FUN Movie Review

၅၂၈ မေတ္တာကိုဖော်ကျူးထားတဲ့ Anime ရုပ်ရှင်ကား(၃)ကား

တစ်ကားနဲ့ တစ်ကား အသွင်လည်း မတူလို့ အရသာတစ်မျိုးစီနဲ့ ကြည့်လို့ကောင်းတယ်

မင်္ဂလာပါ ယောင်းတို့ရေ။ ဒီတစ်ခေါက်တော့ anime ချစ်သူယောင်းလေးတို့အတွက် ကြည့်လို့ကောင်းမယ့် anime ရုပ်ရှင်လေးတွေပြောပြပေးမယ်နော်။ ဒီကားလေးတွေက မိသားစုဝင်ချင်း မိတ်ဆွေသူငယ်ချင်း အချင်းချင်းမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေ၊ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ အရာရာကို ကျော်ဖြတ်ကြပုံလေးတွေကို ရိုက်ကူးထားတာမို့လို့ သိပ်ချစ်စရာကောင်းတဲ့ကားလေးတွေပါနော်။ ဘာကားတွေလဲ ကြည့်ကြရအောင်…

(၁) My Neighbours the Yamadas

My Neighbours the Yamadas

ဒီကားလေးကတော့ ဟိုတလောလေးကမှ ကွယ်လွန်သွားတဲ့ Studio Ghibli ရဲ့ ပူးတွဲတည်ထောင်သူ Iso Takahata ရဲ့ လက်ရာကောင်းတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ အဘွားရယ် အဖေရယ် အမေရယ် သားနဲ့ သမီးရယ် ရှိကြတဲ့ မိသားစုလေးကိုအခြေတည်ပြီး မိသားစုတစ်ခုရယ်လို့ဖြစ်လာကြရင် ဖြစ်လာမယ့် ပြဿနာလေးတွေရယ် ရင်ဆိုင်ဖြေရှင်းကြပုံလေးတွေကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးက တကယ့်ကိုရိုးရိုးလေးနော်။ ဒါပေမဲ့ သူပြသွားတဲ့ အဖြစ်အပျက်လေးတွေက သဘာဝကျပြီး လက်တွေ့ဆန်လွန်းလို့ ဟယ်… ငါတို့ မိသားစုထဲမှာလည်း ဒီလိုဖြစ်ဖူးပါလား ဆိုပြီး တအံ့တသြဖြစ်ယူရတဲ့ အထိပါပဲ။ Yuki ဆို အစက ကာတွန်းဆန်တဲ့ animation ကို သိပ်သဘောမကျလို့ မကြည့်ဖြစ်ပေမဲ့ တကယ်ကြည့်မိတော့ အရမ်းကို ဟတ် ထိသွားတယ်ပဲ ပြောရမလား။ အဘွားကလည်း သူ့အကျင့်နဲ့ သူ အဖေ အမေ သားသမီးတွေ ကလည်း တစ်ယောက်ကို အကျင့်တစ်မျိုးစီနဲ့ မိသားစုငါးယောက်သား ရန်ဖြစ်လိုက်ကြ ငြင်းခုန်လိုက်ကြ ပြန်တည့်သွားလိုက်ကြနဲ့ တကယ့် အပြင်မှာဖြစ်တတ်တဲ့ အဖြစ်အပျက်လေးတွေအတိုင်းပါပဲ။ အဲ့အဖြစ်အပျက်လေးတွေကို ဂျပန်ရိုးရာ ဟိုက်ကူ Haiku ကဗျာလေးတွေနဲ့ တစ်ခန်းချင်း ချိတ်ဆက်ပြီး ပြသွားတာမို့ ဂျပန်စာလေ့လာချင်သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ဒါပေမဲ့ မြန်မာဘာသာပြန်နဲ့ ကြည့်ရင် ကဗျာလေးတွေ ဇာတ်ဝင်ခန်းလေးတွေကို သဘောမပေါက်တာ အချိတ်အဆက်မမိတာမျိုး ရှိတတ်လို့ အင်္ဂလိပ်ဘာသာပြန်နဲ့ ကြည့်တာအကောင်းဆုံးပါပဲနော်။

Related Article >>> ယောင်းတို့ရဲ့ ဘဝအမောတွေကို ပြေလျော့စေမယ့် Anime ဇာတ်လမ်းတွဲ (၂)ခု

(၂) When Marnie was there

When Marnie was there

ဒီကားလေးကတော့ ချစ်သူငယ်ချင်းတွေအတွက် ဟတ်ထိစေမယ့် ကားလေးလို့ပဲပြောရမလား။ မိဘမဲ့လေး အန်နာဟာ သူ့ကိုမွေးစားတဲ့ မိဘတွေကို အထင်လွဲပြီး စိတ်ဆင်းရဲနေခဲ့သူပါ။ သူ့မှာ ပန်းနာရင်ကြပ်ရောဂါလည်း ရှိနေတာမို့ ဆရာဝန်ညွှန်ကြားချက်အရ မွေးစားမိဘတွေရဲ့ အမျိုးတွေရှိရာ ကျေးလက်ဒေသလေးမှာ သွားနေရပါတယ်။ ဒီအခါမှာတော့ ရွှံ့ညွန်အိုင်နားက ပဟေဠိဆန်တဲ့ စံအိမ်ကြီးထဲက ပဟေဠိဆန်တဲ့ မာနီ ဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်ခဲ့ရပါတယ်။ အန်နာဟာ မာနီဆီကို အမြဲသွားတတ်ပြီး သူငယ်ချင်းနှစ်ယောက်သားလျှောက်လည်ကြရင်း မာနီရဲ့ လျှို့ဝှက်ချက်လေးတွေ နဲ့ မာနီနဲ့ သူ့ရဲ့ကြားက ဆက်စပ်မှုလေးတွေကိုတွေ့လာရတဲ့ အခါ…
ဒီကားလေးဟာ အထီးကျန်နေတဲ့ မိန်းကလေးငယ်လေး နှစ်ယောက်ကြားက ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာလေးကို ဖော်ပြထားတာမို့ ဒီကားလေးကို ကြည့်ပြီးရင်တော့ ကိုယ့် bff ကိုပြေးဖက်ချင်စိတ်ပေါက်လာမှာပါ။ သာယာလွန်းတဲ့ ရှုခင်းလေးတွေ ချစ်စရာကောင်းတဲ့ animation အရုပ်လေးတွေနဲ့မို့ တကယ် ဟတ်ထိမယ့် ရုပ်ရှင်လေးပါနော်။ သြော် ဟတ်ထိမယ်လို့ပဲ ပြောတာ ငိုရမယ်လို့ မပြောဘူးနော်။ ဒါကြောင့် အသည်းနုတဲ့ ယောင်းလေးတို့လည်း စိတ်အေးအေး ကြည့်ကြပါလို့.. 😉

Related Article >>> ရင်တဒိတ်ဒိတ်နဲ့ ကြည့်ရမယ့် Anime ကောင်းကောင်းလေးတွေ

(၃) A Letter to Mo Mo

A Letter to Mo Mo

မိုမို ဆိုတဲ့ ကောင်မလေးဟာ ဖခင်ကိုဆုံးရှုံးပြီးနောက်မှာ မြို့ကို စွန့်ခွာပြီး အဘိုးအဘွားရှိတဲ့ ကျွန်းပေါ်ကရွာလေးကို အမေနဲ့ အတူပြောင်းလာရပါတယ်။ သူလေးဟာ ဖခင် မဆုံးပါးခင်မှာ ဖခင်နဲ့ ကတောက်ကဆဖြစ်ခဲ့ပြီး ပြန်ပြေလည်ခွင့် မရလိုက်ကြပါဘူး။ ဖခင်ကိုလွမ်းတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ အဖေနဲ့နေတဲ့အိမ်ကို ထားပြီး တောကိုပြောင်းလာတဲ့ မိခင်ကို မကျေနပ်စိတ်တွေကြောင့် သူ့ခမျာ ကျေးရွာလေးမှာနေရတာ မပျော်ခဲ့ပါဘူး။ ဒါပေမဲ့ မိုမိုဟာ ကျွန်းကလေးဆီ ပြောင်းမလာခင်မှာ အဖေ့ အံဆွဲထဲက မိုမို့သို့ ဆိုတဲ့ စာလေးတစ်စောင်ကိုတွေ့ခဲ့ရပါတယ်။ မိုမိုရဲ့အဖေက မိုမိုကို ဘာတွေများပြောခဲ့ချင်လို့ပါလိမ့်နော်။ အဲ ထူးခြားချက်လေးကတော့ အဘိုးအဘွားအိမ် အရောက်မှာ သူ့နောက်ကိုလိုက်လာတဲ့ သရဲသုံးကောင်ပါပဲ။ ဒီ သရဲသုံးကောင်ဟာ သူတို့ကိုယ် သူတို့ ကောင်းကင်ဘုံက ရောက်လာတယ်လို့ ပြောပြီး မိုမို့ အိမ်ကကို မခွာတော့ပါဘူး။ ဒါပေမဲ့ ဒီသရဲသုံးကောင်ဟာ ရွာထဲမှာ အစားအသောက်တွေ ခိုးစားတာ ပစ္စည်းတွေတိုလာတာကလွဲလို့ ဘာမှ အန္တရာယ်မပြုပါဘူး။ ဒါပေမဲ့ မိုမိုခမျာ သရဲသုံးကောင်နဲ့ တိုင်ပတ်ရင်းကနေ အဖေ့ဆီက စာတစ်ပိုင်းတစ်စလေး နဲ့ ပတ်သက်ပြီး သဲလွန်စရခဲ့ပါတယ်။ အဲ့ သဲလွန်စလေးက ဘာများဖြစ်မလဲ? ဒီသရဲသုံးကောင်ကရော မိုမိုဆီကို ဘာလို့ရောက်လာကြတာလဲ။ မိုမိုကရော ကျွန်းပေါ်ကရွာလေးမှာ အဆင်ပြေအောင်နေနိုင်ပါ့မလား ဆိုတာတော့ ယောင်းတို့ကိုယ်တိုင်ပဲကြည့်ရမှာပါ။ ဒီကားလေးဟာ ဂျပန်နိုင်ငံ ကျွန်းရွာလေးရဲ့ အလှအပတွေနဲ့အတူ မိသားစု ချစ်ခြင်းမေတ္တာလေးတွေကို ဖော်ပြထားတဲ့ကားလေးပါ။ ဒါပေမဲ့ သရဲသုံးကောင်ကလည်း ပါနေလို့ ယောင်းတို့ကြောက်များသွားမလားဟင်။ ဒီသရဲသုံးကောင်ကတော့ ကြောက်စရာမကောင်းတဲ့အပြင် ရယ်တောင်ရယ်ရပါသေးတယ် ယောင်းတို့ရေ။ ဒါကြောင့် ချစ်ဖို့လည်းကောင်း ရယ်စရာလည်းကောင်းတဲ့ ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်နော်။

ယောင်းတို့ရေ Yuki အခုပြောပြပေးသွားတဲ့ ကားလေးတွေက မင်းသားမင်းသမီး ချစ်ကြကြိုက်ကြတဲ့ ဇာတ်လမ်းမျိုးလေးတွေ မပါဘဲ ဖြူစင်တဲ့ ၅၂၈ မေတ္တာကို အဓိကဖော်ကျူးထားတဲ့ ကားလေးတွေမို့ တကယ် ကြည့်ရကျိုးနပ်မယ့် ကားလေးတွေပါနော်။ နောက်လည်း ကြည့်လို့ကောင်း ဖတ်လို့ကောင်းမယ့် anime လေးတွေ ရုပ်ရှင်လေးတွေ စာအုပ်လေးတွေ အများကြီးပြောပြပေးသွားမှာမို့ အားပေးကြပါဦးနော်။

ယောင်းလေးတို့ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Miyuki (For Her Myanmar)

Photos from-Pinterest

Miyuki
Miyukiပါရှင့်။အသက်ကတော့ ၂၁ နှစ်ပါ။ ဘဝနေထိုင်မှုဆိုင်ရာဆောင်းပါးလေးတွေ ဝတ္ထု တိုလေးတွေနဲ့ review လေးတွေရေးမှာပါ။ Anime အရမ်းကြိုက်ပြီး စာဖတ်ရတာဝါသနာပါ ပါတယ်။ Yuki ရဲ့စာလေးတွေဟာ ယောင်းတို့ဘဝမှာတနည်းနည်းနဲ့အကူအညီပေးနိုင်တယ်ဆိုရင်ရေးရကျိုးနပ်ပါပြီရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *