ဇာတ်သိမ်းမကောင်းသော ဇာတ်လမ်းတစ်ပုဒ် (၁)

သြော်… ယောက်ျားလေးလည်း အသည်းကွဲတဲ့အခါ ငိုတတ်ပါရောလား

ညက သူတော်တော်များသွားသည်။ မနက်အိပ်ရာထတော့ ခေါင်းမှာ မခံရပ်နိုင်လောက်အောင် ကိုက်ခဲနေသည်။ အရက်နာကျတယ်ဆိုတာ ဒါကိုပြောတာများလား။ ကိစ္စတော့မရှိ။ ကုတင်အောက်မှာ ညကလက်ကျန် တစ်ပိုင်းရှိသေးသည်။ အရက်နာကျတာကို အရက်နဲ့ ဖြေရင်ပျောက်သည်ဖြစ်ကြောင်း သူ သိထားသည်။

အိပ်ရာကမထဘဲ ကုတင်အောက်ကို လက်နဲ့စမ်းကာ လက်ကျန်တစ်ပိုင်းကို ရှာလိုက်သည်။ ပုလင်းက လဲနေသောကြောင့် လက်လှမ်းမမှီတော့၍ အိပ်ရာမှမထလို့မဖြစ်တော့။ ဖြေးညှင်းစွာခေါင်းထူလိုက်သည်။ ထိုမှ ကုတင်အောက်သို့ ခြေထောက်အရင်ချပြီး လူဆင်းကာ ပုလင်းယူလိုက်သည်။

တွေ့ချေပြီ။ ရေမရော ရေခဲမထည့်တော့ဘဲ ဒီတိုင်းမော့လိုက်သည်။

“ကောင်းလေစွ။”

ဖြစ်ခဲ့သမျှအကြောင်းအရာ အားလုံးကို တဒင်္ဂတော့မေ့ထားလိုက်နိုင်သည်။ အသည်းကွဲရင် အရက် သောက်ရတယ်ဆိုတာ တယ်မှန်ပါလား။ သူ အရက်နဲ့အဖော်လုပ်နေခဲ့တာ ဒီနေ့ဆိုရင်ပဲ ၃ လပြည့်ပြီဖြစ်သည်။ ဒါဆို သူနှင့် ကဗျာ လမ်းခွဲခဲ့တာလည်း ၃ လပြည့်ခဲ့ပြီပေါ့။

ကဗျာ… ကဗျာ… နာမည်ကသာ ကဗျာဖြစ်နေသည်။ စာပေအနုပညာခံစားမှုကို စိတ်မဝင်စား။ ဝတ္ထုတို့ ကဗျာတို့ဆိုလျှင် စိတ်ကူးယဉ်စာပေဟုဆိုကာ ပစ်ပစ်ခါခါပြောတတ်သူ၊ နှလုံးသားနှင့် ဦးနှောက်မှာ ခံစားမှုတွေအစား ငွေစက္ကူတွေသာ ထည့်သွင်းထားသူ၊ ဒီလိုမိန်းကလေးမျိုးနှင့် စာရေးဆရာဖြစ်ဖို့ ကြိုးစားနေသူ ထိုနှစ်ဦးကိုဆုံစည်းခွင့် ပေးခဲ့သော ကံကြမ္မာ… ပေါင်းဖက်ခွင့်မပေးခဲ့သော ကံကြမ္မာ… ဒါတွေအားလုံးဟာ ခေါင်းထဲကို အလိုလိုရောက်လာသည်။ ထိုသို့ရောက်လာတိုင်း သူ့နှလုံးသားက နာကျင်ရသည်။ အတိတ်က အရိပ်ဟာ ခြောက်လှန့်နေသလို။ ထို့ကြောင့် အရာအားလုံးမေ့သွားနိုင်ရန် ယမကာမှီဝဲတော့သည်။

အရင့်အရင်က နိုင်ငံခြားဖြစ်မဟုတ်လျှင် မသောက်တတ်။ ထို့အတွက်လည်း သူသိပ်မသောက်ဖြစ်၊ အခုတော့ ချဉ်ချဉ်တူးတူးမူးလျှင်ပြီးရော ဖြစ်လာသည်။ ပြည်တွင်းထုတ်သာမက အဖြူကိုပါ လက်စွဲလာသည်။ တစ်နေ့ သုံးလေးရာလောက်နဲ့ ကိစ္စပြတ်သည်ကို သဘောကျလာမိသည်။ အဓိကက ကဗျာ့ကိုမေ့ဖို့၊ ကဗျာနဲ့ ပတ်သက်တဲ့ အတိတ်ကို မေ့နိုင်ဖို့။

သူ့ဆီ ဖုန်းဝင်လာသည်။ နာမည်ကို ကြည့်လိုက်တော့ ဘော်ဒါတွေထဲမှ ဖြစ်သည်။

“ပြော ငသီ၊ စောစောစီးစီး ဘာဖြစ်လို့လဲ။”

“ကိုမိုးကသာ စောတယ်လုပ်နေ၊ အခု ၈ နာရီခွဲနေပြီဗျ။”

“သူ့ဘာသာ ခွဲတာ ခွဲပါစေပေါ့ကွာ၊ ငါနဲ့ဘာဆိုင်တာမှတ်လို့။”

“ကိုမိုး… မနက်ကြီးကိုသောက်နေပြန်ပြီလား။”

“အေးကွ၊ ညကနည်းနည်းများသွားလို့ ပြန်ဖြေနေတာ။ ဟဲဟဲ။”

“ဟာဗျာ… ဒီနေ့ဘာနေ့လဲဆိုတာ မမှတ်မိဘူးလား။”

“မှတ်မိတယ်လေကွာ။ ဒီနေ့က ဇူလိုင်လ ၁ ရက်နေ့။ ငါ့ကို ကဗျာထားသွားခဲ့တာ ၃ လပြည့်တဲ့နေ့။ အဲ့ဒါကြောင့် ငါသောက်နေတာလေကွာ။ အထိမ်းအမှတ်ပွဲလေးပေါ့။ ဟားဟားဟား။”

“ကိုမိုး… တော်တော့ဗျာ။ ခဏနေရင် မဆုကဗျာ မင်္ဂလာဆောင်တော့မယ်။ ကိုမိုးက မူးလို့ ကောင်းနေတုန်းလား။”

“ငသီရ… သူ့ဘာသာလင်ယူတာပဲယူပါစေပေါ့ကွ။ ငါက ဝမ်းသာပါတယ်တွေ ဂုဏ်ယူပါတယ်တွေ လာပြောရမှာလား။ ဒါမှမဟုတ် သူ့လင်ကြီးကိုပဲ လက်ဆွဲလာနှုတ်ဆက်ပြီး ဒီဆုကို ခင်ဗျားသိမ်းပိုက်နိုင်လို့ ဂုဏ်ယူပါတယ်ဆိုပြီး လာပြောရမှာလား။”

“မဟုတ်ဘူးလေဗျာ။ ကျွန်တော်ပြောတာက ကိုမိုးအသိတရားရဖို့။”

“အသိတရား…”

“ဟုတ်တယ်။ ကိုမိုး အသိတရားရဖို့လိုပြီ။ အရင်ကဆို တစ်လလောက်မှ တစ်ခါသောက်တယ်။ အခုမနက်ရော နေ့လယ်ရော ညရော အချိန်မရွေးသောက်တယ်။ အဆိုးဆုံးကတော့ ကိုမိုးအလုပ်တွေ ပျက်လာတာပဲ။ ကိုမိုးစာလုံးဝမရေးတော့ဘူး။ အဲဒါအဓိကပဲ။ ဟိုက ဘဝတစ်ခု ထူထောင်နေပြီ။ ကိုမိုးပဲ ဒီသံသရာထဲမှာ တဝဲလည်နေတယ်။ ထစမ်းပါဗျာ။ အတိတ်ကရုန်းထွက်ခဲ့စမ်းပါ။”

“အေးပါကွာ။ အေးပါ။ ငါ ကြိုးစားပါ့မယ်။”

“အိုကေဗျာ။ မိကျောင်းမင်းရေကင်းပြတယ်လို့ပဲ ပြောချင်ပြောဗျာ။ မိန်းကလေးတစ်ယောက်အတွက် ကိုမိုး ဒီလိုဖြစ်တာကို ကျွန်တော်တို့ မခံနိုင်ဘူး။ အဲဒါကြောင့် ပြောနေရတာ။ ဒါပဲဗျာ။ မင်္ဂလာအချိန်စတော့မယ်။ ကိုမိုး လာချင်လည်းလာပေါ့။ ဒါပေမဲ့ ကျွန်တော့်ကို မျက်နှာပျက်အောင်တော့ မလုပ်နဲ့ဗျာ၊ သတို့သားက ကျွန်တော့် သူငယ်ချင်းဆိုတာ ကိုမိုးလည်း သိနေတာပဲ။”

“အေးပါကွာ၊ ငါမလာတော့ပါဘူးကွာ။ မင်းပြောချင်တာ ဒါပဲမလား။”

“ဟုတ်တယ်ကိုမိုး။ ကျွန်တော် ဖုန်းချလိုက်တော့မယ်။”

“အေး အေး။ ငါ့ကို စိတ်မပူကြနဲ့ကွာ။ ငါဘာမှမဖြစ်ဘူး။ မင်းပြောသလိုလည်း ရုန်းထွက်နိုင်အောင် ငါကြိုးစားမယ် ဟုတ်ပြီလား။ ဒါပဲကွာ။ အဆင်ပြေရင် ညကျဆုံကြတာပေါ့။”

“အိုကေ ကိုမိုး။ see you…”

သီဟ ဖုန်းချသွားတော့ သူလည်း ပုလင်းကို ဆက်မော့နေလိုက်သည်။ အမေသိရင် ပြောဦးမည်။ စောစောစီးစီး သောက်ရမလားဟူ၍…

စိတ်ထဲကနေ အဝေးရောက်နေသော အမေ့ကို ကန်တော့ရင်း ခွင့်လွှတ်ဖို့ တောင်းပန်လိုက်သည်။ မတတ်နိုင်။ လောလောဆယ် သူ့ဝေဒနာကို ဖြေရှင်းဖို့အရာ အရက်မှတစ်ပါး အခြားမရှိသေးချေ။ ဘော်ဒါတချို့က မြှောက်ပေးသည်။ ငွေရှုံးရင် ငွေနဲ့လိုက်၊ စော်ရှုံးရင် စော်နဲ့လိုက်တဲ့။ ဒါပေမဲ့ ကဗျာ့ကို ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ချစ်ခဲ့ရတဲ့ သူ့အတွက် ကဗျာ့နေရာမှာ နောက်တစ်ယောက်ကို လွယ်လွယ်ကူကူ အစားထိုးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းတစ်ခုအလိုက်တော့ သူနှင့်ကဗျာ စိတ်ဆန္ဒအနောက်ကို လိုက်ရင်း နယ်ကျွံခဲ့ဖူးသည်။ အဲ့သည်အတွက်လည်း သူ ကဗျာ့ကိုပိုပြီး တန်ဖိုးထားမိခဲ့သည်။ ကဗျာ့ကို ပိုပြီး ဂရုစိုက် ကြင်နာခဲ့သည်။ အရာရာ ကဗျာ့အတွက် ရည်စူးခဲ့သည်။ နောက်ဆုံးမှာတော့ ကဗျာသည် သူ့ကို ထားခဲ့ကာ မိဘပေးစားသူနဲ့ လက်ထပ်သွားခဲ့သည်။ အခုတော့ သူ့ဘဝဟာ လုံးဝရေစုန်မျောပြီပေါ့။

သူ့ ပါးနှစ်ဖက်မှာ ပူခနဲဖြစ်သွားသည်။ စမ်းကြည့်တော့ မျက်ရည်ပူတွေ။ သူ့မျက်ဝန်းက စီးကျလာတဲ့ မျက်ရည်ပူတွေ ပါးပြင်ပေါ်က ဖြတ်သန်းသွားခြင်းဖြစ်သည်။ သြော်… ယောက်ျားလေးလည်း အသည်းကွဲတဲ့အခါ ငိုတတ်ပါရောလား။ ကဗျာ လက်ထပ်တော့မယ်။ တခြားသူတစ်ယောက် ရင်ခွင်ထဲမှာ ကဗျာ ခိုဝင်ရတော့မယ်။ တွေးလေ ပူဆွေးလေပင်။ အတွေးစကို ဖြတ်ခနဲရပ်။ ပုလင်းအဖုံးကို ဖွင့်ကာ နှုတ်ခမ်းဆီတေ့ရင်း မော့ချလိုက်သည်။

“မေ့စမ်း၊ အဲဒီ ဆုကဗျာဆိုတဲ့ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကို မေ့လိုက်စမ်း။ အတိတ်ကို မြေမြှုပ်လိုက်စမ်း။”

သူ့ ပါးစပ်မှ အော်မိအော်ရာ လျှောက်အော်နေမိသည်။ အော်လိုက် အရက်ပုလင်းကိုမော့လိုက်… သူ့ပုံစံက တကယ့်ကို အရူးတစ်ပိုင်း…။

“သားတော်သင့်ပြီ။”

ရုတ်တရက် အနောက်က အသံကြားလိုက်တော့ သူလှည့်ကြည့်လိုက်မိသည်။

“အမေ…”

သူ့ နှုတ်ဖျားက အလိုလိုထွက်ကျလာသည့် စကားလုံးဖြစ်သည်။

“ဟုတ်တယ် သား။ သားသတင်းကို သားသူငယ်ချင်းတွေပြောလို့ အမေကြားလာခဲ့ပြီးပြီ။ နယ်မှာ အလုပ်တွေရှုပ်နေတာက တစ်ကြောင်း၊ သားကိုယ်သား ထိန်းနိုင်မယ်လို့ အမေထင်တာကတစ်ကြောင်းကြောင့် ချက်ချင်း အမေမလာခဲ့တာ သား။ အခုတော့ သားက အမေထင်သလို မဟုတ်ပါလား။”

“မဟုတ်ဘူး အမေ… သားလေ သား…”

“ဘာမှမပြောနဲ့ဦး သား။ လာ အမေ့ဆီလာခဲ့။”

အမေ့ဆီကို သူအပြေးတစ်ပိုင်းထွက်သွားမိသည်။ အမေကလည်း သူ့ကို ထွေးပွေ့ကြိုဆိုနေသည်။ အမေ့ရင်ခွင်ထဲ အသာဝင်နေရင်း အမေ့ကိုဖက်ထားမိသည်။ အမေကလည်း သူ့ကို ပြန်ဖက်ထားသည်။

“ဟေ့ကောင်… မင်း အလျော်ပြန်ပေးရမှာ များနေပြီလော။”

ဒါ အဖေ့အသံပင်။ အမေ့ကို ဖက်ထားတဲ့အချိန်တိုင်း အဖေစနောက်နေကျ စကား။ အမေ့ကို ဖက်ထားရင်း ကြည့်လိုက်တော့ အမေ့နောက်မှာ အဖေရှိနေသည်။

“အဖေပါ ပါလာတယ်ဟုတ်လား။”

“အေးပေါ့ကွာ။ မင်း အရက်သမားဖြစ်နေတယ်ဆိုတော့ ငါပါလိုက်လာရတာပေါ့။ ဘယ်လိုလဲ ငါ့ကောင်ရာ နေ့နေ့ညည မခွဲတော့ဘဲ ကစ်နေပြီလား။”

အဖေ့ဆီက ထိုစကားကြားတော့ သူ ခေါင်းငုံ့နေမိသည်။

“ခါတိုင်းဆို မလုပ်ပါဘူး။ ဒါပေမဲ့ အခုက…”

“အသည်းကွဲတယ်ဆိုပြီး အကြောင်းပြဦးမလို့လား… အေးပေါ့ကွာ။ မင်းတို့က ငယ်သေးတဲ့အရွယ်ပဲ။ ငါတို့ မင်းအရွယ်တုန်းကဆိုရင်…”

“ကလေးကို ဘာတွေလျှောက်ပြောဦးမလို့လဲ။ ရှင့်ရည်းစားဟောင်းက ရှင့်ကို ထားခဲ့တုန်းကဆို ကျုပ်သားထက် ပိုပြီး အခြေအနေဆိုးနေတာများ။ တစ်ခါတည်း မပြောလိုက်ချင်ဘူး။”

“ဟဲဟဲ… မင်းကလည်း သားအရှေ့မှာ မကောင်းကြောင်းပြောပြန်ပြီကွာ။”

အဖေနှင့်အမေရဲ့ စကားသံတွေကြောင့် သူ နည်းနည်းရယ်ဖြစ်သည်။ သူ မရယ်မပြုံးဘဲနေခဲ့သည်တောင် ဘယ်လောက်ကြာခဲ့ပြီလဲ။

“အဖေတို့ဘာစားပြီးပြီလဲ။”

“ဘာမှ မစားရသေးဘူးကွ။ ကားဂိတ်ကနေ ဒီပဲတန်းလာလိုက်တာ။”

“ဒါဆို ခဏစောင့်ဦးလေ။ သား မျက်နှာသွားသစ်ပြီး တစ်ခုခုစားကြတာပေါ့။”

“အသည်းကွဲတဲ့ကောင်က စားနိုင်သေးလို့လားဟ။”

အဖေ့စကားကို သူဘာမှမတုံ့ပြန်မိ။ အမေကတော့ ပြောရပါ့မလားဆိုပြီး အဖေ့ကို မျက်စောင်းထိုးလိုက်တာ တွေ့လိုက်သည်။ အမေနှင့် အဖေသည် ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်သည်။ အဖေ သူ့ရည်းစားနဲ့ လမ်းခွဲပြီး အသည်းကွဲနေချိန်တွင် အိမ်ကသဘောတူသည့် သူငယ်ချင်းဖြစ်သူ အမေနဲ့ လက်ထပ်ခဲ့သည်။ သူငယ်ချင်း အချင်းချင်းဖြစ်နေလို့လားမသိ။ တစ်ယောက်ကို တစ်ယောက် အပြည့်ဝဆုံး နားလည်ကြပြီး တစ်ယောက်အကြောင်း တစ်ယောက် အတွင်းကျကျသိကြသည်။

အမေနှင့်အဖေကို အားကျ၍ သူလည်း သူငယ်ချင်းထဲမှ ကဗျာ့ကို ဖွင့်ပြောပြီး ရည်းစားတွေ အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ကဗျာသည် ခံစားချက်မရှိသော၊ သူ့အပေါ်ကို နားမလည်နိုင်သော မိန်းကလေးတစ်ယောက် ဖြစ်နေသည်။ အဖေသိလျှင် သူ့ကိုပြောဦးမည်။

“အဖေကို ခြေရာတိုင်းချင်တဲ့ကောင်၊ ခုတော့ ခံရပြီမလား” ဟူ၍…။

Moe (For Her Myanmar)

No Comments Yet

Comments are closed