FUN

Gym ကို ပိုက်ဆံသွားလှူတတ်တဲ့သူများအတွက် အိတ်ဖွင့်ပေးစာ

ပုံပြင်ပေါင်းချုပ်ကို အကြောင်းပြချက် ပေါင်းစုံပြပြီး ရွှီရှောင်ရေးတတ်တဲ့ ယောင်းယောင်းတို့အတွက်…

မနက်ဖြန် Gym ဆော့မယ်နှင့် ပေါင်းစားမိလိုက်သော အဆီအဆိမ့်များ ဝတ္ထုတိုပေါင်းချုပ်၊ တစ်လစာသွင်း၍ တစ်ရက်ဆော့ပြီး ပေါင်ကွသွားသော ရက်သတ္တပတ်များစွာ၊ Gym ဆော့ရင်း အချိုရည်သောက်နေသော နေ့ရက်များ စသည်ဖြင့် တစ်ထောင့်တစ်ည ပုံပြင်ပေါင်းများစွာ ရေးသားရတဲ့ ဂျင်းပေါင်းချုပ်ဟာဆိုရင်ဖြင့် ဒီတစ်လမှာလည်း ဂျင်းအနေနဲ့ပဲ ဆက်လက်ဖြစ်တည်နေတာမို့ အိတ်ဖွင့်ပေးစာလေးရေးရင်း သတိပေးလိုက်ပါတယ်နော်။

Gym ဆိုတာ ကျန်းမာကြံ့ခိုင်ပြီး ချွေးထွက်ဖို့အတွက် ရှိရှိသမျှ အားအင်တွေ ထုတ်သုံးပြီး အားကစားလုပ်ရတဲ့ ခန်းမပါ။ ရှိစုမဲ့စု တင်ပါးကို ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ ဓာတ်ပုံရိုက်ဖို့ မှန်ထောင်ထားတဲ့ အခန်းမဟုတ်ပါဘူးနော်။ အဆီတွေကျဖို့ နှလုံးလေ့ကျင့်ခန်းတွေ အသားကုန်လုပ်ရမယ်၊ ကြွက်သားတက်ဖို့အတွက် အလေးတွေကို ပင်ပင်ပန်းပန်း မ,ရပါတယ်။ ဒါကြောင့် ပေါ့ပေါ့လေးပဲ တွေးပြီးလာမယ်ဆိုရင်တော့ လာရာလမ်းအတိုင်းလှည့်ပြန်လိုက်ပါ။ စစချင်း ဆောက်နဲ့ထွင်းတာမဟုတ်ပေမဲ့ တစ်သက်လုံး အနားပေးလာတဲ့ ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို အလုပ်ပေးတဲ့အတွက် ကိုယ့်ကိုသူက ဆန္ဒအကြီးအကျယ်ပြပါလိမ့်မယ်။ နာကျင်ကိုက်ခဲပြီး နောက်နေ့မသွားတော့ဘူးလို့ တွေးလိုက်တဲ့အထိ ကိုက်ခဲပြီး လှေကားကို လေးဘက်ထောက်တက်ရမှာပါ။ အဲဒီမှာစတာပဲ တစ်ရက်သွားပြီး နာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဆက်မသွားတော့တဲ့ပုံပြင်။

Related Article >>> Gym မဆော့ခင်သိထားသင့်တဲ့အချက်များ

နောက်ပြီး အစားစားပြီး ၂ နာရီအတွင်း လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မလုပ်ရဘူးဆိုတော့ သွားခါနီးမှ အစားတွေစားပြီး ဗိုက်အင့်နေလို့ မသွားတော့ဘူးဆိုတဲ့ အကွက်တွေက ကလေးအကွက်တွေပါနော်။ ကိုယ်က ရုံးအဆင်းဆော့မယ် လို့တွေးထားပြီးရင် နှစ်နာရီမတိုင်ခင်ဘာမှမစားပါနဲ့တော့။

ဝနေလို့ Gym မသွားရဲဘူးတဲ့လား? Gym လာဆော့တယ်ဆိုတော့ ၈၀% နှုန်းလောက်က ဝနေလို့ပါဆိုမှလေ… ပိန်ပိန်ပါးပါးလေးတွေလို အပြတ်အကပ်လေးတွေ မဝတ်ရလို့ အားငယ်နေတယ်တဲ့လား? အစားလျှော့ပြီး သေချာပုံမှန်လေးသာဆော့သွား ၁ နှစ်အတွင်း ခန္ဓာကိုယ်က ပြောင်းလဲသွားလိမ့်မယ်။ ဘယ်သူတွေ ဘယ်လိုပဲ အတင်းအုပ်အုပ် ကိုယ်ဖြစ်ချင်တာကို တစိုက်မတ်မတ်နဲ့ သေချာလေ့ကျင့်သွားပါ။

ကိုယ်လိုချင်တဲ့ပန်းတိုင်က လက်တစ်ကမ်းအလိုမှာပါပဲနော်။ သူများအလေးမ,သလို အများကြီးမ မ,နိုင်ရင်လည်း စိတ်မပူပါနဲ့ လူတိုင်း ဒီလိုသေးသေးလေးကနေပဲစပြီး တဖြည်းဖြည်းမှ အလျဉ်းသင့်သလို အလေးတွေ တိုးတာမို့ ဘာမှအားငယ်စရာ မရှိပါဘူးနော်။ သူများ အလေးအများကြီး မ,နိုင်တာကိုကြည့်ပြီးလည်း လိုက်ပြိုင်နေစရာမလိုပါဘူး။ မနေ့က ကိုယ်ထက် ဒီနေ့ကိုယ် ဘာတွေ တိုးတက်လာလဲ ဘာတွေပိုပြီး လုပ်နိုင်လာလဲဆိုတာကို အမြဲဆန်းစစ်ပြီး အားတင်းထားပါ။

Related Article >>> Gym နဲ့ပတ်သက်ပြီးလူအများလက်ခံထားတဲ့အယူအဆအမှားများ

Gym ဆိုတာမျိုးက တစ်ရက်ဆော့ပြီး တစ်သက်လှည့်မကြည့်ချင် ဖြစ်တတ်တာမျိုးမို့ မန်ဘာမသွင်းခင် အိမ်မှာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ကြည့်ပါ။ အဲဒါကို မပျက်မကွက်ကောင်းကောင်းလုပ်နိုင်ပြီဆိုရင်တော့ Gym မှာ တစ်ရက်စာ အရင်သွင်းပြီး ဆော့ကြည့်ပါ။ ခံနိုင်ရည်ရှိတာသေချာပြီ ဘယ်လောက်နာနာ ကောင်းကောင်းဆော့တော့မယ်လို့ လုံးဝဆုံးဖြတ်ချက်ချပြီးရင်တော့ တစ်လစာကို ရဲရဲတင်းတင်းသွင်းချလိုက်ပါ။

တစ်လမှာလုံးဝ ရက်မှန်နေပြီဆိုရင် ၃ လစာလောက် ပစ်ပြီး သွင်းပြီးဆော့။ တဖြည်းဖြည်းနဲ့ ကိုယ့်အိပ်မက်ထဲက ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာပါလိမ့်မယ်။ အစပိုင်းမှာတော့ အရမ်းပင်ပန်းပြီး နာကျင်တဲ့ဒဏ်ကို သည်းခံနိုင်ရင်တော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ လေ့ကျင့်ပြီးသားဖြစ်သွားပြီး နောက်ပိုင်းမှာ ပိုသန်မာလာလိမ့်မယ်။

ဒါကြောင့် Gym ကို ဆင်ကန်းတောတိုး သူများဆော့လို့ ပေါ်ပင်လိုက်ဆော့မယ့်အစား ရေရှည်ကောင်းကောင်းလုပ်သွားနိုင်မလားဆိုတာ မဆော့ခင်ကတည်းက ကြိုစဉ်းစားပြီး အစစအရာရာလေ့ကျင့်ပြီးမှ သွားဆော့ပါ။ ဒါဆို အလကားပျံသန်းသွားတဲ့ ပိုက်ဆံတွေကို ရင်ထုပြီး နှမြောတသ ဖြစ်နေစရာ မလိုတော့ပါဘူး။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *