FUN Love

ယောင်းတို့နှလုံးသားကို မီးနဲ့တွေ့တဲ့ဖယောင်းခဲလေးတွေလို နူးညံ့သွားစေမယ့် စာအုပ် (၃) အုပ်

ဒီစာအုပ်လေးတွေ ဖတ်ကြည့်လိုက်ရင် ဖြူစင်တဲ့အချစ်နဲ့ မွန်မြတ်တဲ့စိတ်က အရာရာကို အောင်မြင်စေပါတယ်ဆိုတာ ပြန်ပြီး အယုံအကြည်ရှိသွားစေရမယ်လို့ အက်ဒမင်အာမခံပါတယ်

ယောင်းတို့ရေ အက်ဒမင်က အင်္ဂလိပ်စာသင်ချင်ရင် စာအုပ်တွေဘယ်လိုဖတ်ရမယ်ဆိုတာ ခဏခဏပြောနေတာ၊ ဒီတစ်ပတ်တော့ စာစဖတ်ချင်တဲ့ယောင်းတို့အတွက် ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ လွယ်လွယ်ကူကူ ဖတ်လို့ရတဲ့ စာအုပ်လေးတွေအကြောင်း စာမြည်းပေးမယ်နော်။ အက်ဒမင်ပြောပြပေးမှာက Eva Ibbotson ဆိုတဲ့ နာမည်ကြီး စာရေးဆရာမကြီးရဲ့ လူကြီးတွေပါကြိုက်ရတဲ့ ကလေးစာအုပ်လေးတွေအကြောင်းပါ။

1) Island of the Aunts

အန်တီကြီးတွေနေတဲ့ကျွန်း၊ အဲ့ဒီကျွန်းက အန်တီကြီးတွေက အသက်တွေကြီးလာပြီဆိုတော့ အလုပ်တွေလုပ်ရတာ ပင်ပန်းလို့ သူတို့အလုပ်တွေဝိုင်းလုပ်ပေးမယ့် ကလေးတွေကိုရှာကြတာပါ။ အဲ့မှာ Minette ဆိုတဲ့ အဖေနဲ့အမေကွဲနေတဲ့ ကောင်မလေးရယ်၊ သူ့ပထွေးပို့တဲ့ စည်းကမ်းကြီးကြီး ကျောင်းနေကျောင်းစားကျောင်းမှာ သွားမနေချင်တဲ့ Fabio ဆိုတဲ့ကောင်လေးနဲ့၊ အိမ်မှာအရမ်း အလိုလိုက်ခံရတဲ့ Lambert ဆိုတဲ့ကောင်လေးတို့ကို ခိုးလာကြပါရော။ နောက်တော့ကလေးတွေကို သူတို့လုပ်နေကျအလုပ်တွေ လုပ်ခိုင်းတာပေါ့။ အစကတော့ ကလေးတွေက ပင်ပန်းလွန်းလို့ ထွက်တောင်ပြေးချင်ကြတာ။ နောက်ကျမှ ကလေးတွေသိလာတာက အန်တီကြီးတွေရဲ့ကျွန်းပေါ်မှာ သူတို့တွေပုံပြင်စာအုပ်တွေမှာပဲ ဖတ်ဖူးပြီး အပြင်လောကမှာ ရှိလိမ့်မယ်လို့ တစ်ခါမှမစဉ်းစားဖူးတဲ့ သတ္တဝါတွေရှိနေကြတာပါပဲ။ နောက်ကျတော့ အန်တီကြီးတွေဟာ ကလေးတွေရဲ့အကူအညီနဲ့ ကျွန်းပေါ်ကထူးခြားတဲ့သတ္တဝါလေးတွေကို ဘယ်လိုကူညီကြမလဲဆိုတာ ယောင်းတို့ကိုယ်တိုင်ပဲဆက်ဖတ်ကြည့်ကြပါနော်။

Related Article >>> စာအုပ်တွေဖတ်ရုံနဲ့လည်း အင်္ဂလိပ်စကားပြောလေ့ကျင့်လို့ရတယ်ဆိုတာ ယောင်းတို့သိပါသလား။

2) Not Just a Witch

သာမာန်စုန်းမတွေနဲ့မတူဘူးတဲ့။ ဘယ်လိုမတူတာလဲဆိုတော့… Heckie ကတော့ တိရစ္ဆာန်တွေနဲ့စကားပြောနိုင်ပြီး၊ လူတွေနဲ့ အရာဝတ္ထုတွေကို တိရစ္ဆာန်အသွင်ပြောင်းနိုင်တဲ့ အစွမ်းရှိတဲ့ စုန်းမတစ်ယောက်ပါ။ သူ့သူငယ်ချင်း Dora ကတော့ အရာအားလုံးကို ကျောက်တုံးတွေအဖြစ်ပြောင်းပစ်နိုင်တဲ့ စုန်းမပါ။ သူတို့နှစ်ယောက်ဟာ ကျောင်းဆင်းပွဲမှာ ကတောက်ကဆဖြစ်ပြီး ကွဲသွားကြပါတယ်။ နောက်ကျ Heckie နေတဲ့ ရွာကလေးကို Dora ရောက်လာပြီး သူငယ်ချင်းအချင်းချင်း အဆင်ပြေအောင်ကြိုးပမ်းပါတော့တယ်။ ဒါပေမယ့် Heckie မှာ ချစ်ရမယ့်လူရှိနှင့်နေပြီး အဲ့လူက အင်မတန်စိတ်ထားမကောင်းတဲ့ လူယုတ်မာတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့… Heckie နဲ့ Dora တို့နှစ်ယောက် Daniel ဆိုတဲ့ ကလေးလေးအကူအညီနဲ့ သူတို့ရဲ့ သူငယ်ချင်းသံယောဇာဉ်ကို ဘယ်လိုပြန်ဆက်ကြမလဲ ဖတ်ကြည့်လိုက်နော်။

Related Article >>> အင်္ဂလိပ်စာလေ့လာချင်တဲ့ယောင်းတို့အတွက် ဖတ်ချင်စရာစာအုပ်ကောင်းလေးတွေ

3) Dial a Ghost

သရဲတစ်ကောင်လောက်ခေါ်ချင် ဖုန်းတစ်ချက်သာဆက်လိုက်ပါတဲ့။ ယောင်းတို့ဆို ဆက်မလားဟင်။ အက်ဒမင်ကတော့ဆက်မိမလားမသိ အဟိ။ Wilkinson မိသားစုဟာ သရဲတွေဖြစ်နေတာ ကြာလှပါပြီတဲ့။ သူတို့ဟာ ဗုံးဒဏ်ကြောင့် မိသားစုလိုက် သရဲတွေဖြစ်သွားကြပေမယ့် မေမေ Wilkinson ရဲ့ညီမလေး ရှက်တတ်တဲ့ Trixie ကလေးကိုတော့ ရှာလို့မတွေ့ဘူးတဲ့ကွယ်။ သူတို့မိသားစုဟာ မိဘမဲ့သရဲမကလေး Adopta ကို မွေးစားပြီး ရေကြည်ရာမြက်နုရာ လန်ဒန်ကိုတက်လာတဲ့အခါမှာတော့ နေစရာမရှိတဲ့ ဒုက္ခနဲ့တွေ့ကြရပါရောလား။ Oliver ဆိုတဲ့ကလေးလေးကတော့ မိဘတွေဆုံးပါးပြီးတဲ့အခါ ယုတ်မာတဲ့ဆွေမျိုးတွေက သူ့အမွေတွေလိုချင်လို့ သူ့ကိုရဲတိုက်ကြီးထဲမှာ တစ်ယောက်တည်းထားထားလို့ ကြောက်ကြောက်လန့်လန့် အားငယ်စွာနေနေရတဲ့ကလေးလေးပါ။ Oliver ရဲ့ ယုတ်မာတဲ့ ဆွေမျိုးတွေဟာ Oliver ကလေး လန့်ပြီးသေအောင်လို့ သရဲတွေကို နေစရာရှာပေးတဲ့ ရုံးကိုဖုန်းဆက်၊ အခြောက်ကြမ်းတဲ့ သရဲတွေကို Oliver လေးဆီ လွှတ်ပေးရာကနေ အမှားအယွင်းဖြစ်ပြီး Wilkinson မိသားစုက Oliver လေးဆီရောက်သွားရာကနေ ဇာတ်လမ်းစတာပေါ့ကွယ်။ မေမေ Wilkinson က သူ့ညီမလေးကို ပြန်တွေ့နိုင်မလား Adopta လေးနဲ့ Wilkinson မိသားစုဟာ သနားစရာ Oliver လေးကို ဘယ်လိုကူညီကြမလဲဆိုတာကတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတာမို့ ယောင်းတို့ ဖတ်ဖြစ်အောင်ဖတ်ကြည့်လိုက်ပါ။

ဒီစာအုပ်လေးတွေဟာ ကလေးလေးတွေဖတ်ဖို့ရေးထားတာမို့ ကလေးတွေသိသင့်တဲ့ ဖြူစင်တဲ့အချစ်အကြောင်း၊ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တဲ့အကြောင်း၊ စည်းလုံးခြင်းနဲ့၊ ဖြူစင်တဲ့နှလုံးသားဟာ အရာရာကို အောင်မြင်စေကြောင်း သတင်းစကားပေးထားတာပါ။ ရေးထားတဲ့ အင်္ဂလိပ်စာကလဲ အရမ်းမခက်သလို၊ အရမ်းလဲ ကလေးမဆန်တာကြောင့် မေမေယောင်းတို့ကလဲ သားသားမီးမီးတို့ကို ဖတ်ပြနိုင်သလို၊ ကိုယ်တိုင်ဖတ်ချင်တဲ့ယောင်းတို့အတွက်လဲ အပန်းလဲပြေ၊ အင်္ဂလိပ်စာလဲတိုးတက်စေမှာမို့ ဆရာမကြီး Iva Ebbotson ရဲ့ စာအုပ်လေးတွေကို စမ်းဖတ်ကြည့်ကြစို့နော်။

Khine (For Her Myanmar)

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *