ဆိုတဲ့နာမည်​ခံယူ​စေပြီး ဒါ ဦးမြတ်​ကောင်းကင်​ ရဲ့သားအငယ်​ပါလို့ မိသားစုစာရင်းသွင်းခဲ့တုန်းက ကိုကိုဘယ်​​လောက်​​ခံစားခဲ့ရရှာမလဲ .. အ​ဖေတူ မ​အေကွဲ အစ်​ကိုနဲ့ အစ်​မဆိုတာလည်း ကိုကို့ကို ရှိတယ်​လို့​တောင်​ သဘောထားခဲ့ကြရဲ့လား။ ဒီကြားထဲက စီးပွား​ရေး​ပေါင်းစည်းဖို့ရည်​ရွယ်​ချက်​နဲ့ ကိုကို့သ​ဘောထားကို တစ်​ခွန်းမှ​မ​မေးမြန်းဘဲ မိုးကုတ်​က ​စော်​ဘွားမိသားစုနဲ့ မင်္ဂလာကိစ္စစီမံ​တော့ ဘဝကို ကိုယ်​တိုင်​ပုံသွင်းတည်​​ဆောက်​ချင်​တဲ့ ကိုကိုက ခါးခါးသီးသီးဖြစ်​ခဲ့တာလည်း သဘာဝကျပါတယ်​​လေ။ သဘာဝမကျတာက ကိုကို့အ​ဖေကို ဆန့်​ကျင်​အရွဲ့တိုက်​ဖို့အတွက်​ ​ကိုကိုတို့နဲ့ ဂုဏ်​ရည်​တူ​ဂုဏ်​သ​ရေရှိအသိုင်းအဝိုင်းက ပညာတတ်​မိန်းမတစ်​​ယောက်​ကို စွန့်​ပစ်​ပြီး ဘဝကို ကြုံသလိုဖြတ်​သန်း​နေရတဲ့ အညတရမိန်းက​လေးတစ်​ယောက်​ဖြစ်​တဲ့ ခက်​ ကို လက်ထပ်​ခဲ့တာပါပဲ။ ကိုကိုတို့မိသားစုတိုက်​ပွဲမှာ ခက်​ က ​မြေစာပင်​ဖြစ်​ခဲ့ရတာလားဟင်​ .. ဒါ​ပေမယ့်​​လေ ခက်​ ကိုကို့ကို အပြစ်​မတင်​ပါဘူး ကိုကိုရယ်​။ ခက်​ ခုလို ကိုကို့အနားမှာ ​နေခွင့်​ရ​နေတာ​လေးကိုပဲ ​ကျေးဇူးတင်​မိတာပါ။ ကိုကိုက ခက်​ ကို မလိုအပ်​​တော့ဘူးဆိုတဲ့အချိန်​ကျမှ ..
အချိန်​အတိုင်းအတာ​လေးတစ်​ခုထိပဲ ကိုကို့အနားမှာ ခက်​ ဆက်​ပြီး ဖက်​တွယ်​​နေပါရ​စေ။
” ခက်​ .. က​လေး”
ကိုကို့အသံကြားမှ ခက်​ အ​တွေး​တွေပြတ်​ပြီး လက်​ရှိအ​ခြေအ​နေကို ပြန်​​ရောက်​လာတယ်​။ ဟုတ်​သား .. ​ဆေးထည့်​​ပေးမယ်​ဆိုပြီး ကိုကို​နှုတ်​ခမ်း​တွေကို လက်​​ညှိုး​လေးနဲ့ထိ​တွေ့ရင်း အ​တွေး​တွေရှည်​​နေမိတာ။ ကိုကိုက​တော့ ရုတ်​တရက်ကြီး ငြိမ်​ကျသွားတဲ့ ခက်​ ကိုကြည့်​ရင်း စိတ်​ပူ​နေတဲ့ပုံနဲ့ .. အရမ်းဂရုမစိုက်​ပြနဲ့လား… ကိုကို … ခက်​ ​လောဘမကြီးချင်​လို့ပါ။
အရမ်းလှတဲ့ အရုပ်​​လေးတစ်​ရုပ်​ကို ပိုင်​ရှင်​​ပေါ်မလာခင်​ ရင်​တထိတ်​ထိတ်​နဲ့ ​ပွေ့ပိုက်​ထားမိတဲ့က​လေးတစ်​​ယောက်​လို .. ခက်​ လည်း တစ်​​နေ့​နေ့ တစ်​ချိန်​ချိန်​ ကိုကို့ကို လက်​လွှတ်​​ပေးရမယ်​ဆိုတဲ့အသိကို ရင်​ထဲထည့်​ရင်း။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

“ကိုကို .. ထ​တော့​လေ၊ ဒီ​နေ့ Dr. ရဲနိုင်​ ရဲ့ Duty ကို အစားဝင်​​ပေးရမှာမို့ ​အလုပ်​​စော​စောသွားရမယ်​ဆို”
“အင်း” ခနဲ သံရှည်​ဆွဲရင်း တစ်​ချက်​ညည်းပြပြီး နှုတ်​ခမ်းကြီးစူ မျက်​​ခုံးကြီးကို အတင်းကုပ်​ရင်း ကိုကိုတစ်​​ယောက်​ ဆက်​အိပ်​လို့ရ​အောင်​ ဆန္ဒပြ​နေတာကို ကြည့်​ပြီး ခက်​ ကြိတ်​ရယ်​မိတယ်​။ ဒီဆရာဝန်​ကြီးက​တော့ … အသက်​ပဲ သုံးဆယ်​ပြည့်​​တော့မယ်​ .. ခုထက်​ထိ မျက်​နှာကို angry bird လိုမျိုး တွန့်​ရှုံ့ပြတတ်​တာက ခုမှ ငါးနှစ်​​ခြောက်​နှစ်​က​လေး​လေးကျလို့။
“ကိုကို .. French Toast နဲ့ ​ကော်​ဖီခါးခါး​ဖျော်​​ပေးထားတယ်​၊ မနက်​စာမစားဘဲ ​ဆေးရုံကို​ပြေး​နေရမယ်​​နော်​ .. ခုထ​တော့”
မနက်​စာကို​တော့ မဖြစ်​မ​နေ မက်​မက်​စက်​စက်​စားတတ်​တဲ့ ကိုကို .. ခက်​ အ​ပြော​ကြောင့်​ မထချင်​ထချင်​နဲ့ အိပ်​ရာက ကုန်းရုန်းထဖို့ကြိုးစား​နေတာမြင်​​တော့ ခက်​ လည်း အိမ်​​နေရင်းစီးတဲ့ဖိနပ်​​လေးချွတ်​ပြီး ကုတင်​​ပေါ်အသာတက်​ .. အိပ်​ရာထဲမှာ တစ်​ကိုယ်​လုံးမြုပ်​လုနီးပါးဖြစ်​​နေတဲ့ ကိုကို့ကို ​စောင်​​တွေ​အောက်​က ဆွဲထုတ်ရင်း အတွင်းအားသုံးပြီး ထူမလိုက်​ရတယ်​။ မနက်​တိုင်း လုပ်​နေကျအလုပ်​တစ်​ခုဖြစ်​နေ​တော့ ကိုကို့ကို ဆွဲဆွဲထူရင်း ခက်​ ​တောင်​ ဗလ​တွေများထွက်​လာ​လေသလား .. ခက်​ မှာသာ မနည်း သူ့ကိုယ်​လုံးကြီးကို ဆွဲထူရတာ .. ကိုကိုက​တော့ ခုထိ အိပ်​ချင်​မူးတူးနဲ့ ခုထိ ကုတင်​​အောက်​ကို​တောင်​ ​ခြေ​ထောက်​မချ​ရ​သေးဘူး။ အအိပ်​မက်​တဲ့ ကိုကို့ကို နှိုးရတိုင်း ခက်​ အသည်းယားတတ်​​​ပေမယ့်​ ဒီ​နေ့​တော့ ထူးထူးခြားခြား ကိုကိုကပဲ ပိုပြီး ချစ်​စရာ​ကောင်း​နေ​လေသလား .. စိတ်​ထဲမရိုးမရွဖြစ်​လာတာနဲ့ ကိုကို့ပါးနှစ်​ဖက်​ကို လက်​ဖဝါးနဲ့အုပ်​ကိုင်​ရင်း နှုတ်​ခမ်းဖူးဖူးလုံးလုံး​လေးကို အကြင်​နာပိုဖို့ ​ခေါင်း​လေးတိုးကပ်​လိုက်​ရင်​ပဲ
“ဟင်​ .. ခက်​”
ခုမှ အပြည့်​အဝနိုးသွားတဲ့ပုံမျိုးနဲ့ ကိုကိုက ခက်​ လက်​​တွေထဲက​နေ အလန့်​တကြားနဲ့ သိသိသာသာပဲ ရုန်းထွက်​သွား​လေတယ်​။
sorry ကိုကို .. တူတူ​နေတာ ​ခြောက်​လ​ကျော်​ပြီဆို​ပေမယ့်​ ကိုကိုမကြိုက်​တာ​တွေ ခက်​ လုပ်​မိ​နေတုန်းထင်​တယ်​။ တစ်​ကုတင်​တည်း အတူအိပ်​ခဲ့ကြ​ပေမယ့်​ ခက်​ အ​ပေါ်မှာ ကိုကိုဘာခံစားချက်​မှမရှိဘူးဆိုတာ ခက်​ ​မေ့သွားခဲ့တာပဲ။ ​တော်​​တော်​ရူးတာပဲ​နော်​ .. ကိုကို့ဆီက ဂရုစိုက်​မှု​လေးတစ်​ခုနှစ်​ခုရရုံ၊ မနက်​တိုင်း ကိုကိုနဲ့တူတူနိုးထခွင့်​ရ​နေရုံနဲ့ ခက်​ က ဘဝ​မေ့သွားခဲ့တာဖြစ်​မယ်​။ ခက်​ က ​ရောင့်​တက်​ခဲ့မိတာပါ ကိုကို။ ကိုကို့ရဲ့ မနက်​ခင်းကို ခက်​ ​ကြောင့်​နဲ့​တော့ …
“sorry .. ကိုကို”
တမင်​လုပ်​ယူထားတာမဟုတ်​တဲ့ မျက်​နှာငယ်​ငယ်​နဲ့ပဲ ကိုကို့ကို ​တောင်းပန်​မိတယ်​။ ဟင့်​အင်း .. ထပ်​ပြီး​တော့ သနား​နေဦးမှာလား ကိုကို။ ​နေပါ​စေ ကိုကိုရယ်​ .. အရူးကို အမဲသားထပ်​မ​ကျွေးပါနဲ့​တော့လား။ ခက်​ က ကိုကို့အကြင်​နာ​တွေကို အဓိပ္ပာယ်​တလွဲ​တွေ​ကောက်​ပြီး ခုလိုအ​ခြေအ​နေမျိုး​တွေ ထပ်​ဖြစ်​တဲ့အခါ ကိုကိုပဲ စိတ်​မ​ကောင်းဖြစ်​ရဦးမှာ ..
“က​လေး”
ကိုကို့​ခေါ်သံကိုကြား​ပေမယ့်​ ခက်​ ​ခေါင်းကို ငုံ့ထားမိတယ်​။ ဒီအကြည့်​ ဒီမျက်​ဝန်း​တွေထဲမှာ က​လေးကို သနားတယ်​ဆိုတာမျိုးပဲ ​တွေ့ရဦးမှာမလားဟင်​။ ပြီးတာနဲ့ .. ခက်​ စိတ်​မ​ကောင်းဖြစ်​​အောင်​ လုပ်​မိသွားရင်​ ခါတိုင်းလိုပဲ ကိုကို​ပေး​နေကျ ..
“​ရေချိုးပြီး ဆင်းလာခဲ့​နော်​”
ခက်​ နဖူး​ပေါ်ကျ​ရောက်​လာမယ့်​ ကိုကို့အနမ်းနုနုကို ငြင်းဆန်​မိတာ ဒါပထမဆုံးပဲ​နေမှာပါ။ ပထမဆုံးဆိုတာရဲ့​နောက်​မှာ ဒုတိယ၊ တတိယဆိုတာ​တွေနဲ့အတူ ​နောက်​ထပ်​အကြိမ်​​​ပေါင်းများစွာလည်း ရှိလာဦးမယ်​ထင်​ပါရဲ့။ ကိုယ့်​နှလုံးသားကိုယ်​​တော်​လှန်​ရတာက အပင်​ပန်းဆုံးပါလား ကိုကိုရယ်​။ ဒါ​ပေမယ့်​ အနည်းဆုံး​တော့ အကျိုးမရှိတဲ့ ​မျှော်​လင့်​ခြင်းမျိုး ခက်​ ​နောက်​ထပ်​ မလုပ်​မိ​တော့ဘူး​ပေါ့​။
အံ့သြ​နေတဲ့ ကိုကို့ကို ​ကျော​ပေးရင်း အခန်းထဲက​နေ ခက်​ တိတ်​တဆိတ်​ထွက်​လာခဲ့လိုက်​တယ်​။ ဒီ​နေ့​တော့ ကိုကို့ထက်​အရင်​ ခက်​ အိမ်​က ထွက်​ဖြစ်​မယ်​ထင်​တယ်​။ ကိုကိုအလုပ်​သွားခါနီးတိုင်း အိမ်​တံခါးဝမှာရပ်​ရင်း နှုတ်​ဆက်ဖို့တာဝန်​ကို ပျက်​ကွက်​မိတာအတွက်​​တော့ ကိုကိုအပြစ်​မတင်​​လောက်​ဘူးထင်​ပါတယ်​ ကိုကို။ ပျက်​ကွက်​မှုဆိုတာကလည်း ​နောက်​ပိုင်း အကြိမ်​​ရေစိပ်​လာမယ့်​တူတူ ခုတည်းက အကျင့်​လုပ်​ထားလိုက်​တာပဲ ​ကောင်းမယ်​ထင်​ပါရဲ့။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

“ဦး .. ကျွန်​​မကို ​တွေ့ချင်​တယ်​ဆိုလို့”
ကိုကို့​ဖေဖေရဲ့ ​ရှေ့ကထိုင်​ခုံမှာ ဝင်​ထိုင်​ရင်း ခက်​ ခပ်​တိုးတိုးစကားဆိုမိ​တော့ ပင့်​ကြည့်​လာတဲ့ အသက်​​ခြောက်​ဆယ်​​ကျော်​​ပေမယ့်​ နုပျိုပြီး အရှိန်​အဟုန်​အပြည့်​နဲ့ မာန​ရောင်​တလက်​လက်​​တောက်​​နေဆဲ မျက်​ဝန်းခပ်​စူးစူး​တွေနဲ့အဆုံ .. အဟက်​ .. သစ်​ခက်​ခြယ်​ ဆိုတာ ပီ​ကေတစ်​ခုရဲ့ ​ပြောင်​လက်​လက်​ စက္ကူအပတ်​​လေးတစ်​ခု​လောက်​​တောင်​ တန်​ဖိုးမရှိပါလားဆိုတဲ့ သိမ်​ငယ်​တဲ့အ​တွေးမျိုး ဝင်​လာမိတယ်​။
“ရာသီဥတုပူ​တော့ ကီဝီသီး​ဖျော်​ရည်​ပဲ မှာထားတယ်​ .. မင်းအဆင်​​ပြေရဲ့လား”
အာဏာရှင်ဆန်​ဆန်​​မေးခွန်းတစ်​ခုအတွက်​ အ​ဖြေက ​ခေါင်းငြိမ့်​ပြီး မျက်​လွှာချထားခဲ့ရုံသာ .. ခက်​ သိ​နေပါတယ်​ .. ဒီ​နေ့ ​သူ့ကို​တွေ့ရ​အောင်​လို့ ​ခေါ်လိုက်​တယ်​ဆိုကတည်းက ​ခေါင်းစဉ်​ကတစ်​ခုတည်း .. သိပ်​သိသာလွန်း​နေတယ်​မလား။ နာကျင်​ရမှာချင်းတူတူ ..
“ကျွန်​​မ ကိုကို .. ကိုထက်​​ကောင်းကင်​ နဲ့ လမ်းခွဲမှာပါ .. ဟင့်အင်း .. လမ်းခွဲခဲ့ပြီးပါပြီ”
ခက်​ စကား​ကြောင့်​ ​ဦး​လေးကြီးရဲ့နှုတ်​ခမ်း​တွေ မဆိုစ​လောက်​ ပွင့်​ဟသွား​ပေမယ့်​ .. ဒါကလည်း တကယ်​ကို ခဏ​လေးပါပဲ။ ချက်​ချင်းဆိုသလို ဦးမြတ်​​ကောင်းကင်​ က သ​ဘောကျသလိုတစ်​ချက်​ပြုံးလိုက်​ပြီး အစတည်းက ကြိုပြင်​ဆင်​လာခဲ့ပုံရတဲ့ စာအိတ်​တစ်​အိတ်​ကို ခက်​ ​ရှေ့က စားပွဲ​ပေါ်အသာတင်​​ပေးရင်း
“ဒါက ဦးရဲ့​စေတနာပါ”
“သုညဘယ်​နှလုံးပါလဲ ဦး .. ဒါနဲ့ ကျွန်​​မ အိမ်​​တွေကား​တွေ ဝယ်​လို့ရမလား၊ တခြား​ကော ဘာ​တွေသုံးလို့ရဦးမလဲ”
ခက်​ အ​မေး​ကြောင့်​ လူကြီးက ခနဲ့သလိုတစ်​ချက်​ရယ်​လိုက်​ရင်း နှာ​ခေါင်း​ချွန်​ချွန်​​ပေါ် ​လျှောကျလုဆဲဆဲ မျက်​မှန်​ကိုပင့်​တင်​လိုက်​ပြီး
“စိတ်​ချပါ .. လုံလုံ​လောက်​​လောက်​ထည့်​​ပေးထားပါတယ်​ .. မပြည့််​စုံ​သေးဘူးဆိုရင်​ မင်းနာမည်​နဲ့ ဘဏ်​မှာ .. မင်း​ပြောတဲ့ သုည​တွေအများကြီး ထပ်​ဖြည့်​​ပေးဦးမှာမို့ ​သွားစရာရှိ ​ဖြောင့်​​ဖြောင့်​တန်းတန်းသွားဖို့ပဲ တိုက်​တွန်းချင်​တယ်​ .. ​ကောင်းကင်​ ကိုလည်း သူနဲ့သက်​ဆိုင်​တဲ့​နေရာမှန်​ကိုပဲ ပြန်​​ခေါ်သွားမှာမို့ မင်းလည်း မင်းနဲ့သက်​ဆိုင်​တဲ့​နေရာကို ပြန်​ပါ .. ဒီကြားထဲ ဘာသတင်းမှ ထွက်​မလာ​အောင်​လည်း ဂရုစိုက်​​ပေးပါ”
သက်​ဆိုင်​တဲ့​နေရာတဲ့လား .. ခက်​ အတွက်​က​တော့ ကိုကိုရဲ့ရင်​ခွင်​ကလွဲပြီး တခြားသက်​ဆိုင်​တဲ့​နေရာ ရှိပါဦးမလား။ စ​ပေါ်အဖြစ်​နဲ့ ထားခဲ့တဲ့ နှလုံးသားက တကယ်​​တော့ ထာဝရအတွက်​ အာမခံချက်​ဖြစ်​​လေမလားဆိုတဲ့ ​မျှော်​လင့်​ချက်​တစ်​ခုတည်းနဲ့ပါ။ ကိုကိုနဲ့အတူ ထားရစ်​ခဲ့ရမယ့်​ ခက်​ အချစ်​​တွေအတွက်​​​တော့ မ​နှ​မြောမိ​ပေမယ့်​ အလွမ်း​တွေကို​တော့ လက်​​ဆောင်​အဖြစ်​နဲ့ ခက်​ ယူသွားပါရ​စေ။
“ဦး”
ဆိုင်​ထဲက ထွက်​ဖို့​ခြေလှမ်းပြင်​​နေတဲ့ လူကြီးနား ​ပြေးသွားရင်း ခက်​ လက်​ထဲကစာအိတ်​က​လေးကို ကိုကို့​ဖေ​ဖေလက်​ထဲ လွှဲ​ပြောင်း​ပေးမိတယ်။
ဒီသုည​တွေ​နဲ့ ကိုကို့ကို လဲလိုက်​ရမှာလား .. ဟင့်အင်း .. ခက်​ ခု လဲယူလိုက်​တာက ကိုကို့​ပျော်​ရွှင်​မှုတစ်​ခုတည်းပါ ကိုကို။
“ပြန်​ယူထားလိုက်​ပါ ဦး .. အဲ့ဒီအစား .. ”
ကျလုဆဲဆဲ မျက်​ရည်​စက်​တို့ကို မျက်​ဝန်းအိမ်​ထဲမှာ ခဏတာထိန်းသိမ်းရင်း ကိုကို့​ဖေ​ဖေရဲ့ အံ့သြတာ​ကော ​ဝေခွဲမရတာ​ကော​ပေါင်းစု​နေတဲ့ မျက်​နှာကိုရဲရဲဝံ့ဝံ့ကြည့်​ပြီး ခက်​ အ​ပေါ့ပါးဆုံးပြုံးပြမိတယ်​။ ​နောက်​ ကိုကို့​ဖေ​ဖေရဲ့ လက်​တစ်​ဖက်​ကို မ​ကြောက်​မရွံ့ဆွဲကိုင်​ရင်း
“ကိုကို့ကို ဒီ့ထက်​ပိုပြီး ကြင်​နာ​ပေးပါ၊ အပြင်​မှာ ထုတ်​မ​ပြောဘူးဆို​ပေမယ့်​ ကိုကိုရဲ့ မျက်​လုံး​တွေကို​စေ့​စေ့ကြည့်​ပြီး ကိုကိုတကယ်​လိုအပ်​​နေတာ ​မေတ္တာတရားဆိုတာ နားလည်​​ပေးပါ၊ ကိုကိုက ဦးကို သိပ်​ချစ်​ပါတယ်​၊ ကိုကိုဂုဏ်​အယူဆုံးက ဦးနဲ့တူတဲ့ မျက်​လုံး​တွေအ​မွေရထားခဲ့တာကိုပါ .. ဦး၊ ​ပေါင်​​ပေါ်တင်​ပြီး ပုံပြင်​​တွေဖတ်​ပြတတ်​တဲ့ အ​ဖေမျိုး မပိုင်​ဆိုင်​ခဲ့ရ​ပေမယ့်​လည်း ကိုကိုလိုအပ်​​နေချိန်​တိုင်း ပခုံးတစ်​ဖက်​ကိုဆုပ်​ကိုင်​ပြီး အင်​အား​ပေးတတ်​တဲ့အ​ဖေမျိုး ကိုကိုသိပ်​​တောင့်​တ​နေခဲ့တာပါ .. ကိုကိုက ဦး ထင်​ထားတာထက်​ သူ့မိသားစုကို ပိုပြီးခင်​တွယ်​ခဲ့တာပါ ဦးရယ်​”
စကားအဆုံး မျက်​ဝန်းထဲမျက်​ရည်​တစ်​ချို့ တာကျိုးကျလာ​ပေမယ့်​လို့ ခက်​ အပြုံး​တို့မပျက်​ခဲ့။
ခက်​ တာဝန်​​ကျေပါတယ်​​နော်​ .. ပျော်​ရွှင်​ပါ​စေလို့ ဆု​တောင်းရင်းနှုတ်​ဆက်​ခဲ့ပါတယ်​ ကိုကို။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
အချိန်​အခါမဟုတ်​ရွာတတ်​တဲ့ ​ညောင်​​ရွှေက မိုးနဲ့​လေကို ခက်​ ခုချိန်​ထိ ​ကောင်း​ကောင်းကျင့်​သားမရ​သေး။ ဒီ​နေ့မနက်​ အိမ်​ကအထွက်​တုန်းက​တောင်​ ​နေသာ​နေတာနဲ့ အပြန်​ကျ ​ခက်​ ရဲ့​ဘော်​ဒါ​ဘော်​ချက်​ အလယ်​​တန်း​ကျောင်းသား​လေး​တွေနဲ့ ​ဘောလုံးဝင်​ကစားဖို့​​တောင်​ ​တွေးလိုက်​မိတာရယ်​။ အနီ​ရောင်​သမ်းတဲ့ ဖုန်​ခင်းလမ်းက ခု​တော့ဖြင့်​ ​​ရေတစွပ်​စွပ်​နဲ့ ဗွက်​​တွေအကြီးအကျယ်​ထလို့။ လိုလိုပိုပို ရာဘာ​ဖိနပ်​​လေး သယ်​လာမိလို့သာ ​တော်​​တော့တယ်​။
“ဟင်​”
ငှားယူလာတဲ့ မိုးကာအင်္ကျီဟလပြဲကို ရင်​ဘတ်​နားက​နေအတင်းစုကိုင်​ရင်း ​ရှေ့ဆက်​​လျှောက်​လာမိ​တော့ မလှမ်းမကမ်းက ဗွက်​အိုင်​ထဲ ​​ခြေကျင်းဝတ်​ထိမြုပ်​​နေတဲ့ ​ခြေ​ထောက်​​တွေကို ဆွဲနှုတ်​ရင်း ကိုးရို့ကားယားဖြစ်​​နေတဲ့သူတစ်​​ယောက်​။ မိုးကမသည်း​ပေမယ့်​လို့ ​လေကကြမ်းလွန်း​နေတယ်​။ တဖျတ်​ဖျတ်​လွင့်​​နေတဲ့ မိုးကာစကိုဆွဲရ၊ နင်းလိုက်​တိုင်​ ရွှံ့​မြေထဲ နှစ်​လက်​မ​လောက်​နစ်​ဝင်​သွားတတ်​တဲ့ ဖိနပ်​ကိုလည်း အားစိုက်​ဆွဲထုတ်​​နေရ​တော့ ခရီးကသိပ်​မ​ရောက်​ချင်​။ ဒါနဲ့ .. ရုတ်​တရက်​ကြီး ရင်​ဘတ်​ထဲက တလှပ်​လှပ်​ဖြစ်​​ပေါ်လာတဲ့ ခံစားချက်​က ဘယ်​လိုကြီးပါလိမ့်​။ ​​ရှေ့ကမြင်​​နေရတဲ့ ​နောက်​​ကျော​ပေးထားတဲ့ ခန္ဓာကိုယ်​တစ်​ခုက .. အနား​နီးလာ​လေ … ဟင့်​အင်း … မဟုတ်​​လောက်​ပါဘူး​နော်​ .. ဒါ​ပေမယ့်​ .. လိုတာထက်​ပိုပြီး ရင်းနှီးကျွမ်းဝင်​​နေခဲ့တဲ့ ဒီပုံရိပ်​က ..
“ကိုကို .. ကိုကိုများလား”
အသည်းအသန်​​ပြေးလာမိ​တော့ ​နောက်​ခပ်​လှမ်းလှမ်းမှာ ဖိနပ်​တစ်​ဖက်​ နစ်​ကျွံရစ်​ခဲ့တယ်​။ ​ခက်​ ကို ​နောက်​​ကျော​ပေးရင်း ဗွက်​အိုင်​တစ်​အိုင်​နဲ့ အလှုပ်​ရှုပ်​​နေဆဲ အရပ်​ရှည်​ရှည်​နဲ့လူရဲ့ ကျောပြင်​ကျယ်​ကြီးက အရင်​လို ခက်​ ကို ဖရိုဖရဲရင်​ခုန်​တတ်​​အောင်​ ပြုစား​နေဆဲ။ ကိုကိုလို့ထင်​ရတဲ့ ပုံရိပ်​နားအ​ရောက်​ လဲကျ​လုမတတ်​ဖြစ်​​နေတဲ့ အရှည်​လွန်​အရပ်​ကြီးနဲ့ ခပ်​​တောင့်​​တောင့်​ခန္ဓာကိုယ်​ကို မနိုင်​မနင်း လှမ်းထိန်းပေးရင်း တစ်​ဖက်​လှည့်​​နေတဲ့ ​မျက်​နှာက ရင်​ခုန်​ရလွန်းလို့ ရူးမတတ်​ဖြစ်​​နေတဲ့ ခက်​ ဘက်​လှည့်​လာ​တော့ ​လွမ်းဆွတ်​တမ်းတခြင်းနဲ့အတူ ​မယုံကြည်​နိုင်​စွာနဲ့ ​ရေရွတ်​မိပါရဲ့။
“ကိုကိုပါပဲလား”
အံ့သြမှု၊ ဝမ်းသာမှု​တွေနဲ့အတူ ဒီသုံးနှစ်​တာကာလအတွင်း လွမ်းရလွန်းလို့ ကျိုး​ကြေလုမတတ်​ဖြစ်​နေတဲ့ စိတ်​က​လေး​တွေ စု​ပေါင်းပြီး ခက်​ မျက်​လုံးက အရည်​လည်​​လာတယ်​။
တကယ်​ဆို .. ခက်​ ချစ်​ရတဲ့ ဒီလူကြီးနဲ့ တစ်​သက်​လုံး ပြန်​မ​တွေ့ရ​တော့ဘူးထင်​ထားတာ​လေ။ ဘယ်​လိုအရာက သူ့ကို ခက်​ ရှိ​တဲ့​ မြို့​လေးဆီ ​ဆောင်​ကြဉ်း​ပေးခဲ့လဲ မသိ​ပေမယ့်​ .. ဒီတစ်​​ခေါက်​​တော့ … နှလုံးသားရဲ့ အမိန့်​ကိုပဲ နာခံပါရ​စေ .. ဘဝမှာတစ်​ခါ​လောက်​​တော့ အတ္တကြီးခွင့်​ပြုပါ ကိုကို။ ခက်​ လည်း ​ပျော်​ရွှင်​မှုဆိုတာကို ပိုင်​ပိုင်နိုင်​နိုင်​ဆုပ်​ကိုင်​ထားဖို့ အခွင့်​အ​ရေးရှိ​သေးတယ်​ မဟုတ်​လား။
မျက်​ရည်​​တွေကြားထဲက ခက်​ ပြုံး​နေမိရင်းက​နေ ကိုကို့အ​ခြေအ​နေကို သတိပြုမိတာမို့ ကိုကို့ကိုယ်​လုံးကြီးကို မနိုင်​မနင်းထိန်း​ပေးရင်း အနီးစပ်​ဆုံးကုန်း​မြေ​ပေါ် တက်​ဖို့ပြင်​လိုက်​​ပေမယ့်​ ခက်​ ပခုံး​ပေါ် ခက်​ ကိုယ်​တိုင်​တင်​​ပေးထားခဲ့တဲ့ ကိုကို့လက်​တစ်​ဖက်​က ချက်​ချင်းပဲလှုပ်​ရှားလာပြီး ခက်​ ပခုံး​လေးကို သူ့ရင်​ခွင်​ထဲ​ရောက်​​အောင်​ ဆွဲပစ်​သွင်းလိုက်​​လေတယ်​။
“ကိုကို .. ဘာဖြစ်​ .. ဟင်​”
ကိုကို့မျက်​နှာကို ကြည့်​မိ​တော့ ခက်​ ရူးမတတ်​သတိရ​နေခဲ့တဲ့ ကိုကို့အပြုံး​တွေက မြင်​ဖူး​​တွေ့ဖူးနေကျထက်​ ပိုပြီး​တောက်​ပ​နေသ​ယောင်ေ​ယာင်​။ ပြီး​တော့ ခက်​ တစ်​ခါမှ မမြင်​ခဲ့ဖူးတဲ့အရာတစ်​ခု။ ဘာပါလိမ့်​ .. တစ်​ခုခု​တော့ ထူးခြား​နေတယ်​။
“ကိုယ်​ မင်းဆီလာခဲ့တာ က​လေး”
အဲ့အရာက .. သနားတာထက်​ပိုတယ်​ ..
“ရှာလိုက်​ရတာ က​လေးရယ်​”
ကြင်​နာတာထက်​ ပိုတယ်​ ..
“သတိရလွန်းလို့”
အဲ့ဒီ သတိရတယ်​ဆိုတာထက်​လည်း ပို​နေ​သေးတယ်​ ..
“မင်းကို လွမ်းလွန်းလို့ ရူး​တော့မယ်​ထင်​လို့ .. ကိုယ်​လိုက်​လာခဲ့တာ”
လွမ်းတာ​တွေ ရူးတာ​တွေထက်​လည်း ပိုပါ​သေးတယ်​ ကိုကို .. ဆက်​​ပြောပါဦး .. ခက်​ ​စောင့်​​နေခဲ့ရတာ ကြာလှပါပြီ ကိုကိုရယ်​။
“က​လေးကို ကိုယ်ချစ်​မိသွားလို့”
သုံးနှစ်​လုံးလုံး ကိုကို့လွမ်းရလွန်းလို့ ငိုဖို့​တောင်​ ​မေ့​နေခဲ့တဲ့ ခက်​ တစ်​​ယောက်​ ကိုကို့စကားအဆုံး ကျဆင်းလာ​တဲ့မျက်​ရည်​​တွေကို ကိုကိုမမြင်​ရ​လေ​အောင်​ ကိုကို့ရင်​ထဲ ​ခေါင်း​လေးတိုးဝင်ရင်း ..​မြေသင်းနံ့​ရော​နေဆဲ ကိုကို့ကိုယ်​သင်းနံ့​လေးကို မြတ်​မြတ်​နိုးနိုးရှူရှိုက်​မိတယ်​။ ချစ်​တယ်​တဲ့လား ကိုကို .. ထာဝရအတွက်​​ပေါ့​နော်​။
ကိုကို့ဆီမှာ ခက်​ ချန်​ထားရစ်​ခဲ့တဲ့ နှလုံးသား​လေးက ခုမှပိုင်​ရှင်​ရင်း ပြန်​​တွေ့သွားတဲ့အတိုင်း တဒိတ်​ဒိတ်​အသံ​ပေးပြီး လှုပ်​ခါလို့ .. တဆိတ်​ .. ​နောက်​ထပ်​ ပိုကျယ်​ပြီး ပိုလှုပ်​ခါ​နေတဲ့ နှလုံးခုန်​သံတစ်​ခုလည်း ကြား​နေရ​​သေးလားလို့။
“ကိုယ့်​နှလုံးသားက ခက်​ ဆီပါသွား​တော့ ပြန်​လိုက်​ယူရတာ”
နားနားကပ်​လို့ ခပ်​တိုးတိုး ရယ်​သွမ်း​သွေးရင်း ​ပြောတဲ့ ကိုကို့အ​ပြော​ကြောင့်​ မျက်​ရည်​​တွေ​ကြောင့်​ ​ဝေဝါး​နေဆဲ အမြင်​အာရုံ​တွေကြားကပဲ ခက်​ သိပ်​ချစ်​ရတဲ့ ကိုကို့မျက်​နှာကို မြင်​​နေရ​ပေမယ့်​ လွမ်း​နေဆဲဖြစ်​တဲ့ တမ်းတမြတ်​နိုးမှု​တွေနဲ့ ​မော့ကြည့်​မိတယ်​။ နှုတ်​ခမ်း​တွေရှိ​လောက်​မယ့်​​နေရာဆီ ​ခြေဖျား​လေး​ထောက်​ရင်း တိုးကပ်​သွားမိ​တော့ ကိုကိုက ဟက်​ခနဲတစ်​ချက်​ရယ်​လိုက်​ရင်း
“ကိုယ်​အရင်​နမ်းမှာ​ပေါ့ က​လေးရယ်​”
ရှက်​ရမ်းရမ်းပြီး ခက်​ ​ခေါင်း​လေးငုံ့မသွားခင်​ .. ခါးသွယ်​သွယ်​တ​လျှောက်​ တိုး​ဝှေ့​ပွေ့ယူလိုက်​တဲ့ လက်​တစ်​စုံကြား ခက်​ ကိုယ်​လုံး​လေးပါသွားပြီး …. ​နောက်​​တော့ တူညီတဲ့ချစ်​ခင်​မြတ်​နိုးမှု​တွေနဲ့ ထိကပ်​သွားကြ​လေတဲ့ နှုတ်​ခမ်းအစုံ။
ခဏ .. သိပ်​သည်းလာတဲ့ ယစ်​မှုဖွယ်​ အနမ်းတစ်​ချို့​ကြောင့်​ သတိလစ်​မသွားခင်​ ​ခက်​ ပြောလိုက်​ပါရ​စေဦး။
“ခက်​ လည်း ကိုကို့ကို သိပ်​ချစ်​ရပါတယ်​ .. ကိုကို”

Nandar(For Her Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *