ဇာတ်သိမ်းမကောင်းခဲ့သော ဇာတ်လမ်းတစ်ပုဒ် (၁၁)

သြော်… ကဗျာရယ် နင် ငါ့ဆီက လုံးဝကို ထွက်ခွာသွားပြီပေါ့။

ဒီလိုနဲ့ စိတ်ကြီးလွန်းသော ကဗျာသည် သူ့ကိုလုံးဝ မဆက်သွယ်ခဲ့။ အစပိုင်းတော့ သူလည်း ဒေါသစိတ်ကြောင့် ကဗျာ့ကို မဆက်သွယ်မိခဲ့။ ၂ ရက် ၃ ရက်လောက်အကြာမှာ ဆက်သွယ်တော့ မရတော့ချေ။ နောက်ကျသွားခဲ့ပြီ။ Facebook နှင့် Viber မှာ သူ့ကို block ထားခဲ့ပြီး ဖုန်းကို ဆက်ကြည့်သောအခါတွင်လည်း စက်ပိတ်ထားသည်ဆိုသော အလိုအလျောက်ဖြေကြားသံကိုကြားရသည်။ အိမ်အောက် သွားစောင့်နေတော့လည်း တစ်နေ့သာ ကုန်သွားသည်။ ကဗျာ့ကို မတွေ့ရ။ ရုံးလိုက်သွားတော့ အလုပ်ပြောင်းသွားပြီဆိုသော စကားကို ကြားရသည်။

သြော်… ကဗျာရယ် နင် ငါ့ဆီက လုံးဝကို ထွက်ခွာသွားပြီပေါ့။

အိမ်အောက်မှာ သွားစောင့်ရင်း တစ်နေ့တော့ ကဗျာ့ကို တွေ့လိုက်ရသည်။ တွေ့လိုက်ရသည် ဆိုသော်ငြားလည်း ကဗျာ တစ်ယောက်တည်း မဟုတ်ဘဲ ကဗျာ့ဘေးမှာ ယောက်ျားလေးတစ်ယောက်ကိုပါ အတူတွေ့လိုက်ရသည်။

အဲဒီနေ့က ကဗျာတို့တိုက်ရှေ့က လက်ဖက်ရည်ဆိုင်မှာ ကဗျာ့ကို ထိုင်စောင့်ရင်း ကားလေးတစ်စီး တိုက်ရှေ့မှာ ရပ်သည်ကို သူတွေ့လိုက်ရသည်။ ခဏကြာတော့ ကားထဲမှ ယောက်ျားတစ်ယောက် အရင်ဆင်းလာပြီး ထိုလူမှ တစ်ဖက်တံခါးကို ဆင်းဖွင့်ပေးတာ တွေ့ရသည်။ ကားထဲက ဆင်းလာသူကို မြင်တော့ သူ မေ့လဲမတတ်ပင် ထိတ်လန့်သွားခဲ့ရသည်။

ကားထဲမှ ဆင်းလာသူကား ကဗျာပင်ဖြစ်သည်။ သူအရမ်းချစ်ခဲ့ရသော အရမ်းတန်ဖိုးထားခဲ့ရသော ကဗျာ အခုတော့ သူနှင့် ရန်ဖြစ်ပြီး စကားမပြောတဲ့ ရက်ပိုင်းအတွင်းမှာပင် နောက်တစ်ယောက် ချက်ချင်းရသွားခဲ့ပြီလား။ မိန်းကလေးတွေက အသစ်တွေ့ရင် အဟောင်းကို အကြောင်းမရှိ အကြောင်းရှာပြီး ဖြတ်တတ်သည်ဆိုသော သီဟရဲ့ အဆိုအမိန့်တွေသည် တကယ်ပဲ မှန်နေပါပြီလား။

သူ့ဘက်ကတော့ ကဗျာ စိတ်ဆိုးပြီး လမ်းခွဲမယ်လို့ ပြောတာဟုပင် ထင်ခဲ့ပေမဲ့ ကဗျာကတော့ တကယ့်ကိုပင် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာပါလား။ ဒါဆို သူ သစ္စာဖောက်ခံရခြင်းပင်။ အရှေ့တွင် ချထားသော ကျဆိမ့်လက်ဖက်ရည်သည်ပင် အရသာမရှိတော့။

“သား… မိုးအောင်မလား။”

သူ့နာမည်နှင့်ခေါ်သံကြားတော့ အနောက်ကိုလှည့်ကြည့်မိတော့ ကဗျာ့အမေဖြစ်နေသည်။

“ဟုတ်ပါတယ်ခင်ဗျ။”

“အန်တီက ဆုလေးအမေပါ။ သားအကြောင်းကိုတော့ ဆုလေးက ခဏခဏပြောပြတယ်။”

“ဟုတ်ကဲ့ခင်ဗျ။ အန်တီ့အကြောင်းကိုလည်း သူ ခဏခဏပြောပြပါတယ်။”

“သူပြောတယ်ဆိုတည်းကတော့ အန်တီ့မကောင်းကြောင်းပဲဖြစ်မယ် ထင်ပါတယ်။”

ကဗျာ့အမေက ပြောရင်း ရယ်သည်။ အဲဒီလို ကျတော့လည်း သူ အားနာမိသည်။

“မဟုတ်ပါဘူး အန်တီ။ ဒီအတိုင်းပဲပြောဖြစ်တာပါ။”

“သြော်… ဒါနဲ့ သားသိလား၊ သိပ်မကြာခင် ဆုလေး မင်္ဂလာဆောင်တော့မှာ သားရဲ့။ အဲဒီအခါကျရင် လာခဲ့ဦးနော်။ နီးရင်တော့ သူ့သူငယ်ချင်းတွေကို လိုက်ဖိတ်မယ်ပြောတာပဲကွဲ့။ အခုထိတော့ သူ ဆောင်ချင်တဲ့ ဟိုတယ်က ရက်ချိန်းမရသေးတော့ ဘယ်လောက်ကြာမယ်မသိသေးဘူး။”

ကဗျာ့ အမေသည် သူနှင့် ကဗျာအကြောင်းကို မသိလို့ ထိုကဲ့သို့ပြောသွားတာလား။ ဒါမှမဟုတ် သိသိရက်နဲ့ တမင်ပြောတာလားဆိုတာ သူမဝေခွဲတတ်။

“ဘယ်သူနဲ့ လက်ထပ်မှာလဲ အန်တီ။”

“အန်တီ့ သူငယ်ချင်းတစ်ယောက်ရဲ့သားပါ။ ကုမ္ပဏီပိုင်ရှင်ပေါ့။ အခုတောင် ဆုလေးက သူ့ဆီမှာပဲ အလုပ်ဝင်နေပြီလေ သားရဲ့။”

“ဗျာ… ကဗျာက အဲ့ဒီမှာ အလုပ်ဝင်နေပြီလား။ ဒါနဲ့ အန်တီ ကျွန်တော်တစ်ခုလောက် မေးချင်လို့။”

“မေးလေ သားရဲ့။”

“တစ်မျိုးတော့ မထင်ပါနဲ့နော်။ ကျွန်တော့်အတွက် နည်းနည်းအရေးကြီးတဲ့ မေးခွန်းမို့လို့ပါ။”

“ရပါတယ်ကွယ်။ မေးသာမေး။”

“အဲ့တစ်ယောက်နှင့် ကဗျာက ဘယ်တုန်းက စေ့စပ်လိုက်လို့ အခုလက်ထပ်ဖို့ စီစဉ်နေကြတာလဲဟင်။”

“သြော်… ဘာများလဲလို့။ ရှေ့လကပဲ အန်တီ့သူငယ်ချင်းတွေ အိမ်လာပြီး စေ့စပ်သွားတာ သားရဲ့။ သား သူငယ်ချင်းကလည်း မမြင်ခင်တုန်းကသာ ငြင်းတာ။ ကောင်လေးကိုလည်း တွေ့ရော ခေါင်းညိတ်တော့တာပဲ သားရယ်။ ရုပ်ရည်ရော ပညာရော စည်းစိမ်ရော ငြင်းစရာမှမရှိတာကွဲ့။ အန်တီပြောတာ မဟုတ်ဘူးလား။”

“ဟုတ်… ဟုတ်ပါတယ် အန်တီ။”

“အေးကွယ်။ မင်္ဂလာဆောင်တဲ့နေ့ကျ လာခဲ့ဦးလေနော်။ အခုတော့ အန်တီအပေါ်ပြန်တက်ဦးမယ်။ ဧည့်သည်ရောက်နေလို့ အအေးလာဝယ်တာသားရဲ့။ အငယ်မကလည်း ကျောင်းသွားနေတုန်း အိမ်မှာ အကုန်လုံး အန်တီပဲလုပ်နေရတာ။ သွားပြီကွယ်။”

“ဟုတ် ဟုတ်ကဲ့ပါ အန်တီ။”

ကဗျာ့အမေသည် သူ့ဘာသာ ပြောချင်တာတွေပြောပြီး အိမ်ပေါ်သို့ ပြန်တက်သွားသည်။ သူ တစ်ယောက်တည်းသာ လက်ဖက်ရည်ဆိုင်အိုလေးထဲမှာ လက်ဖက်ရည်တစ်ခွက်ရှေ့ချပြီး ဘာလုပ်လို့ လုပ်ရတော့မည်မှန်းမသိ။ ခေါင်းထဲမှာ နောက်ကျိကျိ ငြီးစီစီကြီးဖြစ်နေသည်။

Related Article >>> ဇာတ်သိမ်းမကောင်းခဲ့သော ဇာတ်လမ်းတစ်ပုဒ် (၁၀)

ရှေ့လက စေ့စပ်တာဆိုလျှင် ကဗျာနှင့်သူ စကားမများသေးဘဲ ချစ်လို့ကောင်းနေသည့် အချိန်ပင် ရှိသေးသည်။ ဒါဆို သီဟပြောတဲ့စကားက မှန်နေပြီပေါ့။ မိန်းကလေးတွေက အသစ်တွေ့ရင် အဟောင်းကို ဖြတ်တယ်ဆိုတာ။ ဒါဆို သူ ကန်ထုတ်ခံခဲ့ရခြင်းလား။ မစဉ်းစားတတ်တော့ချေ။

ညနေရောက်တော့ သီဟနှင့် သူရကိုခေါ်ကာ ဗိုလ်တထောင်ဆိပ်ကမ်းဘက် ချီတက်ကြသည်။ ဒီလို အချိန်မျိုးဆို ဉာဏ်ထက်ကို ခေါ်လို့မရ။ ဉာဏ်ထက်သည် အရက် ဘီယာလုံးဝမသောက်တတ်။ ထို့ကြောင့်လည်း အရက်သောက်မည်ဆို ခေါ်၍မရ။

“သီဟ မင်းပြောတဲ့စကားမှန်တယ်ကွာ။”

“ဘာစကားလဲ ကိုမိုး။”

“မိန်းကလေးတွေက အသစ်တွေ့ရင် အဟောင်းကို အပြစ်ရအောင်ရှာပြီး ကန်ထုတ်တတ်တယ် ဆိုတာလေ။”

“ဟားဟားဟား ဘာများလဲ ကိုမိုးရယ်လို့။ အဲ့ကောင်သီဟက ဘဝနဲ့ရင်းပြီး ကြုံလာရတဲ့ အတွေ့အကြုံကို အခြေခံထားတာပဲဟာ မှန်ရမှာပေါ့ဗျာ။”

သူ့အပြောကို သီဟက ဘာမှမပြောရသေးခင်မှာတင် သူရက ထောက်ခံခြင်းဖြစ်သည်။

“ကိုမိုးရော ဘဝနဲ့ရင်းပြီး သိသွားပြီလား။”

သီဟက ပြန်မေးတော့ သူ့မှာ ဖြေစရာ အဖြေမရှိ။ ဟုတ်တယ်လို့ပဲ ဖြေလိုက်ရမလား။

“ကိုမိုး မဖြေချင်လည်း နေပါ။ ဒီကိစ္စတွေက ကျွန်တော်သိပြီးသားတွေပဲ။”

“ဘာ… မင်းသိထားတယ်ဟုတ်လား။”

“ဟုတ်တယ် ကိုမိုး။ ကျွန်တော်ကိုယ်တိုင်လည်း သိတာ မကြာသေးပါဘူး။ ဒါပေမဲ့ မဆုကဗျာက ကိုမိုးကို ပြန်မပြောပါနဲ့ဆိုလို့။ နောက်ပြီး တစ်ဘက်ကိုလည်း သူနှင့် ကိုမိုးအကြောင်း မပြောပါနဲ့ဆိုပြီး တောင်းဆိုထားလို့။”

“ဘာတွေ ဘယ်လိုဖြစ်သွားတာလဲ သီဟ။ ငါဘာမှနားမလည်ဘူး”

သူရက မသိကြောင်း ဝင်ပြောသည်။

“ဟိုနေ့က ကျွန်တော့် သူငယ်ချင်းရုံးကို ကိစ္စရှိလို့ သွားတော့ ရုံးခန်းထဲမှာ မဆုကဗျာကို တွေ့ရာကနေပြီး ကျွန်တော့်သူငယ်ချင်းက မကြာခင်မှာ သူနဲ့လက်ထပ်တော့မယ့် မိန်းကလေးဖြစ်ကြောင်း ကျွန်တော်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ အဲဒီနေ့ညမှာပဲ မဆုကဗျာ ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ဒီကိစ္စတွေ ကိုမိုးကို ပြန်မပြောဖို့နဲ့ သူနဲ့ ကိုမိုးကိစ္စ ကျွန်တော့်သူငယ်ချင်းကို မပြောဖို့ပေါ့။”

“မင်းက ငါ့ထက် ဆုကဗျာကို ပိုခင်တာလား သီဟ။”

“မဟုတ်ဘူး ကိုမိုး။ ကျွန်တော် ကိုမိုးကို ပိုချစ်တယ်။ အဲဒါကြောင့် ကိုမိုးကို ဘာမှမပြောဘဲ နှုတ်ဆိတ်နေခဲ့ တာ။ နောက်ဆုံးအချိန်ထိ ကျွန်တော် ဖုံးကွယ်ထားနိုင်မယ်လို့ ထင်ခဲ့တာ။ ဒီနေ့မှ သူ့အမေနဲ့တွေ့ခဲ့လို့သာ ဒီအကြောင်းတွေကို ကိုမိုးသိခဲ့ရတာ။”

“ဒါပေမဲ့ မင်းသူငယ်ချင်းကို သူနဲ့ ငါ့အကြောင်းပြောပြလိုက်ရင် ကဗျာ ငါ့ဆီ ပြန်ရောက်ချင် ရောက်လာ မှာပေါ့။”

“ကိုမိုးတို့ ဇာတ်လမ်းမှာ ကျွန်တော့် သူငယ်ချင်းက ဗီလိန်ဖြစ်ချင်လည်း ဖြစ်နိုင်တယ် ကိုမိုး။ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းကိုလည်း မခံစားစေချင်ဘူးဗျာ။ အဲဒါကြောင့် ကျွန်တော် ဘယ်သူ့ ဘယ်သူ့ဘက်မှမပါဘဲ နှုတ်ဆိတ်နေခဲ့တာပါ။”

“မင်းပြောတာလည်း ဟုတ်ပါတယ်ကွာ။”

“ကိုမိုး အစ်မကို တကယ်မချစ်ဘူးလား။”

“ချစ်တာပေါ့ကွာ။”

“ချစ်ရင် သူပျော်ပါစေဆိုတဲ့ စိတ်နဲ့ပဲ သဘောထားကြီးကြီးထားပြီး လွှတ်ထားလိုက်ပါတော့လားဗျာ။ ကျွန်တော့် သူငယ်ချင်းလည်း အစ်မကို တော်တော်ချစ်တာပါ။”

“မင်းသားကြီး မလုပ်ရမှတော့ ငါလည်း ပတ်မကြီး ထိုးမဖောက်ချင်တော့ပါဘူးကွာ။ ကဲ… ကဲ ဒီည ငါအမူးသောက်မယ် ငါ့ကောင်တွေရာ။ ငါမူးသွားရင် ငါ့ကို အိမ်သေချာပို့ပေးကြကွာနော်။”

“စိတ်ချ ကိုမိုး ဒါတော့ ကျွန်တော်တို့ တာဝန်ထား။ ကိုမိုးအိမ်ကို ရောက်တဲ့အထိ ကျွန်တော်တို့ သေချာ လိုက်ပို့ပေးမယ်။ ဘာကိုမှ မတွေးဘဲသောက်လိုက်ဗျာ။”

အဲ့ဒီညက အဲ့ဒီအချိန်ကစပြီး သူ့ဘဝမှာ နေ့နေ့ညည အရက်သောက်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့တာ အခု အဖေနှင့်အမေ သူ့ရှေ့ပြန်ရောက်တဲ့အထိပင်ဖြစ်သည်။

Moe (YUFL)

No Comments Yet

Comments are closed