FUN Knowledge

အပျိုကြီးမမတို့ သိထားသင့်တဲ့ (၇) ချက်

တစ်ကိုယ်တည်း အပျိုကြီးလုပ်မယ်ဆိုရင်တော့ ဒါလေးတွေတော့ အနည်းဆုံးသိထားဖို့လိုမယ်နော်…

လာလာရည်းစားစကားပြောတဲ့သူတွေကို ခါချပြီး အေးအေးဆေးဆေးအပျိုကြီးလုပ်မယ် ဆိုတဲ့ ယောင်းတို့ရေ.. တစ်ကိုယ်တည်း နေရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးရယ်..။ ဒါပေမဲ့ ဒီအချက်လေးတွေကို သိထားရင်တော့ တစ်ယောက်တည်းနေရလည်း အဆင်ပြေတာပါပဲ..

၁။ အိမ်မှုကိစ္စ

မိန်းကလေးဖြစ်ပြီး အိမ်မှုကိစ္စမနိုင်နင်းဘူးလို့ အပြောမခံစေချင်လို့ သင်ထားသင့်တာ မဟုတ်ဘဲ.. တကယ်တမ်းလည်း အိမ်ထောင်မှုနိုင်နင်းတာက အရေးပါလို့ပါ ယောင်းရေ.. တစ်ယောက်တည်းနေရင်လည်း ဘာပဲဖြစ်ဖြစ် ချိုင့်ဆွဲစားတာထက်စာရင် ပိုက်ဆံကုန်လည်းသက်သာ၊ အိမ်မှာလုပ်တော့ သန့်သန့်ရှင်းရှင်းလည်းရှိတာပေါ့.. ကိုယ်ကလွဲရင်လည်း အိမ်မှာ ရှင်းမယ့်လင်းမယ့်သူလည်းမရှိဘူးမလား..😂

၂။ ကိုယ်ခံပညာ

ကိုယ်ကခံရတဲ့ပညာမဟုတ်ဘူးနော် ယောင်း.. ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့ပညာ..။ ခေတ်ကြီးက မိန်းကလေးတွေအတွက် ဘယ်လိုတောင် အန္တရာယ်ရှိနေသလဲဆိုတာ ယောင်းလည်း မြင်နေကြားနေရတာပဲလေ.. အရေးကြုံတဲ့အခါ ကာကွယ်လို့ရအောင် နည်းနည်းပါးပါးတော့ သင်ထားသင့်တယ်.. မဟုတ်ရင်လည်း ကျဉ်စက်လိုမျိုးလေးဝယ်ထားပြီး ဘယ်သွားသွားထည့်သွားပေါ့.. ညရေးညတာကျတော့ သတိဆိုတာ ပိုသည်မရှိဘူး ယောင်းရေ..

၃။ ကားမောင်းခြင်း

ဒရိုင်ဘာမောင်းတဲ့ကား အခန့်သားထိုင်စီးမယ်လို့ တွေးထားရင်တော့ တစ်ချက်လေးပြန်စဉ်းစားပါဦး ယောင်းရေ.. အခုခေတ်မှာ ကားမောင်းတတ်ထားတာလည်း အကျိုးယုတ်စရာတော့ မရှိဘူး ယောင်းရဲ့.. ကားပြင်တဲ့အကြောင်းပါ နည်းနည်းပါးပါး တီးမိခေါက်မိရင်တော့ ပိုကောင်းတာပေါ့.. ကိုယ်က ဘက်စုံတော်နေပါလျက်နဲ့ ကားမမောင်းတတ်တာလေးတစ်ခုနဲ့ အထင်သေးခံရမယ်ဆိုရင်တော့ မတန်ပါဘူးရှင်..။

Related Article >>> အပျိုကြီးပေါက်စ(သို့) Forever Single များအကြောင်းတစေ့တစောင်း

၎။ မီးအကြောင်း လျှပ်စစ်အကြောင်း

အခုတလောဆို မီးကပျက်လိုက် လာလိုက်နဲ့ အခက်တွေ့ရတယ်ဟုတ်..။ မီးအားမြှင့်စက်သုံးတဲ့အိမ်တွေဆို ပိုသတိထားရတယ်.. ဒုက္ခဆိုတာက ဘယ်နေ့ရောက်မယ်လို့ ကြိုဘွတ်ကင်မတင်ပေးထားတော့ ကိုယ်က အမြဲသတိရှိနေမှ.. လျှပ်စစ်အကြောင်းလည်း နည်းနည်းပါးပါးသိထားမှ အဆင်ပြေတာရယ်..။

၅။ ဆေးဝါး

ယောင်းရေ.. မိန်းကလေးဆိုတာက တော်ရုံတန်ရုံအဖျားလောက်ဆိုရင် အိမ်မှာပဲ ကိုယ့်ဘာသာကိုယ်ဆေးသောက်လိုက်တဲ့လူမျိုးတွေ..။ ဆေးထိုးအပ် ကြောက်တာတို့ ဘာတို့ကတော့ တစ်ပိုင်း။ ဒါပေမဲ့ တွဲမသောက်သင့်တဲ့ဆေးတို့၊ ကိုယ်နဲ့ ဆေးနဲ့ မတည့်တာတို့ ဖြစ်ရင် ပိုဆိုးပါလေရော.. ကျန်းမာရေးကတော့ အရေးကြီးတယ် ယောင်းရဲ့.. ဆေးခန်းတစ်ချိန်လုံး မသွားနေချင်ရင်လည်း ဆရာဝန်ကို မေးသင့်မြန်းသင့်တာလေးတွေ မေးပြီး မှတ်ထားပေါ့နော်..။ ဒေါက်တာရမ်းကုဆိုတာက နာမည်သာဆိုးတာ တကယ်တမ်းတော့ အသုံးဝင်တယ်ရယ် 😂 (သူများကို ကုဖို့မဟုတ်ဘူးနော်.. 😛 )

၆။ ငွေကြေးပညာ

အရမ်းလက်ဖွာလွန်းလို့ အကြွေးတွေထူနေတာထက် ပိုက်ဆံအိတ်လေး ဖောင်းနေတာက ပိုစိတ်မချမ်းသာရဘူးလား ယောင်းရေ.. ဘယ်နေရာမှာတော့ ဘယ်လို ခွဲခြမ်းစိတ်ဖြာပြီး သုံးရမယ်.. ဘယ်နေရာမှာတော့ အခုအသုံးမလိုသေးဘူးဆိုတာ မိန်းကလေးတိုင်း မွေးကတည်းက တတ်ကြပါတယ်.. အရမ်းသုံးလို့မဖြစ်ဘူးဆိုတဲ့စိတ်လေးသာ အဓိကကျတာပါ ယောင်းရေ.. တစ်ယောက်တည်းနေရင် ငွေရေးကြေးရေးကလည်း အင်အားတစ်ခုပဲနော်..

၇။ သိချင်ယောင်ဆောင်တတ်ခြင်း

အဓိကကတော့ တက္ကစီငှားတဲ့အခါတို့ အိမ်မှာ တစ်ခုခုပျက်လို့ လာပြင်ပေးတဲ့အခါတို့ပေါ့..။ တက္ကစီငှားရင်လည်း ကားသမားတွေက ကိုယ့်ပုံစံက ရိုက်လို့ကောင်းမဲ့ပုံပဲဆိုပြီး သွားနေကျမဟုတ်တဲ့နေရာဆိုရင် ဈေးတင်တောင်းတာ ကြုံဖူးတယ်ဟုတ်? အိမ်မှာ ရေပိုက်ပေါက်တယ်ပဲ ဆိုပါတော့.. မသိရင် တစ်အိမ်လုံးရေကြီးတော့မဲ့ပုံနဲ့ လုပ်ခအများကြီးပေးပြီး ပြင်ပြီးတော့မှ ဘေးလူကိုမေးမိတော့ ကိုယ်ကနှပ်ချခံလိုက်ရမှန်း သိသွားတာရော ဖြစ်ဖူးကြလား.. အဲ့လိုမျိုးဆိုရင် သိချင် တတ်ချင်ယောင်လည်း ဆောင်တတ်ရသေးတယ် ယောင်းတို့ရဲ့..

တစ်ယောက်တည်းနေရတာလည်း မလွယ်ပါဘူးနော်.. ဒါပေမဲ့ အဆင်ပြေအောင်နေတတ်ရင် အေးဆေးပါ.. ဟုတ်တယ်ဟုတ်..။

Su Myat ( For Her Myanmar )

Su Myat
ညီမနာမည်ကတော့ ဆုမြတ်ပါ။ အသက်ကတော့ဆယ့်ခုနစ်နှစ်ပါ။ စာဖတ်နေရရင်ကို ပျော်နေတာပဲ..အခုလက်ရှိကတော့ FHMမှာ ဆောင်းပါးလေးတွေရေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *