FUN Horror Movie Reviews

ချောက်ချားစရာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

ဒီကားတွေ ကြည့်မယ်ဆို စောင်ခြုံ၊ မျက်လုံးကို လက်နဲ့ကာဖို့သာ အဆင်သင့်ပြင်ထားပါလို့စ်.. 😀 

ကိုရီးယားသရဲကားတွေဟာ ဟောလီးဝုဒ်က သရဲကားတွေနဲ့ မတူဘဲ ထူးခြားတဲ့ သူ့ကိုယ်ပိုင်ဟန်ကြောင့် ၂၀၀၀ပြည့်နှစ်တွေကစပြီး အတော်လေး လူကြိုက်များလာပါတယ်။ တချို့ကားတွေဆို အနောက်တိုင်းရုပ်ရှင်ပညာရှင်တွေကတောင် ချီးကျူးရတဲ့အထိ၊ ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ နှိုင်းရတဲ့အထိ အတော်လေး ပေါက်ခဲ့ပါတယ်။

ဒါကြောင့် ခုတစ်ခေါက်မှာတော့  ” ချောက်ချားစရာအကောင်းဆုံး” လို့ သတ်မှတ်ခံရတဲ့ ဇာတ်ကား သုံးကားကို ညွှန်းပေးပါရစေ…

ပထမတစ်ခုက Phone ပါ။

ဒီဇာတ်လမ်းဟာ ကိုရီးယားသရဲကားတွေရဲ့ အောင်မြင်ခြင်းအစလို့ ပြောရတဲ့အထိ ပေါက်သွားတဲ့ ဇာတ်လမ်းပါ။ ၂၀၀၂ခုနှစ်မှာ ထွက်ထားပြီး IMDB 6.2 အထိ ရထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဂျာနယ်လစ်မလေး ဂျီဝန်ဟာ ဖုန်းနံပါတ် အသစ်ပြောင်းလိုက်ရာက ထူးထူးဆန်းဆန်း နံပါတ်နဲ့ ဖုန်းကောလ်တွေ လက်ခံရရှိခဲ့ပါတယ်။ တစ်ဘက်က ဖုန်းခေါ်သူက ဘယ်သူမှန်း မသိပေမဲ့ အဲဒီဖုန်းကို ကိုင်လိုက်တိုင်း အရိုးထဲထိ စိမ့်သွားတဲ့ ချောက်ချားစရာအသံမျိုးကို အမြဲကြားရပါတယ်။ တစ်ရက်မှာတော့ ဂျီဝန့်သူငယ်ချင်း ဟိုဂျောင်းရဲ့သမီးလေးဟာ ဂျီဝန်ရဲ့ ဖုန်းကောလ်ကို ကိုင်လိုက်ရင်းကနေ ဖုန်းထဲက အသံကြောင့် မျက်ဖြူတွေလန်သွားတဲ့အထိ စိတ်ချောက်ချားသွားပြီး ဆေးရုံတင်လိုက်ရပါတယ်။

ဆေးရုံကဆင်းပြီးနောက်ပိုင်း ကလေးမလေးဟာ အပြုအမူတွေ ပြောင်းလဲလာပါတယ်။ တစ်ဆက်တည်းမှာပဲ ဂျီဝန်ဟာ အိမ်အသစ်မှာ ထူးဆန်းတာတွေ ကြုံရပါတော့တယ်။ အဲဒီအိမ်အသစ်ဟာ သူ့သူငယ်ချင်း ဟိုဂျောင်းတို့ မိသားစုပိုင် အိမ်ဖြစ်ပါတယ်၊ ထူးဆန်းတဲ့ ဖုန်းကောလ်ကလည်း မရပ်သွားပါဘူး။ ဂျီဝန်ကတော့ မကိုင်ရဲတော့ဘူးပေါ့။

ဒါကြောင့် ဂျီဝန်ဟာ သူမရဲ့ ဖုန်းနံပါတ်အသစ် ကို စုံစမ်းလိုက်တဲ့အခါမှာ အရင့်အရင် ပိုင်ရှင်တွေဟာ ဒီနံပါတ်ပြောင်းပြီးတိုင်း သေဆုံးသွားတာကို တွေ့လိုက်ရပါတယ်။ အဲဒီနံပါတ်ရဲ့ ပထမဆုံး ပိုင်ရှင် အထက်တန်းကျောင်းသူလေးကတော့ ပျောက်ဆုံးနေပြီး သေလား ရှင်လား မသိရတဲ့ အခြေအနေပါ။

ဘာလို့ အဲ့ဖုန်းကို ကိုင်လိုက်တိုင်း လိပ်ပြာလွင့်မတတ် ချောက်ချားစရာကောင်းတဲ့ အသံတွေကို ကြားနေရတာလဲ?

တစ်ဘက်လူက ဘာကိုပြောချင်နေတာလဲ?

နောက်ပြီး ဂျီဝန့် ဖုန်းနံပါတ်ရဲ့ အရင့်အရင် ပိုင်ရှင်တွေက ဘာလို့ သေသွားကြတာလဲ?

ဂျီဝန်ကော သူတို့လို အသေဆိုးနဲ့ သေသွားမှာလား?

ကလေးမလေးကကော ဘာလို့ တစ်စုံတစ်ယောက် ပူးကပ်လိုက်သလို ပြောင်းလဲသွားတာလဲ?

စတဲ့ လှည့်ကွက် မြှုပ်ကွက်တွေကိုတော့ ကိုယ့်ဟာကို ဆက်ကြည့်ကြပါနော်။ ဇာတ်ကွက်လှည့်ထားတာ တော်လွန်းလို့ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အဆုံးသတ်ကို တွေ့ရမှာပါ။ ခိုင်မာတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ တည်ဆောက်ထားတာမို့ ဇာတ်လမ်းဆုံးတဲ့အထိ ယောင်းတို့ကို မပျင်းမရိ ဆွဲခေါ်သွားမှာပါ။

ဒီဇာတ်လမ်းရဲ့ အောင်မြင်မှုကြောင့် အမေရိကန်ရုပ်ရှင် ကုမ္ပဏီက remake ပြန်လုပ်ခွင့် တောင်းခံခဲ့ပါတယ်။ ပြီးတော့ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ မက်ဆေ့ခ်ျလေးတွေပါ ပါဝင်နေတာကြောင့် ကြာချိန် ၁နာရီ ခွဲ ရှိပေမဲ့ ကြည့်ရတာ တန်တဲ့ကားလေး တစ်ကားပါ။

Related Article >>> ဖီးအပြည့်နဲ့ သရဲကားကြည့်ပုံကြည့်နည်း အဆင့်(၇)ဆင့်

ဒုတိယကားကတော့ A Tale of two sistersပါ။

ဒီကားကတော့ poster နဲ့ တင်ကြောက်စရာ ကောင်းနေပါပြီနော် 😨 ။ ၂၀၀၃မှာ ထွက်ခဲ့တဲ့ ဒီကားဟာ စံချိန်တင်အားပေးမှုကြောင့် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း ဝင်ခဲ့သလို IMDB 7.3 အထိ ရထားတဲ့ ရှားရှားပါးပါး အကောင်းဆုံး သရဲကားဖြစ်ပါတယ်။

နောက်ပြီး အမေရိကား ရုပ်ရှင်ရုံတွေက ပြခဲ့တဲ့ ပထမဆုံး ကိုရီးယား သရဲကားဖြစ်တာမို့ ခုချိန်ထိ ပရိသတ်တွေကြား ရေပန်းစားနေဆဲပါ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ သဘာဝလွန်ဖြစ်ရပ်အပြင် စိတ်ရောဂါနဲ့ ပတ်သက်ပြီး ပညာပေးထားတာလည်း ပါပါတယ်။

ဇာတ်လမ်းကတော့…
ဆုမီ ဆိုတဲ့ ဆယ်ကျော်သက်ကလေးမလေးက စိတ်ကျန်းမာရေး ဆေးရုံကနေ အိမ်ကို ပြန်ရောက်လာပါတယ်။ သူ့မှာ သူအရမ်း ချစ်ရတဲ့၊ ဆုယွန်းလို့ ခေါ်တဲ့ ညီမငယ်လေး တစ်ယောက်ရှိပါတယ်။ ညီအစ်မနှစ်ယောက်ဟာ အရမ်းချစ်ပြီး တပူးပူးတတွဲတွဲ ရှိကြပေမဲ့ အဖေဖြစ်သူနဲ့တော့ သိပ်အစေးမကပ်ပါဘူး။ အကြောင်းရင်းကတော့ အဖေဖြစ်သူက နောက်မိန်းမယူလိုက်လို့ပါပဲ။ မိထွေးဖြစ်သူကို သူတို့ ညီအစ်မက သိပ်မုန်းပါတယ်။

ဆုမီနဲ့ ဆုယွန်းတို့ နေအိမ်ဟာ လူသူအရောက်အပေါက်နည်းပြီး ဒီအတိုင်းကြည့်ရင်ကို မှောင်မည်းချောက်ချားစရာ သိပ်ကောင်းနေတာပါ။ ဒီလိုနဲ့ ဆုမီတစ်ယောက် သူ(မ) မိခင်ရဲ့ တစ္ဆေပုံရိပ်ကို အိပ်မက်ထဲမှာရော အပြင်မှာပါ မြင်တွေ့လာပါတယ်။ အိမ်ရဲ့ နေရာတချို့မှာလည်း ထူးခြားမှုတွေ၊ ပြောင်းလဲနေတာတွေကို ကြုံလာရပါတယ်။

တစ်ရက်မှာ ဆုမီတို့ဆီကို မိထွေးဖြစ်သူရဲ့ အမျိုးတွေက အိမ်အလည်လာပါတယ်။ ဒါပေမဲ့ အိမ်ထဲမှာ ကလေးမလေးပုံစံ နာနာဘာဝကို တွေ့လိုက်တာကြောင့် အကြောက်လွန်ပြီး ဝက်ရူးပြန်တဲ့ အထိ ဖြစ်သွားရပါတယ်။ ဖခင်ဖြစ်သူဟာလည်း တစ်ချိန်လုံး ဆုမီကိုသာ ဂရုစိုက် စကားပြောပြီး ဆုယွန်းကိုတော့ အဖက်တောင်မလုပ်ပါဘူး။

ဆိုတော့ ဆုယွန်းဟာ ဘာလို့ သူ(မ) အမေကို မြင်နေတာလဲ?

အိမ်ထဲမှာ တွေ့ရတဲ့ နာနာဘာဝ ကလေးမလေးကကော ဘယ်သူလဲ?

ဘာလို့ အိမ်ကြီးမှာ ဒီလို ခြောက်လှန့်မှုတွေ ကြုံနေရတာလဲ?

ဆုမီတစ်ယောက် အိမ်ကြီးရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်ပါ့မလား?

ဖခင်ဖြစ်သူနဲ့ ဆုယွန်းကြားမှာ ဘာတွေ ဖြစ်ခဲ့လို့လဲ?

ဒီဇာတ်လမ်းဟာ ရုပ်ရှင်ဝေဖန်သူတွေဆီကနေ ချီးကျူးမှုအများဆုံးရခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး အမေရိကန်ရုပ်ရှင်ကုမ္ပဏီကတောင် ဒီဇာတ်လမ်းကို Uninvited ဆိုတဲ့ ရုပ်ရှင်အဖြစ် remake ပြန်လုပ်ခဲ့ပါတယ်။

Related Article >>> မှုခင်းတွေကို အခြေခံထားတဲ့ ထိုင်းသရဲကား (၂)ကား

တတိယကားကတော့ wishing stairs ပါ။

ဒီဇာတ်လမ်းကတော့ ၂၀၀၃တုန်းက ထွက်ထားတာဖြစ်ပြီး Song Ji-Hyo ရဲ့ဇာတ်လမ်းကောင်းထဲက တစ်ခုပါ။ IMDB 6 အထိ ရထားတဲ့ကားပေါ့။ ဒီဇာတ်လမ်းကို အထက်တန်းကျောင်းတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။

အဲဒီ အထက်တန်းကျောင်းလေးမှာ ထူးဆန်းတဲ့ ယုံတမ်းစကားတစ်ခုရှိပါတယ်။ အဲဒါကတော့ အဆောင်လှေကားထစ် ၂၈ထစ် ကို တစ်ထစ်ချင်း ရေတွက်ပြီး သွားတဲ့အခါ ၂၉ထစ်မြောက် လှေကားထစ်က ပေါ်လာမှာပါ။ အဲဒီအခါ အမြီးကိုးချောင်းရှိတဲ့ မြေခွေးနတ်မိစ္ဆာ ပေါ်လာမှာ ဖြစ်ပြီး တောင်းတဲ့ ဆုကို ဖြည့်ဆည်းပေးပါတယ်တဲ့။

ဘဲလေးအကကျောင်းသူတွေဖြစ်တဲ့ ယွန်ဂျီဆောင်းနဲ့ ကင်မ်ဆိုဟီးဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ဘဲလေးအကယ်ဒမီကို ဝင်ခွင့်ရဖို့ နှစ်ယောက်လုံးက ကြိုးစားလာတဲ့အခါမှာတော့ ပြိုင်ဘက်တွေ ဖြစ်လာပါတော့တယ်။ အကြောင်းရင်းကတော့ ဘဲလေးအကယ်ဒမီက တစ်ဦးကိုသာ လက်ခံမှာမို့ပါပဲ။

ဂျီဆောင်းဟာ ထူးဆန်းတဲ့ လှေကားထစ်အကြောင်း ခပ်ကြောင်ကြောင် ကျောင်းသူတစ်ယောက်ဆီကနေ သိခဲ့ပါတယ်။ ဒါကြောင့် စမ်းကြည့်တဲ့အခါ တကယ်ကြီး ၂၉မြောက်လှေကားထစ်ပေါ်လာပြီး သူမရဲ့ ဆုတောင်းကို နတ်မိစ္ဆာက ဖြည့်ဆည်းပေးလိုက်ပါတယ်။

တကယ်လည်း သူမရဲ့ ဆုတောင်းက ပြည့်သွားပါတယ်။ ဒါပေမဲ့ သူမ ဆုတောင်းလေး တစ်ခုကြောင့်ပဲ တစ်ဖက်သားရဲ့ ဘဝဟာ ကြမ္မာငင်ခဲ့ရပါတယ်။ ဆုတောင်းပြည့်ဖို့အတွက် ကြီးကြီးမားမား ပေးဆပ်လိုက်ရပြီး ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ ကြုံလာရတဲ့အခါ ….

ဘာတွေ ဆက်ဖြစ်ကြဦးမှာလဲ?

အန္တရာယ်ကို ကိုယ်တိုင်ဖိတ်ခေါ်ခဲ့တဲ့ ဂျီဆောင်းတစ်ယောက် လွတ်မြောက်နိုင်ပါ့မလား? ဒါတွေကိုတော့ ကိုယ့်ဟာကိုယ် စောင်ခြုံပြီး ဆက်ကြည့်ကြပါနော်😛

ဒီကားကို အက်ဒ်မင် ၅တန်းတည်းက ကြည့်ဖူးပေမဲ့ ခုထိမမေ့သေးပါဘူး။ ဘယ်မေ့မလဲ… ကြောက်လွန်းလို့ တချို့အခန်းတွေဆို မျက်လုံးမှိတ်ပြီး အသံတောင် ဖျောက်ကြည့်ရတာကိုး။

တစ်ချိန်လုံး ဖြဲခြောက်နေတာမဟုတ်ဘဲနဲ့ ချောက်ချားတဲ့ ခံစားမှုကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းလို့ ဆိုရမှာပါ။ ဒီကားကို အစက ဂျွန်ဂျီဟွန်းနဲ့ ရိုက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဇာတ်လမ်းက ကြောက်ဖို့ကောင်းလွန်းလို့ မရိုက်ရဲဘဲ ငြင်းခဲ့ပါတယ်တဲ့။

တော်ရုံ သရဲကားဆို မဖြုံတဲ့ အက်ဒ်မင်တောင် ဒီဇာတ်လမ်းတွေကြည့်ပြီး ညဘက် တစ်ယောက်တည်းအောက်မဆင်းရဲတဲ့အထိပါပဲ😂။

ကဲ…အက်ဒ်မင်က ညွှန်းပေးပြီးပြီဆိုတော့ ရှာဖွေပြီး ကြည့်ရမှာက ယောင်းတို့တာဝန်ပါနော်😛

By
Mia (For Her Myanmar)

Aye Mon Kyaw
Aye Mon Kyaw
ကျွန်မကတော့ Miaပါ။ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စာတွေ၊ ကျန်းမာရေးတွေ ရေးပေးမယ့်သူပါ။ foodieဖြစ်တာမို့ ဟင်းချက်နည်းတွေလည်း ရေးပေးမှာနော်။

Leave a Reply

Your email address will not be published. Required fields are marked *