FUN

ရုပ်ရှင်မကြည့်ခင်ဒါတွေဖတ်ပါ

 

၂၀၁၈အတွက် မထွက်ခင်ကတည်းက သတင်းမွှေးနေတဲ့ ရုပ်ရှင်တွေကို ရုံမတင်ခင် စာအုပ်အနေနဲ့ ခံစားကြရအောင်။

ယောင်းတို့ရေ Me Before You တို့ The Fault In Our Stars တို့လို အရမ်းကောင်းတဲ့ ဇာတ်ကားလေးတွေက ဇာတ်ကားအနေနဲ့ နာမည်မကြီးခင် စာအုပ်ဘဝနဲ့ အရင်နာမည်ကြီးခဲ့တာ ယောင်းတို့သိမှာပါ။ အခုလဲ ၂၀၁၈မှာ နာမည်ကြီးလာမယ့် ဇာတ်ကားလေးတွေ မထွက်ခင်မှာ သူတို့ရဲ့ဝတ္ထုလေးတွေကို အက်ဒမင်တို့တူတူ ကြိုဖတ်ကြည့်ထားရအောင်လား။

Related article >>> ဒီရုပ်ရှင်တွေ ကြည့်ပြီးပြီလား?

A Wrinkle in Time by Madeleine L’Engle

ဒါလေးကတော့ ဝတ္ထုပေါ့ကွယ်

အမှန်အတိုင်း ဝန်ခံရရင် အခုပြောပြမယ့် စာအုပ်သုံးအုပ်ထဲမှာ အက်ဒမင် တကယ်ဖတ်ပြီးတာ ဒီတစ်အုပ်ပဲ ရှိသေးတာပါလို့။ အရမ်းကြိုက်တဲ့ ဝတ္ထုမို့ သူ့ကိုပြန်ရိုက်မယ့် ရုပ်ရှင်ကတော့ ရုပ်ရှင်မကြိုက်တဲ့ အက်ဒမင်တောင် အရမ်းမျှော်နေရတာ။ မင်းသမီးတွေကလဲ ကြည့်ဦးလေ။ Oprah Winfrey တဲ့ Reese Witherspoon တဲ့ Mindy Kaling တဲ့။ နောက်ပြီး ကလေးတွေရဲ့ အဖေနေရာက မင်းသားကျတော့ကော… Chris Pine တဲ့ယောင်းရေ။

ဒါက အက်ဒ်မင်စောင့်နေတဲ့ ရုပ်ရှင်

ဒီဇာတ်လမ်းက အသက်၁၂နှစ်အရွယ် Meg Murry ကလေးရဲ့အဖေ ရုတ်တရက်ပျောက်သွားရာကနေ ကမ္ဘာကြီးအပေါ်ကျရောက်လာမယ့် အန္တရာယ်ကြီးတစ်ခုကို ရှိနေမှန်း သိလာရပါတယ်။ ဒီအန္တရာယ်ကြီးကို ဖြေရှင်းပေးရမှာကတော့ Meg ကလေးပါပဲ။ Meg ရယ် သူ့ရဲ့မောင်လေး သိပ်ဥာဏ်ကောင်းတဲ့ Charles Wallace ရယ်၊ သူတို့သူငယ်ချင်း Calvin ရယ်က ထူးထူးဆန်းဆန်း အဒေါ်ကြီးသုံးယောက် Mrs. Whatsit၊ Mrs. Who နဲ့ Mrs. Which တို့ရဲ့အကူအညီနဲ့ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲ ဖတ်ရမှာပါ။ ၁၉၆၂ ခုနှစ်တည်းက စာအုပ်ပေမဲ့ ခုထိခေတ်မီနေဆဲဆိုတာလဲ တွေ့ရမှာပါ။ ရုပ်ရှင်ကတော့ ၂၀၁၈ မတ်လထဲ ထွက်မှာပါတဲ့။

Crazy Rich Asians by Kevin Kwan

crazy rich Asians

ဒါလေးကတော့ နည်းနည်းလေးမြည်းဖူးတယ် ဆိုပေမဲ့ အက်ဒမင်ဖတ်နေကျ ပုံစံမျိုးမဟုတ်တဲ့အတွက် ပြီးတဲ့ထိမရောက်ဘူး။ ဇာတ်လမ်းကတော့ နယူးယောက်သူ Rachel Chu တစ်ယောက် သူ့ချစ်သူ Nicholas Young ရဲ့ မိသားစုရှိရာ စင်ကာပူမှာ အားလပ်လိုက်ကို ကုန်ဆုံးဖို့ လိုက်သွားရကစတယ်။ Rachel တစ်ယောက်မသိတာက Nicholas က ဘယ်လောက်တောင် ချမ်းသာသလဲဆိုတာပဲ။ သူတို့အိမ်ကြီးဆို နန်းတော်ကြီးတမျှ၊ ကိုယ်ပိုင်လေယာဉ်ကလဲရှိသေး၊ နောက်ပြီး ကိုနစ်ကလတ်စ်ဆိုတာက စင်ကာပူနိုင်ငံရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် သူဌေးသားလူပျိုလေး ဖြစ်နေတာပါလား။

ရုပ်ရှင်ပေါ့လေ ဒါကတော့

Rachel ခမျာမှာ အပန်းဖြေခရီးဆိုပြီး ထွက်လာလိုက်တာ။ Nicholas အမျိုးတွေရဲ့ ပစိပစပ်များပြီး စပ်စုတတ်တာက တစ်မျိုး၊ ကျိကျိတက်ချမ်းသာပြီးသား သူတို့မိသားစုတွေ ပိုက်ဆံမက်ပြီး တအုပ်အုပ်ဖြစ်ကြတာက တစ်ဖုံနဲ့မို့ ဒီဇာတ်လမ်းတွေနဲ့ Rachel ဘယ်လိုနှစ်ပါးသွားမလဲကတော့ စာအုပ်ထဲမှာသာဖတ် (ရုပ်ရှင်ထွက်တော့လဲကြည့်ပေါ့)။ ဒီကားကတော့ ၂၀၁၈ သြဂုတ်မှာ ထွက်မှာပါ။

Fifty Shades Freed by E.L. James

မပြောလည်း သိပြီးသားနေမှာပါ အဟီး

ဟဲဟဲ ဒါကတော့ အထူးတလည် မိတ်ဆက်ပေးနေစရာ မလိုတော့ဘူး ထင်ပါတယ်နော်။ သိတယ်ဟုတ် Fifty Fades လေ။  Christian နဲ့ Ana တို့က Fifty Shade Trilogy ရဲ့ နောက်ဆုံးစာအုပ်ဖြစ်တဲ့ ဒီစာအုပ်ထဲမှာတော့ လက်ထပ်ပြီးသွားပါပြီ။ အူကြောင်ကြောင် ကျောင်းသူလေးဘဝကနေ အချစ်ရော၊ ပိုက်ဆံရော အားလုံးပြည့်စုံသွားတဲ့အခါ Ana ဘဝကြီး ပြောင်းလဲသွားပြီလို့ ပြောလို့ရပါ့မလား။ ဒါကတော့ စာအုပ်ထဲမှာ ဖတ်ကြည့်ကြပေါ့နော်။ စာအုပ်ဆိုတာမျိုးက ရုပ်ရှင်ထက် ဇာတ်လမ်းဇာတ်ကွက်တွေကို ပိုပြီးကွင်းကွင်းကွက်ကွက် ပြလို့ကောင်းသမို့ အက်ဒမင် သတိတော့ပေးတယ်နော်။ စိတ်ခိုင်မှဖတ် ဟီး။

<3

သြော် ဒီကားကတော့ ဖေဖော်ဝါရီ ၁၄ရက် ထွက်မှာတဲ့ယောင်းရေ။ ထုံးစံအတိုင်း ဗယ်လင်တိုင်းဒေးအမီပေါ့။

Related article >>> ယောင်းတို့အတွက် ရသစုံစာအုပ်ညွှန်းတမ်း

ကဲ အခုတော့ ကြိုဖတ်ပြီးသွားပြီဆိုတော့ သူငယ်ချင်းတွေက ဒီကားလေးတွေ ကောင်းလိုက်တာပြောရင် ဆရာကြီးစတိုင်နဲ့ ရုပ်ရှင်က ဘာဟုတ်သေးလဲ၊ စာအုပ်ထဲမှာမှ ဘယ်အခန်းကဘယ်လို ပိုကောင်းတာဆိုပြီး ခပ်တည်တည်ပြောလို့ရပြီပေါ့ (အက်ဒမင်လုပ်နေကျ ဟဲဟဲ)။ နောက်ပြီး ကိုယ်က ဝတ္ထုဖတ်ထားတာဆိုတော့ ရုပ်ရှင်ကြည့်ရင် ပိုအရသာရှိတယ်လေ။ ဝတ္ထုနဲ့ရုပ်ရှင် ဘာတွေတူလဲ၊ ဘယ်နေရာတွေကွဲလဲ လိုက်ကြည့်ရတာလဲ ပျော်စရာတစ်ခု။ ရုပ်ရှင်က နည်းနည်းလေးလိုနေတော့လဲ မချင့်မရဲဖြစ်ရတာ ဝတ္ထုကြိုဖတ်ထားသူတွေတိုင်းရဲ့ တူညီတဲ့ခံစားချက်။

ယောင်းတို့တွေလဲ အက်ဒမင်နဲ့တူတူ ဝတ္ထုလေးတွေလိုက်ဖတ်ပြီးလို့ ရုပ်ရှင်တွေထွက်လာတဲ့အခါ ဘယ်နေရာတွေကြိုက်သလဲ လာဆွေးနွေးကြပါဦးနော်။

Khine (For Her Myanmar)

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *