FUN

အလုံးတစ်လုံးနဲ့ အလုပ်ရှုပ်နေသော ကိုကို

ကမ္ဘာ့ဖလားစတဲ့အချိန်ကတည်းက မမမေနဲ့ လင်တော်မောင်တို့ အဖြစ်က ဒီလို…. 

၂၀၁၈ ကမ္ဘာ့ဖလားတဲ့ ကြားလိုက်ရတာနဲ့ ရင်တမမနဲ့ ဘောလုံးကြီးကို ပြေးမမြင်ဘဲ အိမ်က လင်တော်မောင်ရဲ့ မျက်နှာဝိုင်းဝိုင်းကြီးကိုပဲ ပြေးမြင်မိတယ်… ဖျား ဖျား အရင်ကတည်းက သူတစ်ယောက်တည်းနဲ့တင် ဘောလုံးဂိမ်းတွေရော ဘောလုံးပွဲတွေရောနဲ့ အလုပ်တွေရှုပ်နေတာ… အလုံးတစ်လုံးတည်းနဲ့တင် လည်နေတာ ခုကျ… ကမ္ဘာ့ဖလားတဲ့… 

တစ်ကမ္ဘာလုံးက အားပေးတဲ့ပွဲမို့လို့ သိသိမသိသိ အိမ်သူသက်ထား ဇနီးမယားတွေကလည်း လိုက်ယောင်ရပြီပေါ့… အရမ်းကာရောကြီး အားမပေးပေမဲ့ မသိမသာတော့ နိုင်လားရှုံးလား ဘယ်လိုဖြစ်သွားသလားဆိုတာမျိုးကတော့ စပ်စုတဲ့ ကိုယ်တွေလို မမတွေ သိချင်ပါတယ်… တစ်ခါတလေတော့လည်း ငါ့ယောက်ျားခမျာ သနားပါတယ်လို့ တွေးမိသား… တစ်လုံးတည်း အလုအယက်ကန်နေတာကို ကြည့်ပြီး အော်လိုက်ဟစ်လိုက်နဲ့ …. ဟိုက ဘောလုံးသမားတွေကတော့ သူ့ကွင်းထဲ သူကန်နေပေမဲ့ သူကတော့ အိမ်ကတီဗွီရှေ့မှာ လေလုံးနဲ့ကန်နေရတော့ လေတော့ တော်တော်ကုန်မှာရယ်… 

ဇွန်လ၁၄ရက်နေ့… စပါပြီလေ ကမ္ဘာ့ဖလား… သူ့ရဲ့ ဖေ့ဘုတ်စ်မှာတောင်သူက သက်ဆိုင်သူများသိစေရန် အဟမ်း အဟမ်း ဆိုပြီး ကမ္ဘာ့ဖလားအချိန်အတွင်း ဆောင်ရန်ရှောင်ရန်တွေတောင် တင်ထားပါပကောလား…

တွေ့တော့မယ် တွေ့တော့မယ် ဟင်း ဟင်း… ကြားဖြတ်ပြောလိုက်ပါအုံးမယ် သက်ဆိုင်သူများဆိုတော့ကာ သက်ဆိုင်သူကဘယ်နှယောက်ပါလိမ့်??? မမမေတို့လည်း ပြန်လည်ကြေညာချက်တွေထုတ်ပြီး အကန်တွေပြန်ရေးပစ်လိုက်တာပေါ့လေ…

အိမ်ဦးနတ်ကြီးကို ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ မမမေ ဘယ်ဟာကပိုအရေးကြီးလဲဆိုတော့ မိန်းမက နေ့တိုင်းအရေးကြီးတယ် ကမ္ဘာ့ဖလားက ၄နှစ်မှတစ်ကြိမ် အရေးကြီးတော့ ဘယ်သူက ပိုအရေးကြီးလဲ စဉ်းစားကြည့်တဲ့… ဆိုတော့ အလျှောက်ကောင်းတော့ အထောင်းသက်သာတာပေါ့ ကွီးရယ်… အပြောချိုချိုမှာ မိန်းမတွေ ရေစုန်မျောရတာ ရှင်တို့ကြောင့်… -_- 

Related Article >>> ချစ်သူတို့ရဲ့ ရန်ပွဲ

~~~~~~

အိမ်ရှေ့ခန်းမှာ အခန့်သားထိုင်ပြီး ဘောလုံးပွဲကြည့်နေတဲ့ အိမ်ထောင်ဦးစီးကြီးနားကို သွားပြီး ထိုင်မယ်လုပ်တော့ ထိုင်ဖို့ခုံပေါ်တောင် မရောက်သေးဘူး “ဘာမပြောနဲ့ဦး… ပွဲကကောင်းနေပြီ” ဆိုပဲ… ထိုင်ရမလို ထရမလိုနဲ့ ဒင်းတော့ အကစ်ခံရတော့မယ်… ဒီအချိန် ဒင်းသာဘောလုံးဆို ရစရာမရှိအောင်ကို ကန်ခံရတော့မှာပဲ .. အဟင်း.. ဒီအချိန်လေး အခွင့်အရေးယူဦးမှပါ…

“ခဏပဲပြောမှာ အရေးကြီးလို့” ပြောလေဆိုတဲ့ မျက်နှာပေးနဲ့ဆိုတော့

“ဟိုနေ့ကလေ အွန်လိုင်းရှော့ပင်းက အိတ်ကလေးတစ်အိတ်တွေ့ထားတယ် အာ့လေးလိုချင်တာ” အဲဒီအချိန်ပဲ “ဟာကွာ” ဂိုးပေါက်ထဲဝင်ခါနီးမှ ပြန်ထွက်လာတဲ့ဘောလုံးကိုပဲ စိတ်ဝင်စားနေပြန်ပါရော.. 

“နော်လို့ နော်” သူက စိတ်မရှည်တဲ့လေသံနဲ့

“အင်း အင်း နောက်တစ်ခါ အရေးကြီးရင် အားလပ်ချိန်မှပြော၊ အရေးမကြီးရင် လာမပြောနဲ့” ဟီး ကိုယ်လိုချင်တာတော့ရပြီ အမြန်မှာမှပါပဲ တော်ကြာပွဲပြီးချိန်မှ သူမသိဘူးပြောရင် မရဘဲ ဖြစ်နေပါဦးမယ်… အစွမ်းထက်မြက် ကမ္ဘာ့ဖလားလက်နက်ပါလား…

သြော် ဒီလိုဝယ်ခြမ်းပေးထားတဲ့ အိမ်ဦးနတ်ကြီးကို တစ်ခုခုတော့ဖားမှပါလေ… အိမ်နောက်ထဲဝင် တစ်ခုခုလုပ်ပေးရင်ကောင်းမလားဆိုပြီး ခေါက်ဆွဲသွားပြုတ်ပေးထားလိုက်တယ်… အိုးဖုံးလေးဖွင့်ပြီး ခုန အွန်လိုင်းရှော့ပင်းက ပစ္စည်းလေးမှာဦးမှပါဆိုပြီး ဖုန်းလေးဖွင့် လိုချင်တာလေးတွေကို ချက်ဘောက်မှာ မှာပေါ့… မှာနေရင်း တန်းလန်း အိုးထဲက ခေါက်ဆွဲဟင်းရည်လေးတွေတောင် ခွက်ထဲစင်လိုက်သေး.. ပွက်လာပြီလေ.. ခေါက်ဆွဲလည်းအကျက်၊ ကိုယ်လည်း မှာအပြီး ကွက်စတိ ကွက်စတိ..  ခွက်လှလှလေးထဲကို ခေါက်ဆွဲပြုတ်လေးထည့်ပြီး အိမ်ဦးနတ်ကြီးဘေး သွားချပေးတော့ကာ “ငါ့မိန်းမက အလိုက်တော်တော်သိပဲ” တဲ့… လိုချင်တာလေးရလို့ပါ ခိုခိုရယ် ဟွင်း ဟွင်း…

သူဘောလုံးပွဲကြည့်နေတာလည်း အကောင်းပါလေ မဟုတ်ရင် သူ့လိုက်ပြောနေရတာ အာညောင်းတယ်…

“ဟာ ဘာကြီးလဲ ဘာတွေလဲ”

သြော် ဘောလုံးပွဲကို သူကိုယ်တိုင်တောင်ဘာကြီးမှန်း မသိဘဲ ကြည့်နေတယ် တော်တော်လည်းရူးတဲ့ ငါ့ယောက်ျား…

“အခန်းထဲက မမအရှေ့ကိုခဏလာပါဦး”

ဟိုက် ဘောလုံးမဟုတ်ဘဲ မမမေပါလား ဘာပါလိမ့်… ဘာလဲဆိုတဲ့အတွေးနဲ့ အိမ်ရှေ့ထွက်သွားတော့ ဇွန်းပေါ်မှာ အိမ်မြှောင်ပြုတ်ကလေးတင်လို့

“ဒါဘာကြီးလဲ” သြော် စားနေတဲ့သူတောင် မသိရင် ကိုယ်ကဘယ်လိုသိမလဲ

“သိဘူးလေ” ဟုတ်တယ်လေ သိမှမသိဘဲကို

“ဘာကိုမသိတာလဲ ခေါက်ဆွဲပြုတ်ထဲပါလာတဲ့ မင်းရဲ့သတ္တဝါလေ” သိသွားပြီ သိသွားပြီ ခုနက ပလုတ်ကနဲအရည်တွေစင်တာ ဒင်းကြောင့်ကိုး…

“တော် တော် ဘောလုံးပွဲအရသာပျက်တယ် ရွံစရာကြီး” နေပေါ့ မသောက်နဲ့ပေါ့ သွန်လိုက်ရုံကို အရေးတကြီးလုပ်လို့ စားမိတော့လည်း ဘာဖြစ်လဲ ပြုတ်ပြီးသား အကျက်ပဲကို အသားပါတော့ပိုချိုတာပေါ့ တော်တော်ဇီဇာကြောင်တဲ့ ယောက်ျား… -_- 

Related Article >>> လက်မထပ်သင့်သော ယောက်ျားများ

~~~~~~

အမှားလုပ်မိတော့လည်း မမမေ အမြှီးကုပ်နေရတာပေါ့… ဖေ့ဘုတ်စ်လေးသုံးနေတဲ့ သကာလ ဘယ်လိုဘယ်နည်း အိပ်ပျော်သွားမှန်းကို မသိတော့တာ “ဂိုး ဟုတ်ပြီကွ တော်တယ်ကွာ” အမလေး အသံပြဲကြီးနဲ့ ခုနှစ်သံချီအော်လိုက်တော့ အိပ်ပျော်နေဆဲ နုနယ်တဲ့ ကိုယ့်လိပ်ပြာလေး မနည်းပြန်ခေါ်ရတယ်.. ကိုယ့်ယောက်ျားမို့ပြောတာမဟုတ် အသံကလဲပြဲပါ့… မအိပ်အိပ်ပျော်အောင် မနည်းအားတင်းပြီး ကြိုးစားလိုက်တာ စက္ကန့်၃၀လောက်အတွင်း ပြန်အိပ်ပျော်သွားတယ် 🙂 … “ဒုန်း ဒုန်း ဒုန်း” တစ်ခုခုပြုတ်ကျသံ ကြားလိုက်တာနဲ့ မျက်စိဖွင့်ကြည့်လိုက်တော့ ပစ္စည်းကိုပြန်ကောက်နေတဲ့ အိမ်ဦးနတ်ကြီး… ဟယ် အခြေနေမကောင်းဘူးထင်တယ် သူအားပေးတဲ့အသင်းရှုံးသွားလို့ တင်းနေတာလားမသိဘူး… ကိုယ့်အပြစ်နဲ့ကိုယ်မို့ စကားမရှိစကားရှာမှပါ…

“ဘယ်သူနိုင်သွားလဲ ကိုကို”

“ပြင်သစ်နဲ့ သြစတေးလျကန်တာ” ဟင် ကိုယ်မေးတာကတစ်ခု သူဖြေတာကတစ်ခု… အေးလေ ဒီလိုလိုက်ဖက်ညီတဲ့အတွဲက မမမေတို့အပြင် ဘယ်သူရှိမှာလဲ..

“ကိုကိုက ဘယ်အသင်းအားပေးတာလဲ”

“ပြင်သစ်နိုင်သွားတာ” ဟုတ်ပြီလေ အခုလိုအမြှီးအမှောက်တည့်အောင် ပြောနိုင်တာကိုက ကိုယ်တွေလင်မယားရဲ့ အားသာချက်ပဲ.. ပြင်သစ်နိုင်တယ်ဆိုတော့ကာ သူအားပေးတာ သြစတေးလျဖြစ်ရမယ်

“ဟုတ်လား ပြင်သစ်က မကောင်းဘဲနိုင်သွားတာလား လူချတာဖြစ်မယ်”

သူက ကိုယ့်ကိုစူးရှစွေစောင်းတဲ့အကြည့်တစ်ချက်နဲ့ပြန်ကြည့်ရင်း

“ဘာလို့ပြင်သစ်ကမကောင်းရမှာလဲ… ကိုအားပေးတာက ပြစ်သစ်ကို… ချစ်က သြစတေးလျကိုအားပေးတာလား” သြော် အားပေးရအောင် နှစ်သင်းလုံးက ဘယ်ကမှန်းတောင်မသိဘူး ဒီက စကားရောဖောရောတွေလုပ်နေတာကို ဘာပြောလို့ပြောရမှန်းမသိအောင်ပါကွယ်….

နောက်ဆို မသိဘဲ ဘောလုံးအဝိုင်းကြီးကို လေးထောင့်ကြီးလို့ မပြောမိဖို့ တော်တော်သတိထားယူရမယ်… အလုံးတစ်လုံးတည်းနဲ့ အလုပ်ရှုပ်နေတဲ့တို့ကိုကိုကတော့ ဘောလုံးပွဲပြီးတာတောင် Live Score App လေးကိုကြည့်ရင်း ဘောပွဲရလဒ်ကြည့်နေလေရဲ့… သြော် ဘောလုံး ဘောလုံး တစ်လုံးတည်းသာကန်ရလို့ပေါ့ နှစ်လုံးသာလုကန်ရရင်… အဟွင်း….

May (For Her Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *