FUN

ဇာတ်သိမ်းမကောင်းခဲ့သော ဇာတ်လမ်းတစ်ပုဒ် (၁၀)

နင် ယောက်ျားမဟုတ်ဘူးလား မိုးအောင်။ နင်ဘာတွေကိုကြောက်ပြီး ဘာတွေကို စိုးရိမ်နေတာလဲ

“မိုးအောင်…”

ငြိမ်သက်နေတဲ့ ကန်ရေပြင်ကိုငေးနေရာမှ ကဗျာ့ခေါ်သံကြောင့် ကဗျာ့ကို သူကြည့်လိုက်သည်။

“နင် ဒီအတိုင်းဆက်နေမှာလား။”

“မနေပါဘူး။ အခု ခဏပဲ ထိုင်နေတာလေ။ ပြီးရင် တစ်ခုခုသွားစားမယ်။ ပြီးတော့ နင့်ကိုပြန်လိုက်ပို့ပြီး ငါ အိမ်ပြန်မှာပေါ့။ ဒီတိုင်းတော့ ဆက်မနေပါဘူး။”

“ငါပြောတာ ဒီညနေအတွက် ပြောတာမဟုတ်ဘူး မိုးအောင်။ နင့်ဘဝအတွက် ငါတို့နှစ်ယောက်လုံးရဲ့ အနာဂတ်အတွက်…။”

“နင် ဘာကိုဆိုလိုချင်တာလဲ ကဗျာ။”

“ငါ တည့်ပဲပြောတော့မယ် မိုးအောင်ရာ။ နင့်မိသားစုမှာဆို နင်က တစ်ဦးတည်းသောသား။ ငါ့မိသားစုမှာဆိုရင် ငါက သမီးအကြီး။ အဲဒီတော့ ငါတို့ မိဘတွေကို ငါတို့ တစ်လှည့်ပြန်ပြီး တာဝန်ယူရမယ်။ ပြီးတော့ ငါတို့ ကိုယ်ပိုင် မိသားစုကိုလည်း တည်ထောင်ရဦးမယ်လေဟာ။ အဲ့ဒါတွေအတွက် နင် အလုပ်တစ်ခုခုလုပ်ဖို့ပြောတာ။”

“အလုပ်… လုပ်ရမယ်ဟုတ်လား ကဗျာ။ ငါကကော အခု အလုပ်မလုပ်ဘဲ ငုတ်တုတ်ထိုင်နေလို့လား။ ငါ့ဝတ္ထုတွေ မဂ္ဂဇင်းတိုက်ကိုပို့တယ်။ ပြီးတော့ စာတွေလိုက်သင်တယ်လေ။”

“အဲ့ဒါတွေ အားလုံးပေါင်းရင်တောင် နင့်လစာက တစ်လ ၂ သိန်းပြည့်လို့လား မိုးအောင်။”

“ဒါပေမဲ့ ငါစိတ်ချမ်းသာတယ်။ ငါ့ပတ်ဝန်းကျင်က ကလေးတွေ ငါ့စာမူတွေ အဲဒါတွေအားလုံးက ဖြူစင်တယ် ကဗျာ။ အဲ့ဒါတွေက ပွင့်လင်းတယ်။ ရေသာမခိုကြဘူး အခွင့်အရေးတွေကို အချောင်မတောင်းဆို ကြဘူး။ နောက်ပြီး နောက်ကျောကို ဓားနဲ့မထိုးဘူး ကဗျာ။ အဲ့ဒါကြောင့် ဒီလောကမှာ ငါပျော်တယ်။”

“အဲဒီ စိတ်ချမ်းသာမှုဆိုတာနဲ့ ငါတို့ဘဝကို တည်ဆောက်လို့မရဘူးလေ။ ငါတို့ ဘဝကို ဒီတိုင်း သူလိုကိုယ်လို နေနိုင်ဖို့ဆိုတာ အနည်းဆုံး တစ်လကို ၁၀ သိန်းလောက်လိုအပ်တယ် မိုးအောင်။ နင်ရော ငါရော အားလုံးပေါင်း ဝင်ငွေ ၁၀ သိန်းလောက်ပေါ့။”

“၁၀ သိန်း… အဲ့လောက်အများကြီးက ဘာလုပ်ဖို့လဲ။”

“မိုးအောင်ရယ်… ဒီခေတ်ကုန်ဈေးနှုန်းတွေ လူမှုစရိတ်တွေကို နင် မျက်ခြေပြတ်နေတာလား။ နင့်အိမ် ၃ သိန်းပေး၊ ငါ့အိမ် ၃သိန်းပေး၊ ကျန်တဲ့ ၄ သိန်းက ငါတို့ မိသားစုအတွက်၊ အဲဒါမှပဲ သူလိုကိုယ်လို နည်းနည်း နေနိုင်မှာ မိုးအောင်။ ဒီ့ထက်ပိုပြီး ကောင်းကောင်းမွန်မွန်နေချင်ရင်တော့ ဒီ့ထက်ပိုပြီး ကြိုးစားရမယ်။ ငါ အပွင့်လင်းဆုံးပဲ ပြောမယ်ဟာ။ ငါ့ဘဝမှာ ဆင်းရဲခဲ့ပြီးပြီ။ အဲဒါကြောင့် နောက်ထပ်တစ်ခါ ဆင်းရဲမှာကို ငါအရမ်း ကြောက်တယ်။ အဲဒါကြောင့် ငါကြိုးစားတယ်။ အလုပ်အကိုင်ကောင်းတစ်ခုကို ငါရှာဖွေတယ်။ အဲ့ဒီအတွက် ငါ့ကို ငွေနောက်လိုက်တယ်လို့ နင်တံဆိပ်ကပ်ချင်လည်း ငါခံယူရမှာပဲ မိုးအောင်။ နောက်ပြီး ငါ့သားသမီးတွေကိုလည်း ငါ့လိုမျိုး မဖြစ်စေချင်ဘူး။ ငါ့လိုမျိုး မျက်နှာမငယ်စေချင်ဘူး။”

“ဒါဆို ငါက စာလည်းမသင်ရတော့ဘူး စာရေးဆရာလည်း မလုပ်ရတော့ဘဲ နင့်လိုမျိုး မိုးလင်းကနေ မိုးချုပ်အထိ ကုမ္ပဏီအတွက် အလုပ်လုပ်ပေးရမယ်ပေါ့။”

“ကုမ္ပဏီအတွက် မဟုတ်ဘူးလေ မိုးအောင်။ ငါတို့အတွက်လို့ ပြောထားပြီးပြီပဲ။”

“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီကုမ္ပဏီက အမြတ်များများရမှာလေ။”

“ထားပါတော့ဟာ။ အဲ့ဒီအတွက် ငါပြောချင်တာက နင် အလုပ်တစ်ခုခုလုပ်ပါ။ တခြားကုမ္ပဏီတွေနဲ့ အဆင်မပြေဘူးထင်ရင် ငါ့ဆီမှာ ဝင်လုပ်ပါမိုးအောင်။ နင့်အတွက် တစ်နေရာတော့ သူဌေးကို ငါပြောပေးလို့ ရတာပဲ။”

“ငါကတော့ အဲဒါ ပိုဆိုးမယ်ထင်တာပဲ။”

“ဘာဖြစ်လို့ဆိုးရမှာလဲ။”

“မသိဘူး။ ငါ့စိတ်ထဲမှာတော့ အဲ့ဒါက အဆင်မပြေနိုင်ဘူးလို့ထင်နေတယ်။”

“နင် ယောက်ျားမဟုတ်ဘူးလား မိုးအောင်။ နင်ဘာတွေကိုကြောက်ပြီး ဘာတွေကို စိုးရိမ်နေတာလဲ။”

“အကုန်လုံးပဲ။”

“အကုန်လုံးတော့ မဟုတ်ဘူး။ နင် မကြောက်တာတစ်ခုရှိတယ်။”

“ဘာလဲ ကဗျာ။”

“ငါ့ကိုဆုံးရှုံးရမှာ ငါနဲ့ ဝေးရမှာကို နင်မကြောက်ဘူး။”

“ဟင့်အင်း မဟုတ်ဘူး ကဗျာ။ ငါ နင်နှင့် ရိုးမြေကျ ပေါင်းဖက်မှာ။”

“ဘာနဲ့ ပေါင်းဖက်မှာလဲ။ ချစ်တယ်ဆိုတဲ့ စကားလုံး ၂ လုံးနဲ့လား။ အဲဒီအချစ်တွေက နင့်ကို ဘာလုပ် ပေးနိုင်လို့လဲ။ ငါတို့ကို ထမင်းကျွေးနိုင်လို့လား။ ငါတို့ မိဘတွေကို ထောက်ပံ့ထားနိုင်လို့လား။ ငါ့ညီမလေးကို ကျောင်းဆက်ထားနိုင်လို့လား။”

ကဗျာ့ မေးခွန်းတွေကို သူမဖြေမိ။ ဘာဖြေလို့ဖြေရမှန်းလည်းမသိချေ။ ကဗျာ ပြောသွားတာတွေက တကယ်ဆို ပိုပြီးလက်တွေ့ကျသည်။ အခြေခံနဲ့ ပိုနီးစပ်သည်။

“နင် မဖြေနိုင်တော့ဘူးမလား မိုးအောင်။ နင့်ရဲ့ စိတ်ကူးယဉ်ဆန်ဆန် အချစ်တွေကို နင့်ဝတ္ထုတွေထဲမှာပဲ သုံးစမ်းပါဟာ။ ပြင်ပက တကယ့်လောကအတွက်တော့ ချစ်ခြင်းမေတ္တာတွေထက် ငွေစက္ကူတွေလိုအပ်တယ် မိုးအောင်။ ဒါကို နင် သဘောမပေါက်သေးဘူး။”

“ချစ်ခြင်းမေတ္တာထက် ငွေစက္ကူတွေကို ဦးစားပေးလိုက်ရင် ငါတို့လောကကြီး ပျက်စီးသွားမှာပေါ့။”

ကဗျာက သူ့ကို နားမလည်စွာဖြင့်ကြည့်သည်။

“လောကကြီး ပျက်စီးသွားမယ်လို့ပြောရအောင် အခု လောကကြီးကကော ဘယ်လောက်တောင် ကောင်းနေလို့လဲ။ ပျက်စီးနေပြီးသားပါဟာ။ လူတွေအားလုံးက ငွေစက္ကူနောက်ကိုပဲ လိုက်နေကြတာ မိုးအောင်။ အဲဒါကြောင့် နင်လည်း တခြားလူတွေလုပ်သလိုပဲ လိုက်လုပ်ပါဟာ။”

“မဟုတ်သေးဘူး ကဗျာ။ ငါ တခြားလူတွေအနောက်လည်း မလိုက်ချင်ဘူး။ ငွေစက္ကူတွေနောက်လည်း မလိုက်ချင်ဘူး။ ငါ့ရင်ထဲက ချစ်ခြင်းမေတ္တာနဲ့ပဲ ငါအသက်ဆက်ရှင်ချင်တယ်။ နင်ပြောတဲ့ တစ်လ ၁၀ သိန်းလောက် ရမှဖြစ်မယ်တို့၊ ဒီ့ထက်ပိုကောင်းကောင်းနေချင်ရင် ဒီ့ထက်ပိုကြိုးစားပြီး ပိုက်ဆံရှာရမယ်တို့ဆိုတဲ့ စကားတွေက ငါ့ကို မွန်းကြပ်စေတယ် ကဗျာ။ ငါ့စိတ်ကူးထဲမှာ ငါ ငွေလိုချင်တဲ့ စိတ်မရှိဘူး။ ငါ လုပ်ချင်တဲ့ အလုပ်လေးတွေလုပ် ပြီး ရလာတဲ့ ငွေနဲ့ပဲ ရောင့်ရဲတင်းတိမ်ချင်တယ် ကဗျာရယ်။”

“ဒါဆိုရင်တော့ ငါတို့ လမ်းခွဲရုံပဲရှိတာပေါ့ မိုးအောင်။”

“ဘာလမ်းခွဲမယ်ဟုတ်လား။”

Related Article >>> ဇာတ်သိမ်းမကောင်းခဲ့သော ဇာတ်လမ်းတစ်ပုဒ် (၉)

“ဟုတ်တယ်။ နင်နဲ့ငါ အခုတည်းက သဘောထားချင်း မတိုက်ဆိုင်တော့ ရှေ့ဆက်သွားရင် ပိုဆိုးဖို့ပဲရှိတာပေါ့ဟာ။ အဲဒါကြောင့် ပြန်လှည့်လို့ရတုန်း အခုတည်းက ပြန်လှည့်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ နင်ရော ငါရော ခံစားရတာ နည်းနည်းတော့ သက်သာတာပေါ့။ မပေါင်းတဲ့ ဇာတ်သိမ်းခန်းမှန်းသိသိရက်နဲ့တော့ ဒီဇာတ်လမ်းကို ရှေ့မဆက်ချင်ဘူးဟာ။ လမ်းခွဲခြင်းက ငါတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံး အဖြေပဲ။”

“မဟုတ်သေးဘူးကဗျာ။ ငါတို့အတွက် တခြားနည်းလမ်းရှိဦးမှာပေါ့။”

“ရှိပါသေးတယ်။ နင် သာ အလုပ်တစ်ခုခု ဝင်လုပ်ခဲ့မယ်ဆိုရင်ပေါ့။ ငါတို့အားလုံးထဲမှာ နင်က စာအတော်ဆုံးပါ မိုးအောင်။ နင် တတ်ထားတဲ့ ပညာအရည်အချင်းနဲ့ဆို အပြင်မှာ လစာကောင်းကောင်း ရနိုင်ပါတယ်ဟာ။ နင် ငါ့ကို အဆုံးရှုံးမခံနိုင်ဘူးဆိုရင် အလုပ်တစ်ခုခုဝင်လုပ်လေဟာနော်။”

“ဟူး… မလွယ်ဘူး ကဗျာရယ်။ မလွယ်ဘူး။”

သူ ခေါင်းကို ဖြေးညှင်းစွာပင် ခါလိုက်သည်။

“ဘာကို မလွယ်တာလဲ။ ငါမေးမယ် မိုးအောင်။ ငါနဲ့ နင့်စာအုပ်တွေနဲ့ဆို ဘယ်ဟာကို နင်ပိုချစ်လဲ။ ဘာကိုနင်ရွေးချယ်မလဲ။”

“ငါ့ကို အဲဒီလိုမျိုး တွန်းအားတွေမပေးပါနဲ့လား ကဗျာ။”

“ငါ တွန်းအားပေးနေတာမဟုတ်ဘူး မိုးအောင်။ အခုချိန်မှာ နင် တစ်ခုခုကို ရွေးချယ်သင့်ပြီထင်လို့။ နင့် အတ္တကို ဦးစားပေးမယ်ဆိုရင်တော့ စာအုပ်တွေကို နင်ရွေးချယ်လိုက်ပေါ့ဟာ။”

“မဟုတ်သေးဘူး ကဗျာရယ်။ ဒီနှစ်ခုက တူမှမတူတာ။”

“ဘာကို မတူတာလဲ။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ဆန်ဆန် စကားတွေကို ငါ့လာမပြောနဲ့ မိုးအောင်။”

“နင် ရော ငါ့ကို စွန့်လွှတ်နိုင်လို့လားကဗျာ။”

“ဘာကိစ္စနဲ့ မစွန့်လွှတ်နိုင်ရမှာလဲ။ ငါ့ခံစားချက်၊ ငါ့စိတ်ဆန္ဒ အဲ့ဒါတွေကို နားမလည်နိုင်ရင်တော့ လမ်းခွဲသင့်ရင် လမ်းခွဲရမှာပဲ။”

“ဒါဆို ငါကရော…”

“နင့်ခံစားချက်နှင့် ဆန္ဒကို ငါက နားမလည်ပေးနိုင်ဘူးလို့ နင်ထင်နေတယ်မလား။ အဲဒါဆို လမ်းခွဲကြမယ်လေ။ ရှင်းရှင်းလေးပဲဟာ။”

“ကဗျာ… နင်ဟာ တကယ်တော့ ခံစားချက်မရှိတဲ့လူပဲဟ။ နင့်ဆီမှာ ချစ်ခြင်းမေတ္တာတွေမရှိဘဲ ငွေစက္ကူ ဆိုတဲ့ အတွေးပဲရှိနေတာပါလား။”

“ဟုတ်တယ်ဟာ။ နင်ပြောချင်တာ ဒါပဲမလား။ အဲ့ဒါကြောင့် ဒီနေ့ ဒီအချိန်ကစပြီး နင်နဲ့ငါ ဘာမှမဟုတ်တော့ဘူး မိုးအောင်။ နှုတ်ဆက်ခဲ့ပြီ တာ့တာ။ နင် အဆင်ပြေပါစေ။”

ကဗျာက ပြောချင်တာပြောပြီး သူ့ကိုထားခဲ့ကာ ခုံတန်းမှ လှည့်ထွက်သွားသည်။

“ကဗျာ…”

“နင် လုံးဝလိုက်မလာနဲ့နော် မိုးအောင်။ ငါ့စိတ်ကို နင်သိတယ်မလား။”

ဒီလိုနဲ့………ဒီလိုနဲ့ ပေါ့….

Mg Moe (YUFL)

Moe
နာမည်ကတော့ ဦးမိုးပါ။ အသက်ကတော့ မနေ့တနေ့ကမှ ၂၃ ပြည့်ပါတယ်။ For Her Myanmar မှာ ကျား/မ ခွဲခြားမှုတွေအကြောင်း၊ အမျိုးသမီးများရဲ့ ဖိနှိပ်ခံဘဝတွေအကြောင်း၊ single mother တွေအကြောင်းနှင့် အမျိုးသမီးများ ခွန်အားဖြစ်နိုင်လောက်တဲ့ ဝတ္ထုများ၊ ဆောင်းပါးများကို ရေးသားသွားမှာဖြစ်ပါတယ်…။

Leave a Reply

Your email address will not be published. Required fields are marked *